
နိုဝင်ဘာ ၃ ရက် သက်တမ်းလယ်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို ဆက်ထိန်းနိုင်ရင် အရွယ်ရောက် အမေရိကန်နိုင်ငံသားတိုင်းကို အမေရိကန်ဒေါ်လာ ၅,၀၀၀ စီ ပေးမယ်လို့ သမ္မတ ဒေါ်နယ် ထရမ့်ပ်က မဲဆွယ်လိုက်ပါတယ်။
မဲစာရွက်ပေါ် သူ့နာမည်ပါသလို သဘောထားပြီး ရီပတ်ဘလီကန်ပါတီကို မဲပေးကြဖို့လည်း ထရမ့်ပ် က တိုက်တွန်းလိုက်ပါတယ်။
ထရမ့်ပ်က စက်တင်ဘာ ၉ ရက် တက္ကဆက်ပြည်နယ် ဒါးလတ်စ်မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလီကန်ပါတီရဲ့ ပထမဆုံး သက်တမ်းလယ်ရွေးကောက်ပွဲညီလာခံမှာ ဒီကတိကို ပြောခဲ့တာ ဖြစ်ပါတယ်။
“ရီပတ်ဘလီကန်တွေ အောက်လွှတ်တော်နဲ့ အမေရိကန် အထက်လွှတ်တော် နှစ်ရပ်စလုံးကို နိုင်ရင် အမေရိကန်နိုင်ငံက အရွယ်ရောက်နိုင်ငံသားတိုင်းကို အမေရိကန်ဒေါ်လာ ၅,၀၀၀ စီ ပေးမယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
ဒါ့အပြင် ဒီငွေကို အမေရိကန်နိုင်ငံထဲမှာပဲ သုံးစွဲရမယ်ဆိုတဲ့ သတ်မှတ်ချက်တခု ရှိမယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ ငွေဘယ်ကရမလဲ၊ ဘယ်လိုပေးမလဲဆိုတဲ့ အသေးစိတ်အစီအစဉ်ကိုတော့ ထရမ့်ပ်က မပြောသေးပါဘူး။
အမေရိကန်မှာ အရွယ်ရောက်သူ သန်း ၂၇၀ လောက်ရှိတဲ့အတွက် ဒီအစီအစဉ်ဟာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၅ ထရီလီယံခန့် ကုန်ကျနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ထရမ့်ပ်က သမ္မတအာဏာရပါတီဟာ သက်တမ်းလယ်ရွေးကောက်ပွဲတွေမှာ လွှတ်တော်နေရာတွေ ဆုံးရှုံးလေ့ရှိပါတယ်။ လက်ရှိ ရီပတ်ဘလီကန်ပါတီက လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်ထားပေမဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ အနည်းဆုံး လွှတ်တော်တရပ် ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
Source:Reuters











