DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်ရှိ စခန်း ၆ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပြိုင်တည်း စွန့်ခွာထွက်ပြေး 
DVB
·
July 15, 2024
မတ္တရာမြို့နယ်ရှိ စခန်း ၆ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပြိုင်တည်း စွန့်ခွာထွက်ပြေး 
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စခန်း ၆ ခုမှာ တပ်စွဲထားတဲ့ လက်ကျန် စစ်ကောင်စီတပ်သားတွေ စခန်းတွေကို တပြိုင်တည်း စွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်၊ ကျောက်တံတား၊ ၅ လုံးမျှော်၊ လက်ဝဲကြီးသင်္ချိုင်း၊ တောင်ကန်၊ ဖိုးချင်းတောင်-ဇီးကွက် ၂ ကောင်၊ ထုံးဖိုရွာ စတဲ့အရပ်ဒေသ ၆ ခုမှာ အခြေစိုက်ထားတဲ့ လက်ကျန် စစ်ကောင်စီတပ်သားတွေဟာ စခန်းတွေကို ဇူလိုင် ၁၄ ရက်မှာ တပြိုင်တည်း စွန့်ခွာ ထွက်ပြေးခဲ့ကြတာပါ။

စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်သားတွေဟာ ကျောက်တံတားနဲ့ မတ္တရာမြို့အကြား မိုးကုတ်-မတ္တရာ-မန္တလေး လမ်းမကြီးပေါ်၊ ကျောက်တံတားလမ်းဆုံ၊ မြကန်သာအရပ်နဲ့ Alpha ဘိလပ်မြေစက်ရုံအနီး ကွန်ကရစ်လမ်းဆုံတွေမှာ ပြန်လည်စုဝေး အထိုင်ချနေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဇွန် ၂၅ ရက်ကနေ လက်ရှိအချိန်အထိ မတ္တရာမြို့နယ်ထဲမှာ PDF ပူးပေါင်းအဖွဲ့တွေက အချိန် ၂ ပတ်ကျော်အတွင်း စစ်ကောင်စီတပ်စခန်း ၂၆ ခုအထိ ဆက်တိုက်သိမ်းယူခဲ့ပြီးနောက် လက်ကျန် စစ်ကောင်စီတပ်သားတွေဟာ အခုလို စခန်းစွန့်ခွာ ထွက်ပြေးတာ၊ ပူးပေါင်းတာတွေ ဖြစ်လာခဲ့တာပါ။

မတ္တရာ PDF တာရှိသူ ဦးတိုးက “ကျောက်တံတားရဲစခန်းက‌  (--)တွေ အကုန်ပြေးပြီဗျ။ ၅ လုံးမျှော် ဘုန်းကြီးကျောင်းမှာ ထိုင်ထားတဲ့ စကစတွေလည်း ပြေးပြီ။ လက်ဝဲကြီးသင်္ချိုင်းရဲ့ မြောက်ဘက်ထိပ် တောင်ဘက်ထိပ်မှာ ကာကင်းယူထားတဲ့ စကစတွေ ပြေးတယ်။ နောက်တခါ တောင်ကန်မှာ အစုလိုက်အပြုံလိုက် အခြေချထားတဲ့ စကစတွေ အကုန်ပြေးတယ်။ မတ္တရာအရှေ့ခြမ်း ကင်းရွာတောင်ဘက် ဖိုးချင်းတောင် ဇီးကွက် ၂ ကောင်လို့ ခေါ်တယ်၊ အဲဒီမှာထိုင်ထားတဲ့ စကစတွေရော ထုံးဖိုရွာ ဘုန်းကြီးကျောင်းထဲမှာ အခြေပြုထားတဲ့ စကစတွေရော Alpha ဘိလပ်မြေစက်ရုံထဲမှာ အခြေပြုထားတဲ့ စကစတွေရော အကုန်ပြေးတယ်ဗျာ။ မိုးကုတ်-မတ္တရာ-မန္တလေး ကားလမ်းမကြီးပေါ်ကို ပြေးတာ။ အခုလက်ရှိ ရှိနေတာက ပုသိမ်ကြီးမြို့နယ် မြောက်ဘက်ထိပ် မြကန်သာ၊ မတ္တရာမြို့နယ် ဝသုန္ဒရရွာ မျက်နှာချင်းဆိုင် အဲဒီမှာ အခြေပြုထားတယ်။ ကျောက်တံတားနဲ့ မတ္တရာကြားမှာရှိတဲ့ ကားလမ်းမကြီးပေါ်မှာ အခြေပြုထားတယ်။ အဲ့ကြားထဲမှာ ကန်ဖြူတို့ တံတားဖြူတို့ ဘိုကုန်းရွာ၊ ကျောက်တံတားလမ်းဆုံ၊ မြကန်သာမြောက်ဘက် ကွန်ကရစ်လမ်းဆုံပေါ့ အဲဒီမှာ အခြေပြုထားတာရှိတယ်။ ဒီစကစတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျရှုံးပြီးတော့ ပြေးရတာပါ” လို့ ပေြာပါတယ်။

စစ်ကောင်စီတပ်သားတွေ စခန်းတွေကို စွန့်ခွာထွက်ပြေးကြရပေမဲ့ ဇူလိုင် ၁၄ ရက် တရက်တည်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ရှိခဲ့ပြီး ကျောက်တံတား၊ ဘိုကုန်း၊ ထုံးဖို၊ Alpha ဘိလပ်မြေစက်ရုံ ကွန်ကရစ်လမ်းဝန်းကျင် နေရာတွေကို ဗုံးချပစ်ခတ် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းမှာ မတ္တရာမြို့ပေါ်ကနေ ကျောက်တံတားဘက်ကို Faw ကား ၂ စီးနဲ့ စစ်ကူပေးဖို့ ထွက်လာတာရှိသလို မန္တလေးဘက်ကနေ ပုသိမ်ကြီးမြို့နယ်ဘက် ထွက်လာတဲ့ စစ်ကား ၂၀ ဝန်းကျင် ကြာနီကန်တဝိုက်မှာ သတင်းပျောက်နေပြီး လက်စဖျောက် ကင်းပုန်းချထားတယ်လို့ ဒေသတွင်း PDF တွေက ယူဆနေကြပါတယ်။

၂၀၂၃ အောက်တိုဘာလကုန်မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အလွန်မှာ မြန်မာပြည်တွင်းမှာ မြင်သာတဲ့ စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ တိုင်းနဲ့ပြည်နယ်အဆင့် စစ်ဌာနချုပ် ၅ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက တပြိုင်တည်း ဖိအားပေးနေတာပါ။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “သူတို့ရဲ့ စစ်တိုင်းဌာနချုပ်တွေ အနည်းဆုံး ၄၊ ၅ ခု တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုကို ခံနေရပြီဖြစ်ပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးမြို့ အနီးပတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်တယ်။ ပြင်ဦးလွင်လို နေရာမျိုးကို တိုက်ရိုက် ခြိမ်းခြောက်နိုင်ပြီ။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနား၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိတဲ့ မုံရွာမှာဆိုရင်လည်း ကျနော်တို့ PDF တွေက လိုအပ်ရင် လိုအပ်သလို တိုက်ပွဲဖော်ဆောင်နိုင်တယ် ဖြစ်နေပြီ။ အနောက်ပိုင်းမှာ ဆိုရင်လည်း အမ်းမှာရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးအင်အားစုဖြစ်တဲ့ AA က ဖြတ်တောက်ထားနိုင်ပြီ ဖြစ်တယ်။ ဒီအချိန်ဟာ မြန်မာ့စစ်တပ်သမိုင်းမှာ အဆိုးဆုံး ခြိမ်းခြောက်မှုခံနေရတဲ့ အနေအထားတရပ်ကို ရောက်ရှိနေပြီ။ ရှမ်း-မန်းစစ်ဆင်ရေးက ဒီအခြေအနေရောက်အောင် အားတွန်းပေးတဲ့ နောက်ထပ်စစ်ဆင်ရေးတခု ဖြစ်ပါတယ်။ ဒီလိုစစ်ဆင်ရေးတွေ တလှိုင်းပြီးတလှိုင်း လာခြင်းအားဖြင့် စစ်ကောင်စီစစ်တပ်တွေ ကျရှုံးတဲ့အချိန် အမြန်ဆုံးရောက်တော့မယ်လို့ ခန့်မှန်းပြောကြားလို့ ရပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးဟာ ၁၀၂၇ အပိုင်း ၂ ကို နောက်ဆုံးလှိုင်း-အိမ်ပြန်မယ့်လှိုင်း ဆိုပြီး ကြွေးကြော်ထားသလို ရည်ရွယ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ရရှိအောင် တဆင့်ပြီးတဆင့် စနစ်တကျ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်း-မန်းနယ်စပ် နောင်ချိုမြို့ကို သိမ်းယူရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးလည်း ပူးပေါင်းပါဝင်ခဲ့ပြီး ရှမ်း-မန်းနယ်စပ် မိုးကုတ်မြို့တိုက်ပွဲနဲ့ ပြင်ဦးလွင်မြို့အနီး တိုက်ပွဲတွေမှာလည်း မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013