DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် ရဲ ၁ ဦး ပစ်သတ်ခံရ၊ ပခန်းငယ်ရဲကင်းက စစ်သားနှင့်ရဲများ ထွက်ပြေး
DVB
·
July 14, 2024
မြင်းခြံတွင် ရဲ ၁ ဦး ပစ်သတ်ခံရ၊ ပခန်းငယ်ရဲကင်းက စစ်သားနှင့်ရဲများ ထွက်ပြေး
1 / 2
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းက ရဲ ၁ ယောက်ကို ပစ်ခတ်တိုက်ခိုက်လို့ သေဆုံးသွားပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့သလို မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲကင်းစခန်းက စစ်သားတွေနဲ့ ရဲတွေဟာ စခန်းစွန့်ခွာထွက်ပြေးသွား​ကြတယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းက ရဲ ၁ ယောက်ကို ဇူလိုင် ၁၂ ရက်နေ့၊ ညနေ ၃ နာရီခွဲဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးသွားပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့-မြင်းခြံ ဆီကနေ သိရပါတယ်။

တပ်ဖွဲ့ တာဝန်ရှိသူတယောက်က “ဒီကောင် မြင်းခြံကိုသွားတယ်ဆိုတာ သတင်းရလို့ လမ်းကနေ စောင့်ဖမ်းခဲ့တာပါ။ ဖမ်းမိတဲ့အချိန် သူ့မှာပါလာတဲ့ သေနတ်နဲ့ပြန်ခုခံခဲ့လို့ ပစ်ခတ်လိုက်ရတာ။ နေရာမှာတင်ဆုံးသွားတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရသူဟာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ရဲ့ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းက ရဲတပ်သား ညီညီထွန်း ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

ကုက္ကဲကျေးရွာဒေသခံတယောက်က “အဲဒီနေ့ညက ကုက္ကဲရဲစခန်းထဲကနေ ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့တာတွေရှိတယ်။ ထိခိုက်မှုတစုံတရာတော့ မရှိပါဘူး” လို့ ပြောပြပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်သား ညီညီထွန်း ဆီကနေ G3 သေနတ် ၁ လက်၊ 7.62 ကျည် ၄၃ တောင့်နဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့​ပြီး ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံက တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲကင်းစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက စခန်းစွန့်ခွာထွက်ပြေးသွား​ကြတယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ဟုတ်တယ်ဗျ။ ဒီကောင်တွေ သူတို့စခန်းကနေ ထွက်ပြေးသွားကြတာ ၃၊ ၄ ရက်ရှိပြီ။ တယောက်မှမကျန်ဘူး။ ပခန်းကြီးရဲစခန်းနဲ့ ခလရ ၂၅၈ တပ်တွေဆီကို သွားပူးပေါင်းကြတယ်လို့ အတွင်းသတင်းပေးတွေဆီကနေ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

အဲဒီရဲကင်းစခန်းမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့၀င်ပူးပေါင်းအင်အား ၂၀ ဝန်းကျင် တပ်စွဲ နေထိုင်သွားကြတယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “စခန်းရဲ့ပတ်ဝန်းကျင်မှာက PDF တွေ ဝိုင်းနေတော့ နယ်မြေစိုးမိုးနိုင်တာ မရှိတော့ဘူးလေ။ စားစရာလည်း မရှိတော့ဘူး။ စစ်ကောင်စီက ရိက္ခာပို့မပေးတော့တာ ကြာလာတော့ ငတ်ပြီးမနေနိုင်တော့တာကြောင့် အခုလို ထွက်ပြေးကြတာပါ။ သူတို့ ထွက်ပြေးတဲ့လမ်းကြောင်းကို ကျနော်တို့ လိုက်ပြီး တိုက်ခိုက်တာ မလုပ်ခဲ့ပါဘူး” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်ထဲက ပခန်းငယ်ရဲကင်းစခန်းဟာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏဝင်ရောက်တိုက်ခိုက်တာခံနေရတဲ့ စစ်ကောင်စီ တပ်စခန်းတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013