DVB Logo
Home
Lead Story
မင်းအောင်လှိုင် မြက်စားမှာလား
DVB
·
July 14, 2024
မင်းအောင်လှိုင် မြက်စားမှာလား
Donate to DVB

သွေးဆာနေတဲ့ ကျားငစဉ်းလဲတကောင်ကို သားသတ်လွတ်သာ စားတော့ရန် နားချပေးဖို့ တရုတ်က သမ္မတဟောင်း သိန်းစိန်ကို တိုက်တွန်းလိုက်တယ်လို့ Channel News Asia မှာ ဖော်ပြတယ်။

ဇွန် ၂၈ ရက်၊ ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ရပ် ချမှတ်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ ရောက်ရှိခဲ့တဲ့ သမ္မတဟောင်း သိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တွေ့ဆုံစဉ် အဲဒီလို တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဆောင်းပါးရှင် Leong Wai Kit က Channel News Asia မှာ ရေးသားခဲ့တယ်။

မင်းအောင်လှိုင် အာဏာစွန့်ရေး နားချပေးဖို့ သိန်းစိန်ကို ဝမ်ယိက တိုက်တွန်းခဲ့ကြောင်း ဆောင်းပါးရှင် Leong Wai Kit ရဲ့ ရေးသားချက်ကို ဘယ်သူကမှ သံသယရှိတယ်လို့ တုံ့ပြန်ကြတာမျိုး မတွေ့ရဘူး။ ဘာလို့လဲဆိုတော့ ဖြစ်နိုင်ခြေရှိတဲ့ တိုက်တွန်းချက်မို့ပါပဲ။

တရုတ်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လမ်းဖွင့်ပေးတဲ့အနေနဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ မင်းအောင်လှိုင်ကို အာဏာစွန့်ခိုင်းတဲ့အကြောင်း၊ ပြီးတော့ တရုတ်နိုင်ငံရဲ့ မြန်မာစစ်တပ်အပေါ် ထောက်ခံအားပေးတဲ့မူကို ပြောင်းလဲမှာမဟုတ်ဘဲ ဗဟိုချုပ်ကိုင်တဲ့ အစိုးရတရပ် အာဏာစွဲကိုင်ဖို့ကို လိုလားတဲ့အကြောင်း ဆောင်းပါးရှင်က ရေးသားထားတယ်။

တရုတ်ကပြောတယ်လို့ဆိုတဲ့ ဆောင်းပါးရှင် Leong Wai Kit ရဲ့ အရေးအသားကို ထပ်ဖွင့်ဆိုရသော် မင်းအောင်လှိုင် အာဏာစွန့်၊ ကြားဖြတ်အစိုးရဖွဲ့စည်းပြီး ရွေးကောက်ပွဲကျင်းပ၊ ရွေးကောက်ပွဲကနေ အနိုင်ရတဲ့ပါတီ အစိုးရသစ်ဖွဲ့စည်း။ ဒီနေရာမှာ ဆောင်းပါးရှင် Leong Wai Kit ထည့်မရေးထားပေမဲ့ တရုတ်က ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံနေဆဲပဲမို့ အရာအားလုံးဟာ ၂၀၀၈ ခြေဥအောက် ပြန်သွားပြီး စစ်တပ်ကလည်း ၂၀၀၈ ခြေဥအောက်ကနေ မြန်မာ့နိုင်ငံရေးကို အပေါ်စီးကနေ အရင်လို ဝင်စွက်ဖက်ပါလို့ ဆိုလိုလိုက်တာလည်း ဖြစ်တယ်။

ထပ်ပြောရရင် မင်းအောင်လှိုင် နေရာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်သူတဦးဦး အစားထိုးဖို့ တရုတ်က အလိုရှိတဲ့ပုံပါ။ တရုတ်ရဲ့ ဆိုလိုရင်းက စစ်ကောင်စီကို ထောက်ခံပေမဲ့ မင်းအောင်လှိုင်ကိုတော့ လက်မခံဘူးလို့လည်း ကောက်ယူနိုင်တယ်။

အဲဒါကတော့ တရုတ်ရဲ့ အရင်ကတည်းက သဘောထားပါပဲ။ မင်းအောင်လှိုင်ကို စားပွဲဝိုင်းပေါ်တက်ဖို့ တရုတ်က အကြိမ်ကြိမ်တိုက်တွန်းခဲ့ပေမဲ့ မင်းအောင်လှိုင်ကတော့ သူသွားချင်တဲ့လမ်းကို တရွေးသားမျှ အတိမ်းမခံ။ ဒေါ်အောင်ဆန်းစုကြည်မပါ၊ NLD မပါ၊ သူ့ရှေ့မှောက် ဒူးထောက်ခစားပြီး သူအသုံးလိုရင် အသက်ဝင်ပေးမယ့် ဒူးထောက်ဂိုဏ်သား နိုင်ငံရေးအစုအဖွဲ့တွေနဲ့သာ ရွေးကောက်ပွဲကျင်းပ။ အဲဒီရွေးကောက်ပွဲကနေ တဆင့် ပြည်သူ့ရွေးကောက်ခံ သမ္မတကြီး မင်းအောင်လှိုင်အဖြစ် ခေါင်းစဉ်တပ်ကာ မသေမချင်း အာဏာသိမ်းထားမယ် ဆိုတာက မင်းအောင်လှိုင်ရဲ့ မဟာရည်မှန်းချက်။

အခုလည်း မင်းအောင်လှိုင်က ရှမ်းမြောက်ဒေသ အပစ်ရပ် ဟိုင်ဂင်သဘောတူညီချက်ကို တဖက်သတ်ချိုးဖောက်ကာ စစ်မီး ပြန်မွှေးခဲ့တာကြောင့် ကချင်နဲ့ ရခိုင်တင်မက ရှမ်းမြောက်နဲ့ မန္တလေးတိုင်းတို့မှာပါ ကျည်ဆန်တွေ ပလူပျံ ဟုန်းဟုန်းတောက်။ ပြီးတော့ ရှမ်းမြောက်နဲ့ မန်းမှာ စစ်တပ်ပဲ စစ်ရှုံးနေပြန်တာကြောင့် တရုတ်က စိတ်ပျက်မယ်ဆိုလည်း စိတ်ပျက်ချင်စရာ။

ပြဿနာက တရုတ် နားချခိုင်းတဲ့ သိန်းစိန်က မင်းအောင်လှိုင်အပေါ်မှာ ဘာဩဇာမှ မရှိခြင်းပါပဲ။ စစ်ကောင်စီပြုလုပ်တဲ့ အခမ်းအနားတချို့မှာ မင်းအောင်လှိုင်က သိန်းစိန်ကို နေရာပေး ကန်တော့တာတွေ ဘာတွေကို တရုတ်မြင်ပြီး မင်းအောင်လှိုင်အပေါ် သိန်းစိန်က အထိုက်အလျောက် ဩဇာရှိမယ်လို့ အထင်ရောက်ခဲ့ပုံပေါ်တယ်။

တကယ်တော့ သိန်းစိန်ဟာ သန်းရွှေခန့်လို့ သမ္မတဖြစ်ခဲ့တဲ့ အချိန်ကတောင် မင်းအောင်လှိုင် အပေါ် ဩဇာရှိသူ မဟုတ်ဘူး။ သိန်းစိန်နဲ့ မင်းအောင်လှိုင်ကြား စီနီယာနဲ့ ဂျူနီယာ ဆက်ဆံရေးထက် ပိုလည်း နည်းနည်းပါပဲ။ လူမြင်ကွင်းမှာ သိန်းစိန်ကို မင်းအောင်လှိုင် ကုန်းကန်တော့တယ် ဆိုတာကလည်း တပ်တွင်းစည်းရုံးရေးအတွက် စီနီယာတွေကို အလေးအမြတ်ထားကြောင်း ထုတ်ပြခြင်းနဲ့ သိန်းစိန်တို့လို စစ်ခေါင်းဆောင်ဟောင်းတွေက သူ့အပေါ် ထောက်ခံကြောင်း အထင်ရောက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ခေါ်အသုံးချ ကန်တော့ခြင်းမျှသာ ဖြစ်တယ်။

ပြောရရင် မင်းအောင်လှိုင်လက်ထဲ ကာချုပ်အာဏာ ထိုးအပ်ခဲ့တဲ့ ဒုတိယအာဏာရှင် သန်းရွှေတောင်မှ မင်းအောင်လှိုင်အပေါ် ဩဇာမရှိနိုင်တော့ပါဘူး။ မင်းအောင်လှိုင် စိတ်ကွက်ရင် နေဝင်းဝဋ်ပြန်လည်ကာ သေခါနီးအချိန်ကျမှ အကျယ်ချုပ်ဘဝ ရောက်သွားနိုင်တာမို့ သန်းရွှေတင်မက သူ့ရဲ့သားသမီးနဲ့ မြေးတွေတောင် ကိုယ့်အခြေအနေကိုယ်သိ အပိုးကျိုးကျိုးနဲ့ နေကြရတာပါ။

ဒါပေမဲ့ သန်းရွှေရဲ့ အရှိန်အဝါက ကြီးနေဆဲမို့ မင်းအောင်လှိုင် ထုတ်သုံးချင်တိုင်း သုံးလို့တော့ မရဘူး။ သန်းရွှေဟာ သူအာဏာရှိစဉ်ကတည်းက လူမြင်ကွင်းရှေ့ သိပ်ထွက်လေ့မရှိသလို အခုလည်း မင်းအောင်လှိုင် ကန်တော့ခံအဖြစ် လူမြင်ကွင်းရှေ့မထွက်တာ မဆန်းဘူး။ မင်းအောင်လှိုင် အပါအဝင် သူ့တပည့် ဗိုလ်ချုပ်ဟောင်းတွေနဲ့ နိုင်ငံခြားသံတမန်တွေ လာတွေ့ရင် အတွေ့ခံပေမဲ့ သူ့ရဲ့သဘောထားနဲ့ လမ်းညွှန်ချက်ပေးတာမျိုး မရှိဘဲ နိုင်ငံရေးနဲ့ ခပ်ကင်းကင်းနေပုံပါ။

ဒါ့ကြောင့် တရုတ်က သိန်းစိန်ကိုသာ ချဉ်းကပ်ပုံရတယ်။ သိန်းစိန်ကလည်း ကြည့်နေ ကြည့်စား ဘဝသာမို့ မင်းအောင်လှိုင် ခံတွင်းမလိုက်မယ့် တရုတ်ရဲ့မှတ်ချက်တွေကို စကားတန်ဆာဆင်မှုတွေနဲ့ မင်းအောင်လှိုင် နားဝင်သက်သာအောင် ပြောပြပါ့မလားလို့တောင် သံသယရှိဖွယ်ရာ။

သေချာတာကတော့ တရုတ်က ဘယ်လိုသဘောထားပဲ ပေးပေး မင်းအောင်လှိုင်ကတော့ သူ့သဘောနဲ့သူ အာဏာစွန့်ဖို့ရာ လမ်းမမြင်ပါဘူး။ မင်းအောင်လှိုင် နေရာမှာ ဆက်ခံမယ့် ဘယ်သူ့ကိုမဆို မင်းအောင်လှိုင် အနေနဲ့ ယုံဝံ့မှာမဟုတ်သလို မင်းအောင်လှိုင် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်အနေနဲ့လည်း အကာအကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

လတ်တလောမှာ မင်းအောင်လှိုင်မွှေးလို့ ရှမ်းမြောက်စစ်ပွဲ ပြန်ဖြစ်လာ၊ သိန်းစိန်ကို ဘေဂျင်းဖိတ်ပြီး မကြာ မင်းအောင်လှိုင်အပေါ် မလိုလားတဲ့ တရုတ်ရဲ့သဘောထား မီဒီယာပလက်ဖောင်းပေါ်တက်၊ ပြီးတော့ ချိုင်းထောက်စိုးဝင်းရဲ့ တရုတ်ခရီးစဉ် ထွက်ပေါ်လာ။ အခု ဇူလိုင်လကုန်မှာလည်း အရေးပေါ်ကာလ ၆ လ သက်တမ်းလည်း ကုန်ဆုံးပြီမို့ ဒီလကုန်မှာ စစ်ကောင်စီ အပြောင်းအလဲ ဘာလုပ်မလဲလို့ နိုင်ငံရေးအကဲခတ်တချို့ကလည်း စောင့်ကြည့်နေကြတယ်။

သေချာတာက ခေါင်းစဉ်တွေ ဘယ်လိုပဲပြောင်းပြောင်း မင်းအောင်လှိုင်ကတော့ သူ သိမ်းပိုက်ထားတဲ့ ခေါင်းပေါင်းကြီးအာဏာကို စွန့်မှာမဟုတ်သလို ဇွတ်တရွတ် ရှေ့တိုးကာ ဆက်လက်မိုက်လုံးကြီးဦးမှာပါပဲ။

ထွန်းလင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013