DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် သံတောင်ကြီးဒေသခံ ၁ ဦးသေ၊ တိုက်ပွဲမရှိဘဲ သိန္နီကို ဗုံးကြဲ
DVB
·
July 13, 2024
လက်နက်ကြီးကြောင့် သံတောင်ကြီးဒေသခံ ၁ ဦးသေ၊ တိုက်ပွဲမရှိဘဲ သိန္နီကို ဗုံးကြဲ
1 / 3
Donate to DVB

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ အရပ်သား ၁ ယောက်သေ၊ ကလေး ၁ ယောက်အပါအဝင် ၃ ယောက် ဒဏ်ရာရပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့မှာလည်း ဇူလိုင် ၁၂ ရက်နေ့ မနက်အစောပိုင်းက တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။

သံတောင်ကြီးမြို့နယ်၊ ကျွန်းတောကုန်းကျေးရွာကို ဇူလိုင် ၁၁ ရက် မနက် ၉ နာရီလောက်က တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့လို့ အမျိုးသား ၁ ယောက် သေဆုံးပြီး သူ့ရဲ့သားဖြစ်သူ မူလတန်းကျောင်းသားကတော့ မျက်စိကို ဗုံးစမှန်လို့ စိုးရိမ်ရတဲ့ ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွန်းတော်ကုန်းရွာခံတယောက်က “တိုက်ပွဲလည်း မရှိဘဲ ရွာထဲကို တမင်သက်သက်ပစ်တာ။  အဲနေ့က လက်နက်ကြီးမှန်တာ သားအဖနှစ်ဦးနဲ့ အခြားအမျိုးသား ၂ ဦး မှန်တာ။ အဖေက ဗိုက်ပွင့်ပြီးတခါတည်း သေသွားတယ်။‌ ကျောင်းတက်နေတဲ့ သူ့ကလေးကလည်း ဘယ်ဘက်မျက်လုံး ဗုံးစမှန်မှန်ပြီး ဒဏ်ရာရသလို သက်ကြီးပိုင်းအမျိုးသား ၂ ယောက်လည်း လက်နဲ့ခြေထောက်မှာ ဒဏ်ရာရတယ်။ ကလေးကတော့ စိုးရိမ်ရလို့ ဆေးရုံ‌တင်ထားရတယ်။ တခြားနှစ်ယောက်ကတော့မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီလက်နက်ကြီးမပစ်ခင် ရက်ပိုင်းအလိုက ကျွန်းတော်ကုန်းရွာကို စစ်ဘေးရှောင်ကူညီရေး အဖွဲ့တွေ လာရောက်ခဲ့တာကြောင့် အဲဒါနဲ့ပတ်သက်ပြီး ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေနဲ့ ဇူလိုင် ၁၀ ရက်နေ့ညပိုင်းက ရွာထဲဝင်လာပြီး  ရှာဖွေစစ်ဆေးခဲ့ကြသေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ ညနေ ၃ နာရီမှာလည်း ရွာထဲကို လက်နက်ကြီး ၄ လုံးထပ်ပစ်ခဲ့ပြီး ထိခိုက်မှုမရှိပေမယ့် ၂၀၂၃ ခုနှစ်က စတင်ဖွင့်လှစ်တဲ့ ကိုယ်ထူကိုယ်ထ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန-KECD မူလတန်းကျောင်းကို ယာယီပိတ်ထားလိုက်ကြောင်း ဒေသခံတယောက်က ပြောပါတယ်။

“စစ်တပ်က လက်နက်ကြီးတွေဆက်တိုက်ပစ်နေတော့ ကျောင်းကို ခဏပိတ်ထားလိုက်ရတယ်။ ရွာကို စစ်ရှောင်ကူညီသူတွေ အဝင်အထွက်ရှိသလို စစ်တပ်ကစောင့်ကြည့်တာတွေရှိတယ်။ ၁၀ ရက်နေ့က စစ်တပ်က အရပ်ဝတ်တွေနဲ့ရွာထဲလာပြီး အိမ်တွေလိုက်စစ်တယ်။ ကြားတာကတော့ ရွာထဲကဒလန် သတင်းပေးလို့ စစ်ရှောင်ကူညီသူတွေရှာတာလို့ သိထားရတယ်ပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့မေ ၂ ရက်နေ့ကလည်း သံတောင်ကြီးမြို့နယ်၊ ပျားစခန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။

သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင်တပ်က သံတောင်အထူးဒေသမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် လူထိခိုက် သေဆုံးတာတွေရှိနေသလို လုပ်ငန်းခွင် ထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ကိုလည်း ဇူလိုင် ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သိန္နီဒေသခံတယောက်က “ဟုတ်တယ်။ သိန္နီမှာ လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ ည သန်းခေါင်ကျော်မှာ။ စာသင်ကျောင်း ထိသွားတယ်” လို့ ပြောပါတယ်။

မနက်အစောပိုင်း ၁ နာရီကျော်က သိန္နီ အမှတ် ၁ အထက်တန်းကျောင်းမှာ ဗုံး ၂ လုံး၊  ကွမ်းလုံသွားလမ်းဘက်က တိုးဂိတ်မှာ ဗုံး ၁ လုံး စုစုပေါင်း လေယာဉ်ဗုံး ၃ လုံးလာကြဲသွားပြီး လူထိခိုက်တာတော့ မရှိဘူးလို့ သူက ပြောပါတယ်။

ကွတ်ခိုင်ဒေသခံတယောက်က “ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့ မနက် ၁ နာရီကျော်လောက်မှာ သိန္နီ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ အဲဒါကြောင့် ဖုန်းကြိုးတွေလည်း ထိသွားလား မသိဘူး။ MPT ဖုန်းလိုင်းလည်း မရတော့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက MNDAA တပ်ဖွဲ့တွေ အဲဒီကျောင်းမှာ ခဏလာနေတာမျိုးရှိခဲ့ပေမယ့် လက်ရှိမှာတော့ အဲဒီကျောင်းမှာ ဘယ်သူမှမရှိတော့ဘူးလို့  ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်မှာတော့ MNDAA နဲ့ TNLA စုဖွဲ့‌ထားတဲ့ အမှတ် ၁ အထက်တန်းကျောင်း၊ ပညာရေးရုံးနေရာကို လေကြောင်းဗုံးကြဲရှင်းလင်းခဲ့တယ်လို့ ရေးသား ဖော်ပြထားပါတယ်။

အခု ဇူလိုင် ၁၃ ရက်ည သန်းခေါင်ကျော်အချိန်မှာလည်း တိုက်ပွဲမရှိပဲ စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စင်းနဲ့ ဗုံး ၂ လုံးစီ သိန္နီရဲစခန်းဘက်ကို ကြဲချသွားခဲ့လို့ ရဲစခန်းအနီးမှာရှိတဲ့ ပြည်သူနေအိမ်ပေါ်ထိမှန်ကာ နေအိမ်ပျက်စီးသွားခဲ့ပြီး လမ်းဘေးတနေရာမှာ ကျကွဲခဲ့တဲ့ ဗုံးကြောင့်တော့ ပြည်သူတွေ ထိခိုက်သေဆုံးတာ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ မနက်အစောပိုင်းကစလို့ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့က လားရှိုးပတ်ပတ်လည်ကို စစ်မျက်နှာ ၄၊ ၅ ခု ဖွင့်ပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013