
ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင်တပ်ရဲ့ စစ်ရေးရည်မှန်းချက်အရ ဗန်းမော်မြို့ဆီ ဦးတည် စစ်ကြောင်း ထိုးနေကာ ရွှေကူမြို့နယ်ဟာ ဗျူဟာမြောက် စစ်မျက်နှာဖြစ်လာနေပြီး KIA ဘက်က ဟန့်တားစစ်ဆင်ရေးတွေ ပြင်းထန်လာနိုင်တာကြောင့် ရွှေကူမြို့ပေါ်က ပြည်သူတွေကို ဘေးလွတ်ရာ ရှောင်တိမ်းဖို့ သတိပေးထားပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ ရွှေကူမြို့နယ်အတွင်းကို ဦးတည်ဝင်ရောက်နေတာကြောင့် အဓိက လမ်းကြောင်းဖြစ်တဲ့ ငအိုး-ရွှေကူ လမ်းမကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၁၂ က ဇွန် ၈ ရက်နေ့မှာ စစ်ရေးအရ သွားလာခွင့်ပိတ်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းကို ရက်အကန့်သတ်မရှိ သွားလာခွင့် ပိတ်ပင်လိုက်ပြီး မြို့နေပြည်သူတွေကိုလည်း တိမ်းရှောင်ကြဖို့ သတိပေးလိုက်တာပါ။
KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က "ငအိုးဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတွေလည်း အချို့ကတော့ ရွှေကူဘက် ဝင်သွားတယ်လို့ ကြားရပါတယ်။ အချို့ကတော့ အဲ့ဒီ ရွှေကူဘက်ကနေတဆင့် ကျနော်တို့ အဲ့ဒီ ဗန်းမော်ဘက်ကို ဆက်ပြီးမတက်ဖို့ သူတို့ရဲ့ စစ်ရေး ရည်မှန်းချက်တွေ ရှိတယ်လို့ ကြားရပါတယ်။ ဒါကြောင့် တိုက်ပွဲကတော့ အချိန်မရွေး နေရာတကာ မှာ ဖြစ်နိုင်တဲ့ အနေအထားရှိနေပါတယ်။ အဲ့ဒါကြောင့် ပြည်သူလူထုကို အသိပေးတဲ့အနေနဲ့ လုံခြုံရေးအတွက် ထုတ်ပြန်ကြေညာချက်ထုတ်တာ ဖြစ်နိုင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
ဒီစစ်ရေးလှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်တပ်က ဗန်းမော်မြို့ကို စစ်ကူပေးဖို့နဲ့ နယ်မြေစိုးမိုးရေး အတွက် ရည်ရွယ်နေကြောင်း သတင်းတွေလည်း ထွက်နေပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရွှေကူမြို့နယ်ကနေတဆင့် စင်ခန်းတံတားကိုဖြတ်ပြီး ဗန်းမော်မြို့နယ်ထဲကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာလို့ စစ်ရေးလေ့လာသူတွေကလည်း သုံးသပ်ကြပါတယ်။
ဒီအချက်ဟာ KIA အတွက်တော့ စစ်ရေးအရ အရေးပါတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာတာကြောင့် ရွှေကူမြို့နယ်အတွင်းမှာတင် အပြတ်အသတ် ဟန့်တားတိုက်ခိုက်မယ့် အလားအလာတွေ ရှိနေကြောင်း စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
“KIA အနေနဲ့ကလည်း ဒီတနည်းပဲရှိတော့မယ်။ ဘာလို့လဲဆိုတော့ ဒီစစ်ကြောင်းတွေသာ ရောက်ပြီး တော့ ရွှေကူတပ်နယ်ကနေ ပေါင်းမယ်ဆိုရင် ကျနော်တို့ ဒီ စင်းခန်းတံတားကျော် ပြီဆိုတာနဲ့ ဗန်းမော်မြို့နယ်ကို ရောက်သွားမှာ။ အဲ့ဒါဆိုရင် ဗန်းမော်တပ်နယ်မှာ အင်အား ၇၀၀ လောက်ရယ် ရွှေကူ တပ်နယ်ထဲကတွေ ထုတ်နုတ်တွေရယ် ပို့လိုက်လိုက်မယ်ဆိုရင် ဗန်းမော်အနေအထား အခင်းအကျင်းကြီးက ပြောင်းသွားနိုင်မယ့် အနေအထားမျိုးရှိတယ်။ ဒါကြောင့်မို့လို့ သူတို့ ရွှေကူ တပ်နယ်ကိုလည်း KIA ဘက်က ဒီစစ်ကြောင်းတွေ မရောက်ခင် အပြင်းအထန် တိုက်တော့မယ့် ပုံစံမျိုးလို့ပဲ မှန်းတာပေါ့နော်။ ဒီထုတ်ပြန်ချက်သာ အတည်ဆိုရင်တော့ အဲဒီလိုမျိုးတော့ ကျနော် ကတော့ မှန်းပါတယ်။”
စစ်အာဏာရှင်တပ်တွေဟာ ငအိုးဘက်ကနေ ထိုးစစ်ဆင်တာကြောင့် မေလ ပထမပတ်ကနေစလို့ လက်ရှိအချိန်ထိ ၁ လဝန်းကျင်ကြာ ထိတွေ့မှုတွေ ခပ်စိပ်စိပ်ဖြစ်နေတာပါ။
လက်ရှိ စစ်ကိုင်း-ကချင်-ရှမ်းကနေ တရုတ်အထိဆက်သွယ်နိုင်ပြီး ဆက်သွယ်ရေးအရ အရေးပါတဲ့ ရွှေကူမြို့နယ်အတွင်းက တိုက်ပွဲအခြေအနေဟာ ဒေသတွင်း နယ်မြေစိုးမိုးမှုထက် ဗန်းမော်မြို့အထိ ကျယ်ပြန့်သွားနိုင်တဲ့ စစ်ရေးရည်မှန်းချက်တွေအပေါ် အခြေခံနေတာပါ။
ဒါကြောင့် ရှေ့တန်းစစ်မျက်နှာဟာ ပိုမိုပြင်းထန်လာဖို့ရှိနေပြီး ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ဘေးအန္တရာယ်ကို ကြိုတင်သတိပြုသင့်တယ်လို့ လေ့လာသူတွေက ထောက်ပြနေကြပါတယ်။
စိုးသူအောင်











