
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာအနီးက စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ ဥယျာဉ်ခြံတခုကို ဇူလိုင် ၂၇ ရက် ဒီနေ့မနက်မှာ စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက ပြောပါတယ်။
ယိုးငူ-ကျောက်ဆိပ်လမ်းပိုင်း ယိုးငူကျေးရွာအနီးရှိ ဥယျာဉ်ခြံတခုကို ဇူလိုင် ၂၇ ရက် မနက် ၆ နာရီဝန်းကျင်မှာ စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ယိုးငူရွာထွက်ဝက စစ်ဘေးရှောင်တွေနေတဲ့ ဥယျာဉ်ခြံတခုကို ဗုံးကြဲတိုက်ခိုက်သွားတာ။ နှစ်ကြိမ်လာပြီး ဗုံး ၄ လုံး ကြဲချသွားတာ။ အထိအခိုက်ကတော့ တဦးဒဏ်ရာရတယ်လို့ ကနဦး သိထားရတယ်။ အသေးစိတ်ကတော့ စိစစ်နေဆဲ ရှိသေးတယ်။ အဲဒီနေရာတွေက စစ်ဘေးရှောင်တွေ အဓိကနေတဲ့ နေရာဆိုတော့ ထိခိုက်ပျက်စီးမှုတွေလည်း ရှိနိုင်တယ်။”
ပြီးခဲ့တဲ မတ်လအတွင်းကလည်း ယိုးငူကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အယောက် ၂၀ သေဆုံးခဲ့ပြီး ၁၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်တပ်ဟာ ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေကို ပစ်မှတ်ထား ဗုံးကြဲနေတာဟာ စစ်မနိုင်လို့ ရှုံးမဲမဲနေတာဖြစ်ပြီး သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့လည်း နောက်ထပ် ပုဏ္ဏားကျွန်းမြို့နယ်က အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
“မနက်မိုးလင်း ရှိသေးတယ် ဗုံးလာကြဲပြီ။ မင်္ဂလာရှိတဲ့ စိတ်ထားဖို့ မရဘူး။ စစ်(--)တွေကြောင့် မနက်မိုးလင်းကတည်းက အမင်္ဂလာစိတ် ထားနေရတယ်။ သူတို့ စစ်ရှုံးတိုင်း ပြည်သူတွေ၊ စစ်ဘေးရှောင်တွေကို ဗုံးကြဲသတ်ဖြတ်တာဟာ သူရဲဘောကြောင်စွာနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်။”
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်က မြို့နယ်တွေကို အခုလအတွင်းမှာ နေ့တိုင်းလိုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်လာနေပါတယ်။










