DVB Logo
Home
မြန်မာသတင်း
ရေဖြူနှင့် ထားဝယ်တွင် စစ်ကောင်စီကားများ ပစ်ခတ်ခံရပြီး စစ်သား ၉ ဦးသေဆုံး
DVB
·
July 12, 2024
ရေဖြူနှင့် ထားဝယ်တွင် စစ်ကောင်စီကားများ ပစ်ခတ်ခံရပြီး စစ်သား ၉ ဦးသေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၉ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ပြောပါတယ်။

ရေဖြူမြို့အခြေစိုက် ခမရ ၄၀၇ က အရပ်ဝတ်နဲ့ စစ်‌ကောင်စီတပ်သားတဦး မောင်းနှင်လာတဲ့ ဟိုက်ဂျက်ကားတစီးကို ရေဖြူမြို့အဝင် ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်မှာ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၃ နာရီလောက်က တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ စစ်သားတဦး သေဆုံးခဲ့ပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ကာ MA3 သေနတ်တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၁၅၀ တောင့်နဲ့ ဖုန်းတလုံး သိမ်းဆည်းရမိခဲ့ပါတယ်။

ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖိုးချောက “ခမရ ၄၀၇ တပ်ရင်းက ထွက်လာတဲ့ စစ်ကားကို ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တာ။ ကားပေါ်မှာပါလာတာက စစ်သားတဦးနဲ့ အမျိုးသမီးတဦးပဲ ပါတယ်။ သူတို့ထွက်လာတဲ့ တပ်ရင်းနားမှာပဲ ပစ်တာ၊ စစ်သားသေပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်။ မောင်းနေတဲ့ကားကို ပစ်ရတဲ့အတွက် ပါလာတဲ့အမျိုးသမီးက ဒဏ်ရာရတာတော့ ရှိတယ်။ အမျိုးသမီးကို တမင်ကို ပြန်လွှတ်ပေးလိုက်သလို ကားလည်း ဒီတိုင်းထားခဲ့ပါတယ်” လို့ ပြောပါတယ်။

ကားပေါ်ပါလာတဲ့ အမျိုးသမီးဟာ စစ်ကောင်စီတပ်ထဲက ဆိုပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာတတ်သလို စစ်တပ်ကရိုင်းသလို လိုက်မရိုင်းတတ်တာနဲ့ အခွင့်အရေးရတိုင်း လူလိုက်မသတ်ဘူး ဆိုတာကို စစ်တပ်က သိစေချင်တဲ့အတွက် အဲဒီအမျိုးသမီးကို လွှတ်ပေးခဲ့တယ်လို့ YPPDF တာဝန်ခံ ကို‌ဖိုးချောက ပြောပါတယ်။

ထားဝယ် မောင်မယ်ရှောင်ကျေးရွာနဲ့ ဇဟာကျေးရွာကြားမှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ Vigo ကားနှစ်စီးကို ဇူလိုင် ၈ ရက် မွန်းတည့် ၁၂ နာရီလောက်က တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့က ထိခိုက်မှုမရှိကြောင်း YPPDF ပြန်ကြားရေးတာဝန်ခံ ကို‌ဖိုးချောက ပြောပါတယ်။

တိုက်ခိုက်မှုနှစ်ခုလုံးကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) တပ်ခွဲ ၁ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။

တနိုင်လုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နေတဲ့အချိန် ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရေဖြူနှင့် ထားဝယ်တွင် စစ်ကောင်စီကားများ ပစ်ခတ်ခံရပြီး စစ်သား ၉ ဦးသေဆုံး