DVB Logo
Home
မြန်မာသတင်း
ကံမ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ၊ ရေဖြူတွင် ရဲတပ်ကြပ် ၁ ဦးကို PDF ဖမ်းဆီး
DVB
·
July 12, 2024
ကံမ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ၊ ရေဖြူတွင် ရဲတပ်ကြပ် ၁ ဦးကို PDF ဖမ်းဆီး
1 / 2
Donate to DVB

မကွေးတိုင်း ကံမမြို့နယ်၊ ကျီးမီးကျေးရွာမှာ ဇူလိုင် ၁၀ ရက် ည ၁၀ ၀န်းကျင်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုမိုးကျော် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ တာ၀န်ခံတဦးက ပြောပါတယ်။

“ပြည်သူတွေရဲ့ တိုင်ကြားမှုအရ သူ့အိမ်ထဲကို ၀င်ဖမ်းတဲ့အချိန် သူက လက်လုပ်သေနတ်နဲ့ ခုခံပစ်ခတ်ခဲ့လို့ ပြန်လည်ပစ်ခတ်ရာက နေရာမှာတင် သေဆုံးသွားခဲ့တာ။”

အုပ်ချုပ်ရေးမှူး ကိုမိုးကျော်ဆီကနေ လက်လုပ် ရှော့ဂန်းသေနတ် ၁ လက်၊ ကျည် ၁ တောင့်၊ ဓား ၁ ချောင်းနဲ့ ဖုန်း ၃ လုံးတို့ သိမ်းဆည်းရရှိခဲ့​တယ်လို့ ဆိုပါတယ်။

ကျီးမီးကျေးရွာဒေသခံတဦးက “အုပ်ချုပ်ရေးမှူး မိုကျော်က ကိုယ့်ရွာသားတွေအပေါ်မှာ မညှာတာဘူး။ ကိုယ့်ရွာသားတွေ ဘာဖြစ်ဖြစ် စစ်တပ်အလိုကျ အမြဲလုပ်ပေးနေတာ။ ရွာသားတွေ ပိုင်တဲ့ ကျွန်းစိုက်ခင်းတွေ သိမ်းပြီး တခြားကို ပြန်ရောင်းတယ်။ အတင်းအဓမ္မ စစ်သား စုဆောင်း တယ်။ အခုနောက်ပိုင်းဆို အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ ကျနော်တို့ ရွာကို တအိမ်ထောင် ၃၀၀၀၀ ကောက်ပြီး စစ်တပ်ကို ထောက်ပံ့ဖို့အထိလုပ်နေတယ်။ စစ်တပ်ကအာဏာသိမ်းကတည်းက သူက အုပ်ချုပ်ရေးမှူးဖြစ်တာ။ အဲဒီကတည်းက ရွာမှာ လောင်းကစား၀ိုင်းတွေ ထောင်ပြီး စစ်တပ်ကို ပံ့ပိုးပေးနေတာ” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ကိုမိုးကျော်ရဲ့ အလောင်းကို စစ်ကောင်စီတပ်သားတွေက နာရေးကားနဲ့ ကံမမြို့ကို သယ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကို အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းနဲ့ ကျောင်းသားလက်ရုံးတပ်တော် - SAF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မြို့မရဲစခန်းက ရဲတပ်ကြပ်တဦးကို သူပါလာတဲ့ ပစ္စည်းတွေနဲ့အတူ PDF တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ဓဝယ်လွတ်မြောက်ရေးတပ်မတော် (DNLA) က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ရေဖြူမြို့မရဲစခန်းက ရဲတပ်ကြပ်တဦးဟာ ဇူလိုင် ၆ ရက် မနက်ပိုင်းက ရေဖြူမြို့ထဲ သွားရောက်တဲ့အချိန်မှာ ဓဝယ်လွတ်မြောက်ရေးတပ်မတော်အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ရဲတပ်ကြပ်နဲ့အတူ ကွန်ပြူတာတလုံး၊ ဖုန်းတလုံး၊ G3 ကျည်ဘောက်တခုနဲ့ ပိုက်ဆံအိတ်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဓဝယ်လွတ်မြောက်ရေးတပ်မတော် (DNLA) တပ်ဖွဲ့ဝင်တဦးက “ရေဖြူမြို့နယ်ထဲမှာပဲ သူ့ကို ဖမ်းဆီးခဲ့တာပါ။ လက်နက်တော့ မပါပေမဲ့ ကွန်ပြူတာတလုံး၊ ဖုန်းတလုံးနဲ့ G3 ကျည်ဘောက်တခုတို့ ပါတယ်။ ကျနော်တို့ စုံစမ်းရသလောက်ကတော့ သူက ရေဖြူမြို့ထဲမှာ တာဝန်ကျတာ ၁၀ နှစ်ကျော်လောက်တော့ ရှိပြီ။ သူက ပြည်သူတွေကိုဖိနှိပ်ဖို့ စစ်တပ်နဲ့ လိုက်ပါဆောင်ရွက်တာတွေ၊၊ ပြည်သူတွေဆီက  မတရား ငွေကောက်ခံတာတွေ  လုပ်ဆောင်နေတဲ့သူလို့ ကျနော်တို့ အကြမ်းဖျင်း သိထားပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ရဲတပ်ကြပ်ကို စစ်ဆေးနေတဲ့ အခြေအနေမှာပဲ ရှိသေးပြီး စစ်ဆေးစုံစမ်းပြီးပါက သက်‌ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေ  လုပ်ဆောင်သွားမယ်လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃  ရက် ညနေ ၃  နာရီကလည်း ရေဖြူမြို့မရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013