DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့တွင်းကို လက်နက်ကြီးကျည်များ ပေါက်ကွဲ၊ ဒေသခံများ ထပ်မံထွက်ပြေးရ
DVB
·
July 11, 2024
ကော့ကရိတ်မြို့တွင်းကို လက်နက်ကြီးကျည်များ ပေါက်ကွဲ၊ ဒေသခံများ ထပ်မံထွက်ပြေးရ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းနဲ့ ဒေါနတောင်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်တွေဟာ ကော့ကရိတ် မြို့တွင်းရပ်ကွက်တွေထဲကို ကျရောက်ပေါက်ကွဲတာကြောင့် ဝင်ရောက်နေထိုင်သူတွေ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးနဲ့  စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဧပြီလကတည်းက ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ ၃ လနီးပါး ကြာမြင့်လာတဲ့အထိ အာရှလမ်းမကြီး အပါအဝင် ဒေါနတောင်ကို မထိုးဖောက်နိုင်‌တဲ့အပြင် KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ထိုးစစ်ကြောင့် ထိခိုက်သေဆုံးသူများပြီး အထိနာနေပါတယ်။

ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီလောက်က စက်ကုန်းရပ်၊ သတိပဋ္ဌာန် ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ရှောင်ပြည်သူတဦးက “မနေ့ကလည်း သတိပဋ္ဌာန်ဘုန်းကြီးကျောင်း (စက်ကုန်း) အနီးမှာ ကျတယ်။ လူတွေထိခိုက်သေဆုံးတာတော့ မကြားဘူး။ အိမ်တွေပေါ်ပါကျတယ်။ အဲဒီဘက်အခြမ်းတွေမှာ အကြီးအကျယ်ကျတယ်။ ကျန်တဲ့သူတွေက အခြေအနေမကောင်းရင် သူတို့ ပြန်ထွက်ကျမယ်ပြောတယ်။ အခြေအနေနားထောင်ပြီး နေနေကြတယ်။ ပြန်လာတာတော့ အများကြီးပြန်လာကြတယ်။ ဘယ်မှာကျလို့ ကျမှန်းမသိ။ ကံတရားဆိုတာ ပြောလို့မရဘူး” လို့ ပြောပါတယ်။

ဧပြီ ၂၇ ရက်က စတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူခဲ့ပါတယ်။

စစ်ဘေးရှောင်ရာမှာ နေထိုင်စားသောက်ရေး ခက်ခဲတာတွေကြောင့် ကော့ကရိတ်မြို့ခံ ပြည်သူတွေဟာ လက်နက်ကြီးပစ်ခတ်နေတဲ့ကြားက နေထိုင်လို့ရသလောက် ကြိတ်မှိတ်ပြီး နေထိုင်သူတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံပြည်သူတဦးက “လက်နက်ကြီးနဲ့ မြို့ထဲကနေ ပစ်ထုတ်တာရှိတယ်။ မြို့ခံတချို့ ထွက်လာဖို့တော့ မပြောကြဘူး။ နေနေကြတယ်။ ကျမတို့နေတဲ့နေရာက နေလို့ဖြစ်တယ်ဆိုပြီး နေနေကြတယ်။ အခက်အခဲတွေက ရှိတာပေါ့။ သူများဆီမှာနေရတာ အဆင်မပြေဘူး။ လက်ထဲမှာ ပိုက်ဆံလည်းမရှိ၊ သူများဆီမှာ ထွက်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ကြိတ်မှိတ်ပြီးနေတာ” လို့ ပြောပါတယ်။

KNLA ပူးပေါင်းစစ်ကြောင်းတွေက မြို့တွင်း ပြန်လည်နေထိုင်တာတွေ မပြုလုပ်ကြဖို့နဲ့ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။

မြို့တွင်းကနေ ပြန်လည်မထွက်ခွာသေးတဲ့ ပြည်သူတွေအနေနဲ့ လူသားဒိုင်းအနေနဲ့ အသုံးချမခံရအောင်၊ မိမိအသက်ကို တန်ဖိုးထားပြီး အမြန်ဆုံးထွက်ခွာဖို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက တိုက်တွန်းထားပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက “နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ နှစ်ဖက် မသင်္ကာမှုဒဏ်ကို ခံရမယ်။ စစ်ကောင်စီကပဲဖြစ်ဖြစ် ဘယ်သူကပဲဖြစ်ဖြစ် ဖောက်ထွင်းခံရ၊ ဖျက်ဆီးခံရတာတွေနဲ့ သူတို့အထင်အမြင်လွဲမှားတာတွေ ခံရမှာဖြစ်တယ်။ အဲဒီအတွက် ဒီလူတွေကို အမြန်ဆုံးထွက်ခွာပေးဖို့ လူသားဒိုင်းအဖြစ် အသုံးချခံခြင်း မပြုရဖို့ မိမိအသက်ကို တန်းဖိုးထားဖို့ အလေးထားဖို့ တိုက်တွန်းလိုတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ အာရှလမ်းမကြီးနဲ့ ဒေါနတောင်အနီးတဝိုက်က ကျေးရွာတွေကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ကင်းထောက်ပျံသန်းပြီး မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတိုက်ခိုက်တာတွေ နေ့တိုင်းလို လုပ်ဆောင်နေပါတယ်။

ဇူလိုင် ၇ ရက် နေ့လယ်က ကော့ကရိတ်မြို့၊ ရွာသစ်ရွာလေးက အိမ်တလုံးပေါ် စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013