DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီးနောက် စိတ်ကျန်းမာရေး ဆိုးဝါးလာပြီး ကူးစက်ရောဂါဖြစ်ပွားနှုန်း မြင့်လာ
DVB
·
July 11, 2024
အာဏာသိမ်းပြီးနောက် စိတ်ကျန်းမာရေး ဆိုးဝါးလာပြီး ကူးစက်ရောဂါဖြစ်ပွားနှုန်း မြင့်လာ
Donate to DVB

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီရဲ့ တားဆီးပိတ်ပင်မှုတွေနဲ့ ကန့်သတ်ထားမှုတွေကြောင့် လိုအပ်တဲ့နေရာတွေဆီ ဆေးဝါးတွေ လုံလောက်အောင် မရရှိနိုင်တဲ့အတွက် လူထုရဲ့စိတ်ကျန်းမာရေး အခြေအနေတွေက ဆိုးဝါးလာပြီး ကူးစက်ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးစနစ် ပြိုလဲပြီး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေလည်း ပျက်စီးခဲ့တယ်လို့ ဇူလိုင် ၁၀ ရက်မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန နဲ့ ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

“၂၀၂၁ ခုနှစ်မှာဆိုရင် မြန်မာနိုင်ငံဟာ ကလေးကာကွယ်ဆေးလုံးဝ တခါမှ မရတဲ့ ကလေးလူဦးရေဟာ ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံး နိုင်ငံဖြစ်လာပါတယ်။ ဒါကတော့ အကြမ်းဖက်စစ်ကောင်စီက ကျမတို့ ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေရဲ့ ထင်ရှားတဲ့ သက်သေသာဓကတွေ ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေလည်း ပိုများလာပြီတော့ ကူးစက်ရောဖြစ်ပွားမှုနှုန်းတွေကလည်း မြင့်မားလာပါတယ်။ ကူးစက်ရောဂါဆိုတာက မြန်မာနိုင်ငံ တခုတည်းမှာ ဖြစ်တာမဟုတ်ဘဲနဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက်ရော၊ ကမ္ဘာအတွက်ရော အရေးကြီးတဲ့ စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။” 

စာရင်းအချက်အလက်တွေကတော့ တနိုင်ငံလုံးအားဖြင့် တိတိကျကျ ကောက်ခံရယူဖို့ ခက်ခဲနေပေမယ့် ဖြစ်ပွားလာတဲ့ ရောဂါအခြေအနေတွေအရ ကူးစက်ရောဂါတွေ ဖြစ်ပွားနှုန်း ပိုများလာတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ တယ်လီကျန်းမာအခမဲ့ အွန်လိုင်းဆေးခန်းက ဒေါက်တာ မောင်ရင်က အတည်ပြုပါတယ်။

“အခုနောက်ပိုင်းမှာ ကျနော်တို့ရရှိတဲ့ သတင်းတွေအရကတော့ ကူးစက်ရောဂါတွေလည်း ပိုဖြစ်နေတယ်။ ဥပမာ HIV၊ TB၊ Malaria ငှက်ဖျားတို့ ဒါတွေလည်းဖြစ်လာတာတွေ့ရပါတယ်။ နောက် ကူးစက်တဲ့ ရောဂါတွေဖြစ်တဲ့ ရန်ကုန်မှာဖြစ်နေသလို ကာလဝမ်းရောဂါလို ကပ်ရောဂါတွေဖြစ်ပြီ၊ နောက်တချို့နေရာတွေမှာဆို ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ စုံစို့ကြက်ညှာလို ရောဂါတွေဖြစ်နေတယ်လို့ သတင်းတွေ ရရှိပါတယ်။”

အာဏာသိမ်းဖြစ်စဉ်ကြောင့် နောက်ဆက်တွဲဖြစ်ပွားလာတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အခြေခံ စားဝတ်နေရေး ပြဿနာတွေကြောင့် လူထုက နေ့စဉ် စိတ်ထိခိုက်နေရတဲ့အတွက် တတိုင်းပြည်လုံး အနေအထားနဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေရှိနေတယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တဦးက သုံးသပ်ပါတယ်။

“ကျနော်ကတော့ ပြည်သူတွေ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ပြောရရင် ဘယ်လောက် စိတ်ဖိစီးနေလဲဆိုတာကို ဘယ်လို evidence မှာ မလိုဘူး၊ ဘယ်လို သိပ္ပံရှင်းပြချက်မှ မလိုဘူးလို့ ပြောချင်တယ်၊။ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး ခက်ခဲလာတဲ့အတွက် ဘယ်သူမဆို စိတ်ဖိစီးမှာပဲ၊ ဒီစားဝတ်နေရေးတွေ ဘယ်လောက်ခက်ခဲလဲဆိုတာ တအိမ်တက်ဆင်း ဘယ်ပေတံနဲ့မှ လိုက်တိုင်းစရာ မလိုဘူး။ တတိုင်းပြည်လုံးမှာ ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုတွေ၊ ပစ္စည်းရှားပါးမှုတွေ၊ ရေမီးမမှန်မှုတွေ ဒီဟာတွေဟာ စိတ်ကိုသွားထိခိုက်တာ။ နေ့ဓဒူဝကြုံတွေ့ရတဲ့ ကိစ္စတွေက စိတ်ကိုသွားထိခိုက်ပြီးတော့ စိတ်ကြောင့်ဖြစ်တဲ့ရောဂါတွေ စိတ်ကျန်းမာရေးတွေက ယိုယွင်းပျက်ပြားပြီးတော့ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ဖြစ်နေတယ်လို့ ဖြေချင်ပါတယ်။”

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးနေတဲ့ ကျန်းမာရေးဝန်းထမ်းပေါင်း ၄၈၉၉ ဦးအပါအဝင် CDM ကျန်းမာရေး ဝန်ထမ်းပေါင်း ၄၅၂၀၃ ဦးရှိတယ်လို့သိရပါတယ်။

စစ်တပ်ရဲ့ သတ်ဖြတ်ခံရတဲ့ ကျန်းမာရေး လုပ်သားပေါင်းက ၁၁၃ ဦး၊ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကျန်းမာရေး လုပ်သား ၁၂၇ ဦး ရှိခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျန်းမာရေးအဆောက်အအုံ ဆေးရုံ ဆေးခန်း ၃၅၉ ခုကိုလည်း စစ်ကောင်စီက တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013