DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့အရှေ့ခြမ်းကို မဟာမိတ်တပ်များ  ဆက်လက်ထိုးစစ်ဆင်
DVB
·
July 11, 2024
မိုးကုတ်မြို့အရှေ့ခြမ်းကို မဟာမိတ်တပ်များ  ဆက်လက်ထိုးစစ်ဆင်
Donate to DVB

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အနောက်ခြမ်းတခုလုံးကို တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက် ထိန်းချုပ်ထားပြီးနောက်  လက်ရှိအချိန်မှာ အရှေ့ခြမ်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်- မန္တလေးတို့နဲ့အတူ ပူးပေါင်းမဟာမိတ်တွေအဖွဲ့တွေက ဇူလိုင် ၁၀ ရက်မှာ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့မှာနောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို သိမ်းယူပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့တာပါ။ 

နောင်ချိုမြို့ကို တော်လှန်ရေးမဟာမိတ်တွေကသိမ်းယူနိုင်ခဲ့ပြီး မိုးကုတ်မြို့အရှေ့ခြမ်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မန္တလေး PDF တာဝန်ရှိသူ ကိုအော်စမွန်က  ပြောပါတယ်။ 

"စစ်ကောင်စီဘက်ကတော့ လေကြောင်းနဲ့ပဲ အဓိကထားပြီးတော့ ခုခံသွားတယ်လို့ အကြမ်းဖျင်းပြောရင်ရတယ်။ မြေပြင်စစ်ကြောင်း စစ်ကူလာနိုင်တာ မရှိသလောက်ပဲလို့ ပြောရင်ရတယ်ပေါ့။ မိုးကုတ်ကတော့ အရှေ့ခြမ်းထိ တိုက်ပွဲတွေရောက်နေပြီလို့ ကျနော်တို့ သိရှိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ မှာ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေ ရှိပါတယ်။ ဒီစစ်ရေးပစ်မှတ်တွေ အပြည့်အဝ အောင်မြင်ဖို့ တဆင့်ပြီးတဆင့် ကြိုးစားလုပ်ဆောင်နေတယ်။”

နောင်ချိုမြို့ဟာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နဲ့ ၃၅ မိုင်ဝန်းကျင်အကွာ၊ မန္တလေးမြို့နဲ့ ၇၆ မိုင် ဝန်းကျင် အကွာအဝေးမှာရှိပြီး ပထဝီစစ်ရေးဗျူဟာအရ အရေးပါတဲ့မြို့ ဖြစ်ပါတယ်။  မန္တလေး-ပြင်ဦးလွင်-ကျောက်မဲ-သီပေါ-လားရှိုးလမ်းမကြီးပေါ်မှာ တည်ရှိတဲ့မြို့ ဖြစ်တဲ့အတွက် ရှမ်း-မန်း လမ်းပန်းဆက်သွယ်ရေးမှာလည်း အရေးပါတဲ့မြို့ဖြစ်ပါတယ်။

ဇွန် ၂၅ ရက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ကို ထပ်မံ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီ အခြေစိုက်စခန်း အများအပြားကို သိမ်းယူပြီး မြင်သာတဲ့အောင်မြင်မှုတွေရခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးကလည်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ စစ်ကောင်စီကို နေရာစုံကနေ ထိုးစစ်ဆင်ကြဖို့ တပ်လှန့်တာတွေကို ဇွန်လ ဒုတိယအပတ်ထဲမှာ ပြုလုပ်ခဲ့ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားတဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာဆိုရင် နွေဦးတော်လှန်ရေးရဲ့စစ်ရေးကဏ္ဍမှာ အဆင့်တဆင့်ထပ်ပြီး မြင့်တဲ့ အောင်မြင်မှုတွေရရှိနေတဲ့စစ်ဆင်ရေးဖြစ်ပါတယ်။ ဟန်ချက်ညီညီနဲ့ အောင်မြင်တဲ့ ပူးတွဲ စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်တဲ့ဟာကို မီးမောင်းထိုးပြနေပါတယ်"လို့ ဆိုပါတယ်။

မန္တလေးတိုင်း မတ္တရာနဲ့စဉ့်ကူးနယ်တွေမှာ စစ်ကောင်စီစခန်း ၃၆ ခုအထိ သိမ်းယူထားတယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပြီး မြေပြင်မှာ ဒီထက်ပိုတဲ့ အောင်မြင်မှုတွေရှိနေတယ်လို့ ဒေသတွင်း PDF တွေက ပြောပါတယ်။

ဇူလိုင်လဆန်းအထိ တော်လှန်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်တဲ့အချက်အလက်တွေအရ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့မြို့ပေါင်း ၆၀ ကျော် ရှိလာတာပါ။

လတ်တလောမှာ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုတွေက နယ်မြေသိမ်းပိုက်မှုတွေရှိသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013