DVB Logo
Home
မြန်မာသတင်း
ဘုတလင် PDF ဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ ရှမ်းမန်းစစ်ဆင်ရေး၌ ရွှေဘို PDF ရဲဘော် ၁၂ ဦး ကျဆုံး
DVB
·
July 11, 2024
ဘုတလင် PDF ဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ ရှမ်းမန်းစစ်ဆင်ရေး၌ ရွှေဘို PDF ရဲဘော် ၁၂ ဦး ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ ထနောင်းကုန်းရွာနားက PDF စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၁၀ ရက် မနက် ၁၁ နာရီ ၂၀ လောက်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် ၆ ဦး သေဆုံးပြီး ၈ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံကယ်ဆယ်ရေးသမားတဦးက ပြောပါတယ်။

“ကနဦး ဒရုန်းနဲ့ ကင်းထောက်လာကြည့်တယ်။ နောက်တခေါက်တော့ ဒရုန်း ၄ စီး တက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စစ်ဆေးရေးဂိတ်နဲ့ အလှူခံဂိတ်လုပ်ထားတဲ့နေရာကို ဗုံးသီး တလုံးချတယ်။အဲဒီမှာ ကာကွယ်ရေးအဖွဲ့ဝင်တွေ ဒဏ်ရာ ရတယ်။ ၄ ဦး သေတယ်။” 

ဒဏ်ရာရသူတွေကို အိမ်တခုမှာ ဆေးကုဖို့လုပ်ချိန် နောက်ထပ် ဗုံးတလုံးချတာကြောင့် ဆေးကုပေးတဲ့ ဆရာမနဲ့ သူ့ကလေးပါ သေဆုံးခဲ့ပြီး  ၈ ဦး ဒဏ်ရာရသွားတယ်လို့  သူက ဆက်ပြောပါတယ်။  

လက်ရှိမှာတော့ စစ်တပ်က နယ်မြေရှင်းလင်းရေးကို PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလိုပဲ ဒရုန်းတွေနဲ့သာ တန်ပြန်ချေမှုန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်ပြည်သူကာကွယ်ရေးအဖွဲ့ဝင် တဦးက “အခုဆို နမော်နမဲ့ နေလို့ မရဘူးဆိုတာ ဒီဖြစ်စဉ်က လက်တွေ့ပြလိုက်တာပဲ။ ကိုယ်ဘက်က လူတွေလည်း အသိ၊ သတိအမြဲရှိဖို့ လိုလာပြီ” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေတာဟာ  ပထမဆုံးအကြိမ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းက ရှမ်းမန်းစစ်ဆင်ရေးတိုက်ပွဲအတွင်းမှာ ရွှေဘို ခရိုင်တပ်ရင်းတွေက အသက် ၂၅ နှစ်နဲ့ ၃၀ အရွယ် PDF ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Myanmar Defense Force (Shwebo) ရဲ့ တာ၀န်ခံတဦးက “ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်းက  ၄ ဦးနဲ့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက ၈ ဦးတို့ သေဆုံးသွားတယ်” လို့ ပြောပါတယ်။

ဇွန် ၂၅ ရက်ကစတင်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ ဇူလိုင် ၆ ရက်အထိ မတ္တရာမြို့နယ်က စစ်တပ်စခန်း ၂၅ ခုနဲ့ စဉ့်ကူးမြို့နယ်က စခန်း ၁၁ ခုတို့ကို သိမ်းပိုက် ရရှိထားပြီး စစ်တပ်က ဒုတိယဗိုလ်မှူးကြီး တဦးအပါအဝင် စစ်သုံ့ပန်း ၁၅၀ နီးပါး ဖမ်းဆီးရမိထားကာ လက်နက်ခဲယမ်း အများအပြားကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစတွေက သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013