DVB Logo
Home
မြန်မာသတင်း
ဝက်လက်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အသတ်ခံရမှု ဗကသ ရှုတ်ချ၊ ကျူးလွန်သူကို NUG က အရေးယူမည်ဟုဆို
DVB
·
July 11, 2024
ဝက်လက်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အသတ်ခံရမှု ဗကသ ရှုတ်ချ၊ ကျူးလွန်သူကို NUG က အရေးယူမည်ဟုဆို
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် လူငယ်တဦး အသတ်ခံမှုနဲ့ ပတ်သက်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ ဆောင်ရွက် မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဌာနက  ထုတ်ပြန်ပါတယ်။

ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာနေ ဗကသအဖွဲ့ဝင် အသက် ၁၆ နှစ်အရွယ် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦးဟာ ဇူလိုင် ၈ ရက်ည ၉ နာရီလောက်က ရွာပြင်သုသာန်ကနေ အင်တာနက်သုံးပြီး အိမ်အပြန်လမ်းမှာ အသတ်ခံခဲ့ရတာပါ။

မောင်မြင့်မြတ်ဦးရဲ့ ရုပ်အလောင်းမှာ ဓားနဲ့လည်ပင်းကို လှီးဖြတ်ထားတဲ့ ဒဏ်ရာအပြင် ခန္ဓာကိုယ်မှာ နှိပ်စက်ခံထားရတာ တွေ့ရှိခဲ့ပြီး ဘယ်သူ ဘယ်အဖွဲ့က ဘာကြောင့် သတ်သွား တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။ 

ဗကသများအဖွဲ့ချုပ်ဝင် ရဲဘော်မြင့်မြတ်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတွေထံကို  ဇူလိုင် ၁၀ ရက်မှာ  အိပ်ဖွင့်ပေးစာပေးပို့ တောင်းဆိုထားပါတယ်။

အိပ်ဖွင့်ပေးစာမှာ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူတွေအပေါ် ပစ်မှတ်ထားဖိနှိပ်မှုတွေရှိခဲ့ပြီး ကြားကာလအမျိုးသားညီညွှတ်ရေးအစိုးရရဲ့ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ အာဏာရှင်ဆန်သတဲ့ လုပ်ရပ်တွေကို ဗကသများ အဖွဲ့ချုပ်အနေနဲ့ ပြင်းပြင်းထန်ထန် ရှုံ့ချပါသည်လို့လည်း ဖော်ပြ ထားပါတယ်။

လတ်တလောမှာတော့ ကိုမြင့်မြတ်ဦး သတ်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝက်လက်မြို့နယ်ပလဖ က စစ်ဆေးနေတဲ့ ဝက်လက်မြို့နယ်အခြေစိုက် Local PDF တပ်ဖွဲ့ တခုက သံသယရှိသူ ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး စစ်ဆေးမှုအခြေအနေအသေးစိတ်ကို မသိရှိရသေးဘူးလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောဆိုထားတယ်လို့ သတင်းတချို့မှာ ဖော်ပြထားပါတယ်။

NUG ပညာရေးဝန်ကြီးဌာနကတော့ မောင်မြင့်မြတ်ဦး သေဆုံးမှုအတွက်  မိသားစုနဲ့ ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း၊ နွေဦးတော်လှန်ရေးမှာ ကလေးသူငယ်တွေရဲ့ အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာပညာသင်ယူခွင့်၊ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်တို့အား ချိုးဖောက်မှု ဖြစ်စဉ်တွေမှာ အမိန့်ပေးစေခိုင်းသူတွေ၊ ကိုယ်တိုင်ကျူးလွန်သူတွေ အားလုံး တာဝန်ခံရမယ်လို့ ထုတ်ပြန်ထား ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုနဲ့ မတရားညှဉ်းပန်း နှိပ်စက်မှုတွေကို အပြင်းအထန် ရှုတ်ချပြီး ပြစ်မှုကျူးလွန်မှု ဖြစ်စဥ်များကို အသေးစိတ်မှတ်တမ်းတင်ကာ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုဖော်ဆောင်နိုင်ဖို့  ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဇူလိုင် ၁၀ ရက် ရက်စွဲနဲ့ NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။

အသတ်ခံရတဲ့ မောင်မြင့်မြတ်ဦးရဲ့ ဈာပနာကို ဇူလိုင် ၁၀  ရက်က စိုင်နိုင်ကြီးရွာမှာ  ပြုလုပ်ခဲ့ကာ မြေမြှုပ် သင်္ဂြိုဟ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013