DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ကလေးငယ် ၂၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေးရရှိ
DVB
·
July 10, 2024
မြန်မာနိုင်ငံတွင် ကလေးငယ် ၂၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေးရရှိ
Donate to DVB

မြန်မာနိုင်ငံမှာ ကာကွယ်ဆေးလုံးဝ ထိုးခွင့်မရတဲ့ ကလေးအရေအတွက်က စစ်တပ် အာဏာမသိမ်းခင် အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ၃ ဆနီးပါးတိုးလာတယ်လို့ ဇူလိုင် ၁၀ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

NUG ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက “ယူနီဆက်ကနေ NUG နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ကာကွယ်ဆေးတလုံးမှ ပေးမထားပါဘူး။ ကလေးတွေအတွက် ကာကွယ်ဆေးလည်း တလုံးမှ မရသေးပါဘူး ယူနီဆက်ကနေ WHO တို့ Gavi တို့ဆီကနေ တလုံးမှ မရသေးဘူး၊ ကိုဗစ်ကာကွယ်ဆေးလည်း တလုံးမှ မရပါဘူး။ ကျနော်တို့တတွေ ပြည်သူမှ ပြည်သူသို့နဲ့ ကာကွယ်ဆေးတွေ ထိုးပေးနေတာရှိပါတယ်။ WHO တို့ တခြားအဖွဲ့အစည်းတွေက ရေးထားတဲ့ စာတမ်းတွေ ရှိပါတယ်။ ကာကွယ်ဆေး ၂၅ ရာခိုင်နှုန်းပဲ Cover ဖြစ်တယ်။ အရင်တုန်းက ၉၀ ရာခိုင်နှုန်းလောက် ကာကွယ်ဆေး ရခဲ့တယ်။ ကျနော်တို့နိုင်ငံ ကိုဗစ်ကာလမှာတောင် ၈၀ ရာခိုင်နှုန်း ကာကွယ်နိုင်ခဲ့တဲ့နိုင်ငံ၊ အခု အကြမ်းဖက်စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက်မှာ ကာကွယ်ဆေးရရှိမှု ထိုးနိုင်တဲ့ ကလေးအရေအတွက်ဟာ ၂၅ ရာခိုင်နှုန်း ပတ်ဝန်းကျင်ပဲရှိတယ်။ အခုလို ခက်ခဲတဲ့ တော်လှန်ရေးနေရာတွေမှာဆို ယူနီဆက်တို့ Gavi တို့က ဘာဆေးမှ မပေးသေးပါဘူး။”

NUG အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ NUG ထိန်းချုပ်စိုးမိုးထားနိုင်တဲ့ နေရာဒေသတချို့မှာတော့ ကလေးတွေအတွက် ကာကွယ်ဆေးထိုးပေးနေတယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်၊

“ကာကွယ်ဆေးတွေရဖို့ ကျနော်တို့ အကြိမ်ပေါင်းများစွာ ဆွေးနွေးတာ တော်ရုံတန်ရုံမဟုတ်ဘူး ကာကွယ်ဆေးကို ကိုင်တွယ်နေတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးခဲ့တာ။ ကျနော်တို့မှာ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ စွမ်းရည်ရှိပါတယ်။ နည်းစနစ်တွေရော လေ့ကျင့်ထားတာလည်း ရှိပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးမရတော့ ကိုယ့်ဖာသာကိုယ်ဝယ်ရတော့ ဈေးကြီးပါတယ်။ အရည်အသွေး စစ်ဆေးတာက အစ ခက်ခဲပါတယ်။ ပုံမှန်ထိုးနိုင်ဖို့လည်း အရမ်းကိုကြိုးစားရပါတယ်။ ကျနော်တို့ ကရင်နီဒေသမှာ ကလေး ၂၀၀၀ ကျော်ကို ထိုးပေးနိုင်တယ်။ စစ်ကိုင်းနဲ့မကွေး မြို့နယ်တချို့မှာ ကလေး ၂၀၀၀၀ ကို ထိုးပေးနိုင်တယ်။ ဒါပေမဲ့ ဒါဟာ ဘာမှမဟုတ်တဲ့ ဂဏန်းဖြစ်တယ်။ ခုနက Report တွေအရ ၂၅ ရာခိုင်နှုန်းသာ ဆေးထိုးရတယ်ဆိုရင် မြန်မာနိုင်ငံမှာ ကလေးသန်းပေါင်းများစွာ ဆေးမထိုးရတာ ဖြစ်ပါတယ်။” 

ယူနီဆက်ရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အထိ မြန်မာနိုင်ငံမှာ ကလေးပေါင်း ၆ သန်းကျော်ရှိပြီး ကလေးတွေ ကာကွယ်ဆေး မရတဲ့နောက်ဆက်တွဲအနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေထိ ရောဂါကူးစက်ပျံ့နှံ့လာနိုင်တဲ့အတွက် အလွန်စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့လည်း ပြောပါတယ်၊

WHO ရဲ့ ၂၀၂၄ မေလ စစ်တမ်းတခုမှာတော့ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ကာကွယ်ဆေး လုံးဝမထိုးရသေးတဲ့ ကလေးနဲ့ အသက် ၅ နှစ်အောက် ကာကွယ်ဆေးမထိုးထားတဲ့ ကလေးဦးရေက ၁ ဒသမ ၂ သန်းထိရှိနေပြီး ၂၀၂၂ ခုနှစ်မှာတော့ WHO က ကလေး ၁၇၀၀၀၀ ကို Penta 3 ကာကွယ်ဆေး ထိုး ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ၂၀၂၀ ပြည့်နှစ်  အရပ်သားအစိုးရလက်ထက် ကလေးငယ်တွေကို ကာကွယ်ထိုးပေးနိုင်ခဲ့မှု ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် ၃ ဆထိ ကျဆင်းခဲ့တာပါ။

WHO ကတော့ ကာကွယ်ဆေးလုံးဝမထိုးရသေးတဲ့ ကလေး zero-dose children ၃ ဆထိ လျော့ကျရေးကို ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013