DVB Logo
Home
မြန်မာသတင်း
မိုးကုတ်နှင့်ရေဦး စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ
DVB
·
July 10, 2024
မိုးကုတ်နှင့်ရေဦး စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့က စစ်ရှောင်ပြည်သူတွေ ၁၁ ရက်ကြာတဲ့အထိ မန္တလေး-မိုးကုတ် လမ်းပိုင်းအတွင်း ပိတ်မိနေပြီး အစားအသောက်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၈ ရက်အထိ မိုးကုတ်မြို့မှ မန္တလေးကိုဆင်းတဲ့လမ်းပိုင်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဇရပ်ကွင်း၊ လိပ်ကျ၊ ကျောက်ဖြူရွာတွေမှာ ပိတ်မိနေတဲ့ စစ်ရှောင် ၁,၀၀၀ ကျော်ရှိပြီး စားရေးသောက်ရေး အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့ခံ စစ်ရှောင် ကိုခင်မောင်က “ဆင်းလာတဲ့ လမ်းတောက်လျှောက် တိုက်ပွဲတွေက ဖြစ်နေလို့ ရှေ့ဆက်သွားမရတာ။ ဒီလို လူစုလူဝေးနဲ့ ပိတ်မိနေတော့ ပိုက်ဆံရှိတဲ့သူတောင် ဝယ်စားဖို့က အဆင်မပြေတော့ဘူး။ ဝယ်စားစရာဆိုင်လည်း အများကြီးမရှိဘူး။ တိုက်ပွဲ ခဏရပ်ပေးပြီး စစ်ရှောင်တွေကို သွားလာခွင့်ရရင်တော့ အဆင်ပြေမှာ” လို့ DVB ကို ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေက ကား၊ ဆိုင်ကယ်တွေနဲ့ သွားလာနေသူတွေရှိပြီး အချို့က လမ်းလျှောက်လာကျသူတွေလည်း ရှိကာ တိုက်ပွဲတွေကြောင့် အရေးပေါ် စစ်ရှောင်လာရတဲ့အတွက် အသုံးအဆောင်ပစ္စည်းတွေနဲ့ အစားအသောက်တွေလည်း ယူဆောင်လာနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ဇွန် ၃၀ ရက်နေ့တည်းက မိုးကုတ်မြို့က စစ်ရှောင်ပြည်သူတွေ မန္တလေးဘက်ကို ဆင်းလာကြတာဖြစ်ပြီး ကား၊ ဆိုင်ကယ်ယာဉ်တန်းတွေ ရှေ့ဆက်မတိုးနိုင်ဘဲ နောက်လှည့်ပြန်သွားဖို့လည်း တိုက်ပွဲတွေကြောင့် လမ်းပိတ်နေတဲ့နေရာမှာပဲ နေထိုင်ကာ ဒေသခံတချို့က ကျွေးတဲ့ အစားအသောက်ကိုသာ စားသုံးနေရတယ်လို့ ဆိုပါတယ်။

“ကျမတို့ကလည်း အမှန်က စစ်ရှောင်ရမှာ အခုလိုကြီး တခြားနယ်ကလူတွေ ရွာဘက်ရောက်နေတော့ ကိုယ်လည်း သွားလို့မရမယ့်အခြေအနေဆိုတော့ ရှိတာလေးတွေစုပြီး ချက်ပြုတ်ကျွေးတာပေါ့။ ရက်ကကြာလာပြီဆိုတော့ ကိုယ်စားဖို့တောင် မကျန်တော့ဘူး၊ သွားဝယ်လို့လည်း မရနဲ့ ကြာရင် အကုန်ငတ်မယ့်သဘောရှိတယ်” လို့ ကျောက်ဖြူရွာခံ ဒေါ်စမ်းစမ်းအေးက DVB ကို ပြောပါတယ်။

၂၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည့်သူ့ကာကွယ်ရေးတပ်‌မတော် (မန္တလေး) PDF တွေက တိုက်ပွဲတွေဖော်ဆောင်နေပြီး စစ်ကောင်စီ လေကြောင်းမှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့တဲ့အတွက်ကြောင့် ဒေသခံတွေက မန္တလေးမြို့ကို စစ်ရှောင်နေကြတာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ခြမ်းက မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူတွေတွေလည်း အကူအညီလိုအပ်နေပြီး မိုးရာသီကာလအတွက် မိုးကာတွေ ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ ရေဦးအခြေစိုက် People’s Defense Comrades အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၉ ရက်မှာ ရေဦးနယ် အနောက်ခြမ်းက စစ်ဘေးရှောင်အိမ်ထောင်စု ၁၁၀ စာအတွက် မိုးကာအစတွေ လှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။

မိုးကာစတွေ အရေးပေါ်လိုအပ်နေတဲ့ မီးဘေးသင့်အိမ်ထောင်စုတွေအတွက် ရေဦးမြို့နယ်အတွင်းက ၁၅×၁၈ ပတ်လည်မိုးကာတွေနဲ့ ၂၀×၂၀ ပတ်လည် မိုးကာစတွေကို ပြည်တွင်း ပြည်ပက အလှူရှင်တွေရဲ့ ကူညီမှုနဲ့ လှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။

ရေဦးမြို့နယ်အခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က “တကယ်မီးဘေးသင့်ထားကြတဲ့ တောင်သူတွေ စပါးခင်းကျင်းလှမ်းဖို့အဖြစ် ပြန်လည်ဆောက်ထားကြတဲ့ မိုးမလုံတဲ့တဲတွေကို အုပ်မိုးဖို့၊ ကျေးရွာအတွင်း သာရေးနာရေးတို့မှာ အရေးပေါ် အသုံးပြုနိုင်ဖို့အတွက် လှူဒါန်းပေးခဲ့တာပါ။ အခုတော့ မီးဘေးသင့်ထားကြတဲ့ ပြည်သူတွေက အခုလိုရာသီမှာ မီးလောင်ထားတဲ့ သွပ်မိုးသွပ်ကာလေးတွေကာပြီး နေနေကြသလို မလုံမခြုံ ထန်းရွက်တဲလေးတွေနဲ့ နေနေကြရပါတယ်” လို့ ပြောပါတယ်။

ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ထားတဲ့ ကျေးရွာ ၅၀ ကျော်ရှိပြီး ပြည်သူ ၁၀,၀၀၀ ကျော် မီးဘေးသင့် စစ်ဘေးရှောင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013