DVB Logo
Home
မြန်မာသတင်း
KRF တပ်ဖွဲ့ဝင်၏ဖခင်ကို စစ်တပ်က ဖမ်းဆီး၊ မတူပီတွင် မြေမြှုပ်မိုင်းနင်းမိပြီး အရပ်သား ၃ ဦး ဒဏ်ရာရ
DVB
·
July 9, 2024
KRF တပ်ဖွဲ့ဝင်၏ဖခင်ကို စစ်တပ်က ဖမ်းဆီး၊ မတူပီတွင် မြေမြှုပ်မိုင်းနင်းမိပြီး အရပ်သား ၃ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်တဦးရဲ့ ဖခင်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ အောင်သပြေပိုင်းမှာနေတဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင် ကိုစလင်းရဲ့အဖေ ပန်ကန်အီဆွတ်ကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၇ ရက် ညနေ ၆ နာရီလောက်မှာ ‌သူနေတဲ့လမ်းထဲမှာပဲ လာရောက်ဖမ်းဆီးခဲ့ပါတယ်။

ကျိုက်ထိုမြို့ခံတဦးက “ရှမ်းစုထဲက သူတို့အိမ် ချိပ်ပိတ်ခံရပြီးတော့ အောင်သပြေထဲမှာ သွားနေနေတာ။ သူက အိမ်ကထွက်တဲ့အချိန်ပဲ လာဖမ်းသွားတာပဲ။ ဘာကြောင့်ဖမ်းသွားလဲ သေချာတော့ မသိဘူး။ ရပ်ကွက်ထဲကသူတွေ ပြောနေတာကျတော့ ကင်မွန်းစခန်းမှာ ရဲတွေအဖမ်းခံရတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေကို မဲပြီး ဖမ်းသွားတယ်လို့ ပြောနေကြတယ်။ ဦး‌လေးကြီး အမျိုးသမီးလည်း အခု အဖမ်းခံရမှာစိုးလို့ တိမ်းရှောင်နေပြီ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဦးအီဆွတ်ကို ကျိုက်ထိုရဲစခန်းမှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးဘူးလို့ မိသားစုတွေထံက သိရပါတယ်။

ကျိုက်ထို တောင်သူစုရပ်ကွက်မှာရှိတဲ့ KRF အဖွဲ့ဝင် ကိုစလင်းရဲ့ ဖခင် ဦးအီဆွတ် နေအိမ်ကို စစ်ကောင်စီတပ်သားတွေက ၂၀၂၂ ဩဂုတ် ၄ ရက်က လာရောက်ချိပ်ပိတ်ခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းကျေးရွာ ကျိုက်ထီးရိုးတောင်ခြေမှာ အရက်သောက်နေတဲ့ ရဲ ၃ ဦး အပါအဝင် ၄ ဦးကို ဇူလိုင် ၇ ရက်က KRF အဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးနေတုန်း ဖြစ်တဲ့အတွက် မကြာမီ ထုတ်ပြန်ပေးသွားမယ်လို့ KRF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဦးအီဆွတ် အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အဖွဲ့ကို မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်ကလည်း ကော့စံနိုင် လူမှုကူညီရေးအသင်းသား ၄ ဦးကို PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မြေမြှုပ်မိုင်း နင်းမိမှုကြောင့် ၃ ရက်အတွင်း အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မတူပီဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၈ ရက် ညနေ ၃ နာရီက မတူပီမြို့နယ်၊ ဝလံတဲကျေးရွာအစွန် ဘောလုံးကွင်းမှာ ဦးတွီမိုး ဆိုသူ မြေမြှုပ်မိုင်းနင်းမိကာ ဘယ်ခြေထောက်ပြတ်ပြီး ညာခြေထောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ညနေ ၄ နာရီလောက်ကလည်း ကုလားကျေးရွာ ရွာအဝင်လမ်းမှာ ဆိုင်ကယ်နဲ့ မြေမြှုပ်မိုင်း နင်းမိမှုကြောင့် ရွာအုပ်ချုပ်ရေးမှူး ဦးလောင်မန်း ဘယ်ခြေတဖက် ပြတ်သွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၆ ရက် မနက် ၁၀ နာရီက ကုလားရွာမှာ CDM ကျောင်းဆရာ ဦးခေါင်ဘွေး ဆိုင်ကယ်နဲ့ မိုင်းနင်းမိလို့ ခြေထောက်နဲ့ လက်မောင်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။

မတူပီဒေသခံတဦးက “မိုင်းကတော့ AA ထောင်တဲ့ မိုင်းပေါ့နော်၊ လူနာတွေကလည်း စိုးရိမ်ရတယ်၊ ရွာတိုင်းမှာကို မိုင်းတွေထောင်ထားတယ်၊ ရွာပတ်ပတ်လည်မှာရော ရွာထဲမှာရော မိုင်းတွေထောင်ထားတာ၊ မိုင်းထောင်တာတခုတည်း မဟုတ်ဘူး၊ ပြည်သူတွေပစ္စည်း ခိုးယူတာတွေလည်းရှိတယ်၊ ဆိုင်ကယ်နဲ့ မိုင်းနင်းမိသူတွေကတော့ ခြေထောက်ပြတ်သွားတယ်၊ ဆိုင်ကယ်လည်း ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

မတူပီမှာ ပြည်သူတွေနင်းမိတဲ့ မြေမြှုပ်မိုင်းဟာ အာရက္ခတပ်တော် (AA) ကထောင်တဲ့မိုင်း ဖြစ်တယ်လို့ ပြည်သူတွေက ပြောပေမဲ့ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ချင်းပြည်နယ်မှာ အာဏာသိမ်းစကနေ ၂၀၂၄ ခုနှစ် မေလအထိ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၃၆ ဦး၊ ဒဏ်ရာရရှိသူနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၆၆ ဦးရှိပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013