DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်နှင့် ပုဏ္ဏားကျွန်း စစ်ရှောင်စခန်းများ အကူအညီလိုအပ်နေ
DVB
·
July 9, 2024
ဝိုင်းမော်နှင့် ပုဏ္ဏားကျွန်း စစ်ရှောင်စခန်းများ အကူအညီလိုအပ်နေ
Donate to DVB

ဝိုင်းမော်မြို့နယ် လဘန်ရွာ စစ်ရှောင်စခန်းက ကိုယ်ထူကိုယ်ထကျောင်း ဧရာဝတီမြစ် ရေမြင့်တက်ချိန်က ရေနှစ်မြုပ် ပျက်စီးသွားခဲ့တာကြောင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်။ 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု လဘန်ကျေးရွာ စစ်ရှောင်စခန်းမှာ ဖွင့်လှစ်ထားတဲ့ ဘာသာရေးအခြေပြု ပညာသင်ကျောင်း ပြန်လည်ပြုပြင်ရေးအတွက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပြီး ဧရာဝတီမြစ်ကမ်းဘေး အနီးမှာရှိတဲ့ လဘန်ကျေးရွာက စစ်ရှောင်စခန်းတခုလုံးနီပါး ရေနစ်မြုပ်ခဲ့သလို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ဘာသာရေးအခြေပြု မူလတန်းကျောင်းလည်း ပျက်စီးခဲ့တယ်လို့ စစ်ရှောင်ပြည်သူတယောက်က ပြောပါတယ်။

နေအိမ်အဆောင်တန်းလျားတွေနဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းနေရသေးတာကြောင့် ကျောင်းပြန်လည်ထူထောင်ရေးအတွက် မလုပ်ဆောင်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

“တခြားဘက်ကို သွားဖို့အတွက် ခက်ခဲတဲ့ ကလေးတွေအတွက် ဘာသာရေးအခြေပြု မူလတန်းကို ဖွင့်ထားတယ်။ အဲ့ဒီကျောင်းဆိုရင် ပိုဆိုးတယ်။ အကုန်လုံး မြုပ်သွားတယ်။ လုံးဝ ကျောင်းဆောင်တောင် မမြင်ရအောင် မြုပ်သွားတယ်။ ပြီးတော့ အဆောင်တွေလည်း မျောပြီး နေရာတွေ ရွှေ့သွားတယ်၊ ပျက်စီးသွားတယ်။ တဖက်မှာ နေဖို့ အဆောင်တောင် ပြီးအောင် မလုပ်နိုင်သေးတော့ ကျောင်းကို သွားမလုပ်နိုင်သေးဘူး။ အိမ်သာတွေလည်း အကုန်လုံးမျောသွားတယ်။ အဲ့တော့ ကျောင်းမှာ အိမ်သာလည်း မရှိသေးဘူး။ ကလေးတွေ အခုအချိန်မှာတော့ ကျောင်းပိတ်ထားရတယ်။ ကျောင်းသုံးပစ္စည်းတွေလည်း အကုန်လုံး ပျက်စီးသွားပြီ။ ကျမတို့ ကျောင်းဖွင့်နိုင်တာ ၂ ပတ် ၃ ပတ်လောက်ပဲ ရှိသေးတယ်။”

လဘန်ရွာ စစ်ရှောင်စခန်းမှာ ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူ ၂၅၀ ဝန်းကျင်ရှိပြီး တချို့က ဘာသာရေးအခြေပြုကျောင်းတက်တာ၊ အစိုးရကျောင်းတက်တာနဲ့ တရုတ်စာသင်ကျောင်းတွေမှာ တက်ရောက်နေကြပြီး ကျောင်းသား ၈၀ ဝန်းကျင်က ကျောင်းမတက်ရောက်နိုင်ကြဘူးလို့ သိရပါတယ်။

စစ်ရှောင်စခန်းက ကျောင်းနေအရွယ်ကလေးတချို့ ကျောင်းရပ်နားရမယ့် အခြေအနေ ကြုံတွေ့နေရတာကြောင့် ကိုယ်ထူကိုယ်ထကျောင်းဖြစ်မြောက်ရေးအတွက် စစ်ရှောင်စခန်းအနီးက ခြံတခုကို ငှားရမ်းပြီး ကျောင်းဆောင်ဆောက်လုပ် ကြိုးစားခဲ့တာဖြစ်ပြီး ဇွန် ၁၈ ရက်နေ့က မူလတန်းကျောင်းကို ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသုံးပစ္စည်းတွေနဲ့ ဆရာ/ဆရာမ လိုအပ်ချက်တွေ ရှိနေသေးပေမဲ့ ကလေးငယ်တွေ ပညာသင်ကြားနိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ အားထုတ်ခဲ့ကြတာလို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

လတ်တလော စစ်ရှောင်စခန်းပြန်လည်ထူထောင်ရေးအတွက် အရင်ဆောင်ရွက်နေကြပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

“အခုဆိုရင် အမှောင်ပဲ၊ မီးလည်းမလာဘူး။ မီးစက်လည်း နိုးလို့မရဘူး။ ရေလည်းတင်လို့မရဘူး။ သောက်သုံးရေလည်း ကျမတို့ခက်ခဲနေတယ်။ သုံးရေလည်း အခက်အခဲဖြစ်နေတယ်။ ချက်စားဖို့လည်း အဆင်မပြေဘူး။ မီးစက်လည်း ပျက်သွားတယ်” လို့  စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာအနီး ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ ပြည်သူ့စစ်၊ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တို့ကြား တိုက်ပွဲတွေကြောင့် ရွာထဲမှာပိတ်ထားခံရတဲ့ အောင်မြေ ၂ ရွာက ဒေသခံအများစုနဲ့ ရွှေညောင်ပင်ရွာက အိမ်ထောင်စု ၇ စုအပါ စစ်ရှောင် ၆၀၀ ကျော်လောက် လဘန်ရွာ စစ်ရှောင်စခန်းမှာ ခိုလှုံနေထိုင်နေကြတာပါ။ 

ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တွေရဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်စစ်ဘေးရှောင်စခန်းကို အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေလည်း စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ယိုးတရုပ်စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ်အကူညီလိုအပ်နေသလို ဖျားနာရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေလည်း ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီပေးတာ မရှိတဲ့အတွက် စစ်ရှောင်တွေဟာ ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရတာနဲ့ ငွေကြေးတက်နိုင်တဲ့ သူတွေဆီကနေ ချေးငှားစားသောက်နေကြရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အောင်မြေကုန်းရွာကနေ ယိုးတရုပ်စစ်ရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေါ်မသန်းက DVB ကို ပြောပါတယ်။

အခုနှစ် အစောပိုင်းမှာ အောင်မြေကုန်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတဲ့အတွက် အိမ်ခြေ ၁၀၀ ကျော်လောက်က ဒေသခံတွေအားလုံး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ရွာမှာကျန်နေခဲ့တဲ့ စပါးနဲ့ အဖိုးတန်ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေက ခိုးယူကြတဲ့အပြင် ခေါင်မိုးပေါ်က သွပ်တွေကိုပါ ခွာယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယိုးတရုပ်စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၈၀၊ လူဦးရေ ၆၀၀ နီးပါး နေထိုင်ကြကာ စစ်ဘေးရှောင်အရေအတွက်လည်း တနေ့ထက်တနေ့ ပိုတိုးလာတယ်လို့ ယိုးတရုပ်စစ်ဘေးရှောင်စခန်းက တာဝန်ခံ ဦးမောင်တင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အေအေနဲ့စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူ ၃ သိန်းကျော်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူညီတွေလိုအပ်နေပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၀ မြို့နယ်လောက်ကို အေအေက သိမ်းပိုက်ထိန်းချုပ်ထားပြီး နောက်ထပ်မြို့နယ် ၄ ခုက စစ်ကောင်စီတပ်စခန်းတွေကို အေအေဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ 

ဟန်နပါ/လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013