DVB Logo
Home
မြန်မာသတင်း
စစ်စခန်း ၃၆ ခုအထိ သိမ်းထားပြီး စစ်ရေးပစ်မှတ်များ အောင်မြင်ရေး ကြိုးပမ်းနေဟု မန္တလေး PDF ပြော
DVB
·
July 9, 2024
စစ်စခန်း ၃၆ ခုအထိ သိမ်းထားပြီး စစ်ရေးပစ်မှတ်များ အောင်မြင်ရေး ကြိုးပမ်းနေဟု မန္တလေး PDF ပြော
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တွေမှာ စစ်ကောင်စီစခန်း ၃၆ ခုအထိ သိမ်းယူထားပြီး မိုးကုတ်မြို့ အနောက်ခြမ်းတခုလုံးကို အပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်သလို သတ်မှတ်စစ်ရေး ပစ်မှတ်တွေရဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ မန္တလေး PDF တာဝန်ရှိသူက ပြောပါတယ်။  

မြောက်ပိုင်းမဟာမိတ်တွေရဲ့ ဇွန် ၂၅ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ နဲ့အတူ မန္တလေး PDF တွေက ဒေသတွင်းမှာ တိုက်ပွဲတွေဖော်ဆောင်ခဲ့တာဖြစ်ပြီး အချိန် ၂ ပတ်ဝန်းကျင်ကာလအတွင်း မြင်သာတဲ့အောင်မြင်မှုတွေရခဲ့တာဖြစ်ပါတယ်။ မန္တလေး PDF ဟာ ရှမ်း-မန်းနယ်စပ် နောင်ချို့မြို့ တိုက်ပွဲတွေနဲ့ ပြင်ဦးလွင်မြို့နယ် တိုက်ပွဲတွေမှာလည်း မဟာမိတ်တွေနဲ့အတူ ပူးပေါင်းပါဝင်နေတာပါ။

မန္တလေးတိုင်းအတွင်း မတ္တရာမြို့နယ်ထဲမှာ စခန်း ၂၅ ခု၊ စဉ့်ကူးမြို့နယ်ထဲမှာ စခန်း ၁၁ ခု အပြီးသတ် သိမ်းပိုက်ရရှိထားပြီး မိုးကုတ်မြို့နယ်ကတော့ မဟာမိတ်တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် ပူးပေါင်းမဟာမိတ်တွေ နဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ မန္တလေး PDF အဖွဲ့မှ ကိုအော်စမွန်က ပြောပါတယ်။

“လက်ရှိအချိန်မှာတော့ မိုးကုတ်အနောက်ခြမ်းတခုလုံးကို ကျနော်တို့ အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီလို့ပြောရင် ရပါတယ်ဗျ။ နောင်ချိုမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန်စခန်းဖြစ်တဲ့ အမတ ၆၀၆ ကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်ဗျ။ ကျနော်တို့ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာအ သီးသီးမှာ စစ်ကောင်စီဘက်က လေကြောင်းကိုပဲ အားပြုပြီးတော့ ခုခံကာကွယ်နေတာ တွေ့ရပါတယ်။ မြေပြင်စစ်ကြောင်းအနေနဲ့ စစ်ကူပေးနိုင်တဲ့ အနေအထား ကတော့ မရှိသလောက်ကို ဖြစ်နေပြီလို့ ပြောရင်ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ မှာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး အနေနဲ့ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေ ရှိပါတယ်။ ဒီစစ်ရေးပစ်မှတ်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျနော်တို့ တဆင့်ပြီးတဆင့် ကြိုးစားလုပ်ဆောင်နေပါတယ်ဗျ” လို့ ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်း ၅ လုံးမျှော်၊ ရေသောက်တံတား၊ ရွာသာယာ၊ တောင်ကန်၊ စာတိုက်တကာ၊ ပုသိမ်ကြီးမြို့နယ်အစပ် သရက်ကိုင်း၊ မြကန်သာအရပ်တွေမှာ စစ်ကောင်စီ တပ်သားတွေ ကျန်ရှိနေပြီး မတ္တရာမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးပူးပေါင်းအင်အား ၅၀၀ လောက် ကျန်ရှိနေတယ်လို့ ဒေသခံ PDF တွေက ဆိုပါတယ်။ 

မတ္တရာမြို့နယ်ရဲ့ မြောက်ဘက်၊ ရှမ်းပြည်နယ် နောင်ချို့မြို့နယ်ရဲ့ အရှေ့ဘက်မှာတည်ရှိတဲ့ သပိတ်ကျဉ်းခရိုင်၊ စဉ့်ကူးမြို့နယ်မှာတော့ စစ်ကောင်စီအင်အား အနည်းငယ်သာကျန်တော့တဲ့ အခြေအနေဖြစ်ပါတယ်။

စဉ့်ကူး PDF တာဝန်ရှိသူတဦးက “မထင်ရင်မထင်သလို လေယာဉ်တွေက လာလာကြဲနေတော့ ကိုယ်လည်း အဲဒါစိုးရိမ်လို့။ ဟိုတနေ့က ကျနော်တို့သိမ်းလိုက်တဲ့ ရွှေပြည်လိုနေရာမျိုးတွေဆိုရင် နေကို မနေရဲသေးဘူးလေ၊ ဒါမျိုးတွေပေါ့။ ခုလောလောဆယ်တော့ ကျနော်တို့ စဉ့်ကူးနယ်ထဲမှာ စစ်ကောင်စီရှိတဲ့နေရာက ၄ နေရာလောက်ပဲရှိတော့တယ်။ စဉ့်ကူးမြို့ပေါ်ရယ် ရွာသာယာဆိုတဲ့ပျူရွာ၊ ဟင်္သာမကွက်သစ်ဆိုတဲ့ရွာ၊ တောင်အင်း-ထုံးကြီး ဒါပဲရှိတော့တယ် ‌ွေးက စစ်ကောင်စီက။ အင်အားကလည်း ရာဂဏန်းထက် အောက်လောက်ပဲရှိတော့မှာပါ။ ကျနော်တို့ စဉ့်ကူးနယ်ထဲမှာ စစ်ကောင်စီမရှိသလောက်ပဲ။ အဲဒီရွာတွေမှာပဲ ရှိတယ်။ စဉ်ကူးမြို့ပေါ်မှာတောင် စစ်ကောင်စီက သိပ်မရှိဘူး” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစပြီး တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနိုင်ခဲ့သလို မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်တို့လို စစ်ကောင်စီအတွက် အရေးပါတဲ့ မြို့တွေကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တာ ဖြစ်ပါတယ်။ 

အခုတကြိမ် မန္တလေး PDF တွေ ပြည်တော်ဝင်ဖို့ ကြိုးစားနေချိန်မှာ ပြည်သူတွေ တတ်နိုင်တဲ့ဘက်က ကူညီကြဖို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက မေတ္တာရပ်ခံပါတယ်။

“ဒီအချိန်မှာ စစ်ရေးအရ အောင်ပွဲတွေအလီလီ အသီးသီးဆွတ်ခူးရရှိနေတာကို ပြည်သူအားလုံး ရှင်းရှင်းလင်းလင်း တွေ့မြင်နေရတဲ့အချိန်ပါပဲခင်ဗျ။ မန်းတိုင်းသားတွေ မန်းပြည်တော်ဝင်ဖို့ ကြိုးပမ်းနေကြတဲ့အချိန်လို့ ပြောရမှာဖြစ်ပါတယ်ဗျ။ စစ်အာဏာရှင်တွေရဲ့ နေဝင်ချိန် ကျဆုံးခန်းကိုလည်း တစတစ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲ မြင်နေရပြီလို့လည်း ပြောနိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။"

ဇွန် ၂၅ ရက်ကစပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ၁၀၂၇ နောက်ဆက်တွဲအဖြစ် ရှမ်းပြည်ဘက်ခြမ်းကနေ နောင်ချို-ပြင်ဦးလွင်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကိုင်း-မန္တလေး PDF တွေက မတ္တရာနယ်ကတဆင့် ပြင်ဦးလွင်ကို ဦးတည်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ မန္တလေး-နေပြည်တော်ကို ကာနိုင်ဖို့ ကြိုးစားနေရသလို စစ်တက္ကသိုလ်တွေ အခြေစိုက်ရာ ပြင်ဦးလွင် မကျရေးကိုလည်း ကာကွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013