DVB Logo
Home
မြန်မာသတင်း
မောင်တောနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်
DVB
·
July 9, 2024
မောင်တောနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်းက ရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့တခုဖြစ်တဲ့ Generation Z Army တပ်ဖွဲ့ဆီကို ဇူလိုင် ၇ ရက်မှာ သေနတ် ၂ လက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ မောင်တောနယ်ခြားစောင့်စခန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တပ်သားအဆင့်ရှိသူ ၂ ဦးဟာ ဇူလိုင် ၇ ရက်မှာ စစ်ကိုင်းတိုင်းအတွင်းက Generation Z Army တပ်ဖွဲ့ အခြေစိုက်တဲ့ တပ်စခန်းကို ချောမောစွာ ရောက်ရှိလာတယ်လို့ Generation Z Army ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

 “ ၂ ယောက်စလုံး ရဲတပ်ဖွဲ့ဝင် တပ်သားအဆင့်တွေပါ။ ပြီးခဲ့တဲ့ မေလလောက်ကတည်းက သူတို့ ၂ ယောက်က အလင်းဝင်ဖို့ ဆက်သွယ်လာတာပါ။ သူတို့တွေ အလင်းဝင်နိုင်ဖို့အတွက် ရက္ခိုင့်တပ်တော် (AA) ဆီကို အကူအညီတောင်းပြီး ဒီဘက်ရောက်အောင် အဆင့်ဆင့် ခေါ်ယူခဲ့ရတာဖြစ်လို့ အချိန်ကြန့်ကြာသွားခဲ့တာပါ။”

အလင်းဝင်ရောက်လာတဲ့ ရဲတပ်သား ၂ ဦးဟာ MA 11 သေနတ် ၁ လက်၊ G3 သေနတ် ၁ လက် အပါအဝင် ကျည်အတောင့် ၂၂၀ တို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Generation Z Army တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “တဦးကို သိန်း ၂၀ စီ ဆုကြေးငွေ ချီးမြှင့်ထားပါတယ်။ သူတို့တွေရဲ့ ဆန္ဒအရ ကျနော်တို့အဖွဲ့နဲ့အတူ စစ်အာဏာရှင်ကို ပူးပေါင်းတိုက်ခိုက်သွားမယ်ဆိုလို့ လိုအပ်တဲ့ သင်ကြားမှုတွေ ဆက်လက်ပြုလုပ်ပေးနေပါတယ်” လို့ ပြောပါတယ်။

Generation Z Army တပ်ဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတွေက မည်သူမဆို အလင်းဝင်ရောက်လိုပါက လက်ခံကြိုဆိုသွားမှာဖြစ်ပြီး လုံခြုံစိတ်ချမှု ရှိအောင်လည်း စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013