DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း စားဆီစျေးနှုန်းများ တရိပ်ရိပ်မြင့်တက်
DVB
·
July 8, 2024
ပြည်တွင်း စားဆီစျေးနှုန်းများ တရိပ်ရိပ်မြင့်တက်
Donate to DVB

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်တာ၊ သယ်ယူပို့ဆောင်ရေး ခက်ခဲတာတွေကြောင့်  ပြည်ပကနေ မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးက နေ့စဉ်နဲ့အမျှ ဈေးနှုန်းပြောင်းလဲ မြင့်တက်နေသလို ပြည်တွင်းထုတ်လုပ်တဲ့ မြေပဲဆီ၊ နှမ်းဆီတွေကလည်း ဝယ်လိုအားနဲ့အတူ ‌ဈေးလိုက်ပါ မြင့်တက်နေတယ်လို့ ပြည်တွင်း စားသုံးဆီဈေးကွက် အတွင်းက သိရပါတယ်။

တိုက်ပွဲတွေကြောင့် မြဝတီကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်ပြီး ကုန်စည်စီးဆင်းမှု ခက်ခဲနေချိန်ဖြစ်လို့ ပြည်တွင်းသုံးစွဲမှုများတဲ့ ထိုင်းနိုင်ငံကတင်သွင်းတဲ့ စားသုံးဆီ တံဆိပ်မျိုးစုံဟာ ဈေးမြင့်တက်နေပြီး ပစ္စည်းရှားပါးနေတယ်လို့လည်း ရန်ကုန်မြို့က စားသုံးဆီ လက်လီရောင်းချသူတဦးက ပြောပါတယ်။

“ယိုးဒယားထုတ် ဆီဈေးတွေက တောက်လျှောက်တက်နေတာ၊ တရက် တရက် မနက်ဈေးနဲ့ ညဈေး မတူတော့ဘူး။ ပစ္စည်းကလည်း ရှားသွားတယ်။”

ပြီးခဲ့တဲ့ လကုန်ပိုင်းက ပြည်ပကတင်သွင်းတဲ့ CooK နေကြာဆီ တလီတာ တဘူးကို ၉,၆၀၀  ကျပ်ဝန်းကျင်သာ ရှိရာကနေ အခုလမှာ ၁၀,၇၀၀ ကျပ်အထိ ဖြစ်လာပါတယ်။ ပြည်ပက တင်သွင်းပြီး ဈေးကွက်မှာ လူသုံးများတဲ့ တခြားနေကြာဆီ၊ ပဲပိစပ်ဆီနဲ့ ပဲဆီဈေးတွေကလည်း တလီတာဝန်းကျင် တဘူးကို ကျပ် ၇၀၀ ကနေ ၁,၂၀၀ ဝန်းကျင်အထိ ရက်ပိုင်းအတွင်း ဈေးတက်လာတာ တွေ့ရပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “အရင်ရက်က ဆီတွေ ဝယ်မရဘူး။ ယိုးဒယားကလာတဲ့ ဆီဘူးတွေရော၊ စားအုန်းဆီရော ဝယ်လို့မရဘူး။ ပစ္စည်းမဝင်ဘူး၊ ပြတ်နေတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးက ဈေးမြင့်တက်နေသလို ပြည်တွင်းထုတ်လုပ်တဲ့ စားသုံးဆီဈေးတွေလည်း အဝယ်လိုက်ပြီး ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။

ကုန်ကြမ်းဖြစ်တဲ့ မြေပဲကို တရုတ်ဝယ်လက် ဝယ်ယူမှုရှိတဲ့အပြင် လတ်တလော မြေပဲဆီ စားသုံးမှု မြင့်လာတာကြောင့် ပြည်တွင်း၊ ပြည်ပ အဝယ်လိုက်ပြီး ဈေးမြင့်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ပြည်တွင်းထုတ် ပဲဆီ တပိဿာကို ၁၇,၈၀၀ ကျပ်   ဝန်းကျင်သာ ရှိရာကနေ လက်ရှိမှာ ၁၉,၀၀၀ ကျပ်အထိ ဖြစ်လာပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စားအုန်းဆီ ရည်ညွှန်းဈေးကလည်း အပတ်စဉ် မြင့်တက်နေပြီး အခုသီတင်းပတ်မှာ တပိဿာကို ကျပ် ၅,၃၉၀ သတ်မှတ်ထားပါတယ်။ ပြင်ပဈေးကွက်မှာတော့ တပိဿာကို ကျပ် ၁၀,၀၀၀ ကျော် ဈေးပေါက်နေပြီး ဝယ်ရခက်နေတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013