DVB Logo
Home
မြန်မာသတင်း
လုပ်ငန်းရှင်များကိုဖမ်းပြီးဖြေရှင်းတာက နည်းလမ်းမဟုတ်ဟု စီးပွားရေးလေ့လာသူများ ဝေဖန်
DVB
·
July 8, 2024
လုပ်ငန်းရှင်များကိုဖမ်းပြီးဖြေရှင်းတာက နည်းလမ်းမဟုတ်ဟု စီးပွားရေးလေ့လာသူများ ဝေဖန်
Donate to DVB

စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူနေတာက စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နေကြောင်း ပြသဖို့ဖြစ်ပြီး ဖြေရှင်းဖို့နည်းလမ်း မဟုတ်ဘူးလို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီက အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ တက်တာကို ထိန်းချုပ်ဖို့ အပါအဝင် ရွှေနဲ့ ဒေါ်လာဈေးကွက်ကို ထိန်းချုပ်ဖို့ သက်ဆိုင်ရာလုပ်ငန်းတွေရဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူတာတွေ လုပ်နေတာပါ။

ဒါ့အပြင် အစိုးရသတ်မှတ်ချေးငွေပမာဏထက်ပိုပြီး အိမ်ရာချေးငွေ ထုတ်ချေးတဲ့ ဘဏ်လုပ်ငန်းရှင်တွေကိုပါ အရေးယူခဲ့ပါသေးတယ်။ အခုလို စစ်ကောင်စီ လုပ်ဆောင်နေတာတွေက စီးပွားရေးအခြေအနေမှန်ကို ရောက်ဖို့ တခြားနည်းလမ်း မရှိလို့ဖြစ်ပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တယ်လို့ နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူတဦးဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ပြင်ပဆက်ဆံ ဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက DVB ကို ပြောပါတယ်။

“အာဏာသိမ်းရင် စစ်အစိုးရတွေ တက်လာတဲ့အခါ သူတို့ကြွေးကြော်တာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုပြီး လုပ်တယ်၊ သူတို့ခေတ်ရောက်ရင် ရှင်းပလိုက်မယ် ဆိုတာမျိုးပေါ့။ အဲဒီတော့ ဖြစ်ပုံက ဗိုလ်ချုပ်မိုးမြင့်ထွန်း သူ့လူ သူပြန်အရေးယူရတာတွေ ရှိတယ်၊ ဗိုလ်ချုပ်စိုးထွဋ် ဖြစ်တယ်။ ဆိုလိုတာက သူကိုယ်တိုင်လည်း အဂတိလိုက်စားမှုကို မထိန်းနိုင်ဘူး၊ သူတို့မှာ တခြားနည်းကလည်း မရှိပြန်ဘူး။ မရှိတော့ ဘာဖြစ်လဲ တခုခုဖြစ်ရင် ဒေါ်လာဈေးတွေ ပြဿနာတွေရှိရင် ငွေလဲတဲ့သူတွေ သွားဖမ်းတယ်၊ ဆန်ပြဿနာရှိရင် ဆန်လုပ်ငန်းရှင်တွေ ဖမ်းဆီးမယ်၊ ဖိအားပေးမယ်ပေါ့။ အဲဒီတော့ ကျနော်တို့ စီးပွားရေးသဘောပြောတာပါ ဈေးကွက်ကို အမိန့်ပေးလို့မရဘူး၊ ဈေးကွက်ကို သွားပြီးတော့ ဈေးနှုန်းကို ဒီလောက်ပဲချရမယ်တို့ ဒီလိုလုပ်ရမယ် မရဘူး၊ ဒါကိုက အခြေခံ မှားပါတယ်။”

ဒါ့အပြင် စစ်ခေါင်းဆောင် ပြောဆိုထားတဲ့ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ကုန်ထုတ်စွမ်းအားကို မြှင့်တင်မယ် ဆိုတာကလည်း စီးပွားရေးပြဿနာတွေကို ဖြေရှင်းဖို့ လက်တွေ့မှာ အလုပ်မဖြစ်ဘူးလို့ ဆက်ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဖမ်းဆီးအရေးယူပြနေတဲ့ စစ်ကောင်စီကြောင့် စီးပွားရေး စတင်လုပ်ကိုင်မယ့် အသေးစား အလတ်စား လုပ်ငန်းရှင်တွေ အတွက်ကလည်း ခြိမ်းခြောက်မှုတခု ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်နေရတာက အရိပ်အကဲကြည့်နေရပြီး ရေတိုအစီအစဉ်တွေပဲ ချမှတ်လုပ်ကိုင်လို့ ရတယ်လို့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ကျနော်တို့က ဒီနိုင်ငံမှာ စီးပွားရေးလုပ်ရတာ အရိပ်အကဲ ထိုင်ကြည့်နေရသလိုမျိုးပေါ့။ ဘယ်စီးပွားရေးကမှ မြန်မာပြည်မှာ ပုံသေတွက်ပေးလို့ မရဘူး။ နောက် ၅ နှစ် ဘာလုပ်မယ်၊ ငါ့မှာ ဘာ Plan ရှိတယ်၊ ရေရှည် Plan ချလို့ မရဘူး။ အားလုံးက ရေတိုနဲ့ပဲ သွားနေရတာ။ မြန်မာပြည်မှာ အလုပ်လုပ်နေရတာက ရှင်သန်ဖို့ပဲ လုပ်နေရတာ။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဝင်ငွေတွေ ဘယ်လောက်ပဲ တိုးလာတိုးလာ ချမ်းသာဖို့က မလွယ်ဘူး၊ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ မဟုတ်ရင်ပေါ့။”

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာအရ လာမယ့် ၂၀၂၅ ခုနှစ်၊ မတ်လအထိ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးဟာ ၁ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပြီး စီးပွားရေး ထုတ်လုပ်မှုဟာလည်း ၂၀၁၉ ခုနှစ်ကရှိခဲ့တဲ့ အနေအထားအောက် ၉ ရာခိုင်နှုန်းမှာ ဆက်ရှိနေဦးမယ်လို့ ဖော်ပြပါရှိပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013