
အာဏာသိမ်းစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းလို့ဆိုပြီး သမ္မတ ဘိုင်ဒန်အစိုးရလက်ထက်က ပိတ်ဆို့ဒဏ်ခတ်အရေးယူခံထားရတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်ရဲ့ သမီးဖြစ်သူ မသိမ့်ဝင်းထက်အပေါ် ပိတ်ဆို့အရေးယူထားမှုကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်နဲ့ မိသားစုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက် ၂၀၂၄ ခုနှစ် အစောပိုင်းမှာ စစ်တပ်အတွက်လေယာဉ်ဆီတင်သွင်းပေးတယ်ဆိုပြီး ပိတ်ဆို့ အရေးယူမှု ချမှတ် ခဲ့တာဖြစ်ပါတယ်။
အဲဒီအရေးယူ ပိတ်ဆို့မှုအတွက် မသိမ့်ဝင်းထက်က ဘိုင်ဒန်အစိုးရကို တရားစွဲလျှောက်ထားခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာ ပယ်ချခံခဲ့ရပြီး ဒီနှစ် ဇူလိုင်လမှာ ပြန်ပြီး လျှောက်ထားခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
အဲဒီနောက် အောက်တိုဘာ ၉ ရက်နေ့ရက်စွဲနဲ့ သူ့ကို အရေးယူပိတ်ဆို့မှုကနေ ပယ်ဖျက် ပေးလိုက် တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။











