DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်တွင် ပြည်သူ ၃ ဦးကို PNO ပစ်သတ်၊ တနင်္သာရီတွင် စစ်တပ်က ဘုန်းကြီးကျောင်းပေါ် တပ်စွဲပြီး ပစ်ခတ်နေ
DVB
·
July 7, 2024
ဆီဆိုင်တွင် ပြည်သူ ၃ ဦးကို PNO ပစ်သတ်၊ တနင်္သာရီတွင် စစ်တပ်က ဘုန်းကြီးကျောင်းပေါ် တပ်စွဲပြီး ပစ်ခတ်နေ
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ဒေသခံရွာသား ၃ ယောက်ကို PNO ပြည်သူ့စစ်က သတ်ပစ်ခဲ့ပြီး တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာမှာတော့ စစ်ကောင်စီတပ်ဟာ ရွာထဲက ဘုန်းကြီးကျောင်းဆောင်နဲ့  လူနေအိမ်တွေပေါ်မှာ ဝင်ရောက်တပ်စွဲထားကြပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာမှာ PNO ပြည်သူ့စစ်က ပြည်သူ ၃ ယောက်ကို ပစ်သတ်၊ ၁၀ ယောက်ကို ဖမ်းဆီးသွားသလို ပြည်သူတွေရဲ့ ကားနဲ့အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဇူလိူင် ၆ ရက်နေ့ မနက် ၉ နာရီအချိန်မှာ ခွန်တမျိုး၊ ခွန်ခင်နဲ့ နောက် အတည်မပြုနိုင်သေးတဲ့ အမျိုးသားတယောက်တို့ကို ပစ်သတ်ခဲ့ကြောင်း အတည်ပြုနိုင်တယ်လို့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ထားပါတယ်။

PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “PNO ဟာ စတင်ဖွဲ့စည်းကာစက လွတ်လပ်တဲ့ ပအိုဝ်းပြည် တည်ထောင်မည်ဆိုပြီး ပန်းတိုင်ချမှတ်ခဲ့ပေမယ့် နောက်ဆုံးတော့ စစ်ကောင်စီရဲ့ ကျွန်အဖြစ် ခံယူပြီး ပအိုဝ်းပြည်သူကို ပြန်လည်သတ်ဖြတ်ခြင်းနဲ့ပဲ လမ်းဆုံးနေခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့စစ် ဆိုတာဟာ စစ်ကောင်စီရဲ့ လက်အောက်ခံတပ်ဖွဲ့၊ စစ်ကောင်စီ ပေးတာယူ ကျွေးတာစားပြီး ခိုင်းတာလုပ်ရတဲ့ ကျွန်တပ်ဖွဲ့သာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ စစ်ကောင်စီ အလိုကျ ပအိုဝ်းပြည်သူကို သတ်ဖြတ်နေတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဲဒီရွာသားတွေကို တော်လှန်ရေးအဖွဲ့နဲ့ ပက်သက်မှုရှိတယ်လို့ PNO ပြည်သူ့စစ်က စွပ်စွဲပြီး ပစ်သတ်ခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

ရွာသားတယောက်က “ပအိုဝ်းအနီ(PNLA)အဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး PNO က ဖမ်းပြီးတော့ ရိုက်နှက်တယ်။ ပြီးမှ ပစ်သတ်သွားတာ။ ရွာထဲမှာ ရွာသားနေအိမ်ကိုလည်း မီးရှို့သွားတယ်။ ရွာသားတွေ ဘုန်းကြီးတွေ တောင်းပန်မှ မီးဆက်မရှို့ဘူး။ ရွာကနေအိမ် ၈ လုံး မီးထဲပါသွားတယ်။ တချို့အိမ်တော့ မီးပြန်ငြှိမ်းနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် PNO ပြည်သူ့စစ်တွေဟာ ရွာက အမျိုးသား ၁၀ ယောက်ကိုလည်း ဖမ်းဆီးသွားပြီး ကား ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာသားတွေရဲ့ ဆိုင်ကယ် ၂၆ စီးကိုလည်း ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

နားခိုက်ကျေးရွာဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA စစ်ဦးစီးချုပ်ရဲ့ ဇာတိရွာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့မှာလည်း စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ရွာသား နေအိမ် ၇ လုံးကို လာရောက် မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ရွာထဲက ဘုန်းကြီးကျောင်းဆောင်နဲ့  လူနေအိမ်တွေပေါ်မှာ ဝင်ရောက် တပ်စွဲထားကြပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဘန်းလမွတ်ရွာခံတွေဆီက သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇူလိုင် ၄ ရက်နေ့ မွန်းလွဲပိုင်းမှာ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ ထွက်ခွာလာပြီး ဘန်းလမွတ်ရွာအုပ်စုထဲက ချောင်းညီကိုနဲ့ ရမ်းဖိုရွာကြားမှာ  တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြပြီးနောက် မော်တုန်းရွာအခြေစိုက် အမရ ၃၀၆ တပ်ရင်းထဲကို အင်အားဖြည့်တင်းဖို့ ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် ဇူလိုင် ၅ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ  အမရ ၃ဝ၆ တပ်ရင်းကတဆင့် ဘန်းလမွတ်ရွာထဲ ဝင်လာတဲ့အချိန် စာသင်ကျောင်းကုန်းအနီးမှာ တောဗုံးကြီးအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးပြီး နေ့လယ်ပိုင်းမှာတော့ ဘန်းလမွတ်ရွာက လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းပေါ်ကို ဝင်ရောက်တပ်စွဲခဲ့တာပါ။

ဘန်းလမွတ်ရွာခံတယောက်က “စစ်ကြောင်းမှာပါလာတဲ့ ၆၀ မမ တွေနဲ့ အနီးအနားက ရွာတွေဘက်ကို ပစ်တာပါ။ အဲဒီကျောင်းကုန်းဘက်မှာက အိမ်တွေမှာရော ဘုန်းကြီးကျောင်းမှာပါ ဘယ်သူမှမရှိကြဘူး။ စစ်တပ်က ဝင်တပ်စွဲထားတာပါ။ ရွာအလယ်ပိုင်းနဲ့ အောက်ပိုင်းဘက်မှာတော့ လူနည်းနည်း ရှိကြသေးတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲလေ့ရှိတဲ့ ဘန်းလမွတ်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လလောက်တည်းက ရွာလုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေးလာကြရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာဒေသတွေမှာ နေထိုင်ကြရတယ်လို့ ဘန်းလမွတ် ရွာသားတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013