DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ရန်ကုန် အမှတ် ၁ တပ်မတော် စစ်သားစုဆောင်းရေးတပ်နှင့် ရေဖြူမြို့မရဲစခန်း တိုက်ခိုက်ခံရ
DVB
·
July 7, 2024
ရန်ကုန် အမှတ် ၁ တပ်မတော် စစ်သားစုဆောင်းရေးတပ်နှင့် ရေဖြူမြို့မရဲစခန်း တိုက်ခိုက်ခံရ
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်ကို ဇူလိုင် ၆ ရက် ည ၉ နာရီဝန်းကျင်လောက်မှာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Yangon Army အဖွဲ့တို့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်ကို ပြင်းအားမြင့်လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ခရိုင်တာဝန်ခံ ကိုအောင်က ပြောပါတယ်။ 

“အဲဒီဂိတ်မှာ ပုံမှန်တော့ ၂ ယောက်၊ ၃ ယောက် တွေ့တတ်တယ်ဗျ။ ဗုံးက ဂိတ်အတွင်းကို ကျပါတယ်။ ဂိတ်အတွင်းအထိ ရောက်အောင်ထည့်တာဆိုတော့ ထိခိုက်မှုကရှိမှာပါ။ သူတို့ထဲကျတော့ အတိအကျသိဖို့ရာ မဖြစ်နိုင်လို့ အတည်ပြုဖို့ရာ ခက်ခဲပါတယ်။”

အမှတ်-၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်အတွင်းမှာ စစ်သားအဖြစ် စုဆောင်းခံရသူတွေ ရှိနေနိုင်ပြီး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေ ရှိတယ်လို့ သိရပါတယ်။

ခရိုင်တာဝန်ခံ ကိုအောင်က “ရဲစခန်းကို တိုက်ခိုက်ရင်တောင် ပစ်သေးတာ။ အခုက စကစ နေရာဆိုတော့ ပိုဆိုးတယ်ဗျ။ ထုံးစံအတိုင်း ရမ်းပစ်ပေါ့ဗျာ” လို့ ပြောပါတယ်။ 

အဆိုပါတိုက်ခိုက်မှုမှာ တော်လှန်ရေးအင်အားစုဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ UG တွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး ယန္တရားတွေကို ရပ်တန့်အောင် ကြိုးစားဆောင်ရွက်နေရတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဝေးဝေးနေကြဖို့လည်း သတိပေးထားပါသေးတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ရေဖြူမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်သားနဲ့ ရဲ ပူးပေါင်းအင်အား ၅၀ လောက်ရှိတဲ့ ရေဖြူမြို့မရဲစခန်းကို ဇူလှိုင် ၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြောက်ကျားစနစ်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၁၅ မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးဘက်က အထိအခိုက်အကျအဆုံးမရှိဘူးလို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တာဝန်ခံ ကိုဖိုးချောက ပြောပါတယ်။

“ရေဖြူမြို့မရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်ဝင်ပစ်တာ ၁၅မိနစ်လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်။ ကျနော်တို့ မျက်မြင် ၂ ဦးသေပြီး  ဒဏ်ရာရတဲ့သူလည်း များတယ်။ ရေဖြူမြို့နယ် နေရာတော်တော်များများကော၊ ရဲစခန်းပတ်လည်မှာကော ဝန်ထမ်းတွေများတဲ့အတွက် နည်းနည်းတော့အခက်အခဲရှိခဲ့တယ်။” 

ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီကစ စ်ကြောင်းထိုးနေပြီး ပြည်သူတွေကို လူမဆန်စွာ သတ်ဖြတ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အရင်ကထက် ပိုသတိရှိကြဖို့ သူကဆက်ပြောပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ မြို့တွင်းလုံခြုံရေးကိုတင်းကျပ်ပြီး ရဲစခန်းအနီးတဝိုက်မှာ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ ဓဝယ်အမျိုးလွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ ၁ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကလည်း ထားဝယ်မောင်မယ်ရှောင်ကျေးရွာထဲမှာ ပြည်သူပိုင်ပစ္စည်းတွေ ဝင်ယူနေတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013