DVB Logo
Home
မြန်မာသတင်း
မြေဩဇာဈေးတက်သဖြင့် ရခိုင်လယ်သမားများ အခက်ကြုံ၊ ယိုးတရုပ် စစ်ရှောင်များ အကူအညီလို
DVB
·
July 7, 2024
မြေဩဇာဈေးတက်သဖြင့် ရခိုင်လယ်သမားများ အခက်ကြုံ၊ ယိုးတရုပ် စစ်ရှောင်များ အကူအညီလို
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ် စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေပြီး စက်သုံးဆီနဲ့ ဓာတ်မြေသြဇာစျေးနှုန်းတွေ အဆမတန်မြင့်တက်နေလို့ လယ်သမားတွေလည်း အခက်အခဲ ဖြစ်နေကြရပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ  ထွက်ပြေး တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်နဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီလိုအပ်နေသလို့ ဖျားနာရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေလည်း ဖြစ်ပွားနေကြတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အောင်မြေကုန်းရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေါ်မသန်းက DVB ကို ပြောပါတယ်။

အောင်မြေကုန်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် စစ်ကြောင်းထိုးလာတာကြောင့် အိမ်ခြေ ၁၀၀ ကျော်လောက်က ဒေသခံပြည်သူတွေအားလုံး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီပေးတာမရှိတဲ့အတွက် ဖြစ်သလို ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရကာ ရှိတဲ့သူတွေဆီကနေ ချေးငှားစားသောက်နေကြရတယ်လို့ ပြောပါတယ်။

ယိုးတရုပ်စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၈၀၊ လူဦးရေ ၅၀၀ ကျော် ၆၀၀ လောက်နေထိုင်ကြပြီး စစ်ဘေးရှောင်အရေအတွက် တနေ့ထက်တနေ့ ပိုတိုးလာတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

ကျန်းမာရေးအတွက်လည်း ဆေးဝါး အကူညီတွေလိုအပ်နေတာကြောင့် ပြည်တွင်း ပြည်ပ အလှူရှင်တွေအနေနဲ့ တတ်နိုင်သရွေ့ ထောက်ပံ့ကူညီပေးကြဖို့လည်း သူက မေတ္တာရပ်ခံပါတယ်။

လက်ရှိအချိန်မှာတော့ ရွာမှာကျန်နေခဲ့တဲ့ စပါးတွေ၊ အဖိုးတန်ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေက ခိုးယူကြတဲ့အပြင် ခေါင်မိုးပေါ်က သွပ်တွေကိုပါ ခွာယူကြတယ်လို့ သတင်းကြားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူ ၃ သိန်းကျော်လောက်ရှိနေပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်ထဲမှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး စက်သုံးဆီ ဒီဇယ် တလီတာကို ၁၅,၀၀၀၊ အောက်တိန်း ဓာတ်ဆီ ၁ လီတာကို ၂၀,၀၀၀ လောက်အထိ ဖြစ်နေလို့ လယ်သမားတွေ အခက်အခဲကြုံတွေ့နေကြတယ်လို့ ပုဏ္ဏာကျွန်းမြို့နယ် ဒေသခံတယောက်က DVB ကို ပြောပါတယ်။

ဒါ့အပြင် လယ်တဧကကို ထွန်စက်ငှားရမ်းခ ၂၀၀,၀၀၀ ကျပ်လောက် ပေးရသလို ဓာတ်မြေသြဇာ တအိတ်ကို အရင်က ၇၀,၀၀၀ ကျပ်လောက်သာ ပေးရပြီး အခု ၄၀၀,၀၀၀ ကျပ်လောက်အထိ ပေါက်နေတာကြောင့် လယ်စိုက်ခင်းတွေကို မြေသြဇာထည့်ဖို့လည်း မတတ်နိုင်တော့ဘူး ပြောပါတယ်။

မာန်အောင်မြို့နယ်က လယ်ယာလုပ်ကိုင်သူတယောက်က “ဒီမှာက မြေသြဇာတအိတ်ကို ကျပ် ၈ သိန်း ရှိပါတယ်။ ဒီစျေးနဲ့ မြေသြဇာသုံးနိုင်ဖို့ဆိုတာ တွေးတောင်မတွေးရဲဘူး။ မြေသြဇာ နှစ်တိုင်း သုံးနေတဲ့ လယ်တွေဟာ မသုံးတော့ရင် စပါးအထွက်နှုန်းကျမှာပဲ။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ လယ်မလုပ်ဘဲ နေရင်လည်း မဖြစ်ဘူး။ လုပ်တော့လည်း ရှိစုမဲ့စုလေးတွေပါ ပြုတ်ကုန်တယ်” လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်က လယ်သမားတယောက်ကတော့ တချို့ လယ်ယာလုပ်ကိုင်သူတွေကတော့ ဓာတ်မြေသြဇာ အသုံးမပြုနိုင်တဲ့အတွက် အစားထိုးအနေနဲ့ ဒေသမှာရှိတဲ့ မြေသြဇာအဖြစ် သုံးလို့ရတဲ့ အရာတွေကို အသုံးပြုနေကြတာမျိုးရှိတယ်လို့ ပြောပါတယ်။

“မြေသြဇာက မသုံးနိုင်တော့ဘူး။ ဒါကြောင့် ဒီဘက်မှာပေါတဲ့ ပဲဖတ်တွေကို လယ်ကွင်းတွေမှာ ကြဲချကြတယ်။  မြေသြဇာအဖြစ်ပေါ့။  တချို့လည်း လယ်ထွန်တဲ့အချိန် ဆန်မှုန့်ကြဲချပြီး ထွန်ကြတာ ရှိတယ်။ လယ်သမားတွေကတော့ ဒီလိုပဲ ကြိုးစားပြီးရုန်းနေကြရတာပဲ” လို့ ပြောပါတယ်။

အာရက္ခတပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် မထွန်ယက်၊ မစိုက်ပျိုးရတဲ့ လယ်မြေတွေလည်း အများအပြားရှိပြီး လက်နက်ကြီးသံ၊ ဗုံးသံတွေကြားမှာ ကြောက်လန့်တကြားနဲ့ ထွန်ယက်နေကြရတယ်လို့ ရသေ့တောင်မြို့ ဒေသခံတယောက်က ပြောပါတယ်။

ရခိုင်မှာ အခုနှစ် လယ်ယာလုပ်ကိုင်သူတွေဟာ ဓာတ်မြေသြဇာဈေးအပြင် တခြား သွင်းအားစုတွေ ဈေးအဆမတန်မြင့်တက်နေတာကြောင့် လယ်ဧကလျှော့ချစိုက်ပျိုးလာကြသလို တိုက်ပွဲနဲ့ ဒေသမတည်ငြိမ်တာတွေကြောင့်လည်း မြို့နယ်တချို့မှာ လယ်ယာ မလုပ်ကိုင်နိုင်တာကြောင့် အခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ရခိုင်ကစိုက်ပျိုးဧက သိသိသာသာ လျော့သွားတယ်လို့ တောင်သူ လယ်သမားအရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။

အာရက္ခတပ်တော်(AA)က ပလက်ဝဒေသတခုလုံးအပြင် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့တို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားသလို သံတွဲ၊ တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့နယ်တို့မှာလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013