DVB Logo
Home
မြန်မာသတင်း
လင်းကတောရဲစခန်းကို ဗုံး ၁,၀၀၀ ကျော် ကြဲချခဲ့၊ စစ်သားနှင့်ပျူများ လက်နက်ချရန် PDF မန္တလေး တိုက်တွန်း
DVB
·
July 6, 2024
လင်းကတောရဲစခန်းကို ဗုံး ၁,၀၀၀ ကျော် ကြဲချခဲ့၊ စစ်သားနှင့်ပျူများ လက်နက်ချရန် PDF မန္တလေး တိုက်တွန်း
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောစံပြကျေးရွာမှာရှိတဲ့ နယ်မြေရဲစခန်းကို ဓားမဆိုင်းတပ်တော်က အီနာဂါဗုံးသီး အလုံး ၁,၀၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တို့က ပျူစောထီးတွေ အမြန်ဆုံးလက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ PDF မန္တလေး က သတိပေးတိုက်တွန်းလိုက်ပါတယ်။

လင်းကတောနယ်မြေရဲစခန်းကို ဇွန် ၂၆ ရက်နေ့ကနေ ဇူလိုင် ၂ ရက်နေ့အထိ ၇ ရက် အတွင်း ဒရုန်းနဲ့ အီနာဂါဗုံးသီးအလုံး ၁,၀၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဇူလိုင် ၅ ရက်နေ့မှာ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဓားမဆိုင်းတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “လင်းကတောရဲစခန်းကို ၇ ရက်အတွင်း ဒရုန်းတွေနဲ့ အီနာဂါဗုံးအလုံး ၁,၀၀၀ ကျော် ကြဲချခဲ့တာပါ။ သူတို့စခန်းထဲက အဆောက်အဦ အားလုံးနီးပါး ပျက်စီးကုန်ပါတယ်။ ဘန်ကာလောက်ပဲကျန်ပါတယ်။ အသေအပျောက်တော့ရှိတယ်။ ဒါပေမယ့် မသိရသေးပါဘူး။ စုံစမ်းနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လင်းကတောရဲစခန်းကိုတိုက်ခိုက်မှုအတွင်း စခန်းကိုသိမ်းပိုက်ရရှိကာနီးမှာ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဓားမဆိုင်းတပ်မတော်ရဲ့ တာဝန်ခံတယောက်က “သူတို့စစ်ကြောင်းမလာရင် နောက်ရက်ဆို စခန်းသိမ်းနိုင်ပြီ။ စခန်းသိမ်းပြီးမှ သတင်းထုတ်ပြန်ဖို့ စီစဉ်ထားတာ။ စကစ စစ်ကြောင်းက အင်အားများများနဲ့ဝင်လာတော့ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတာပါ။ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်နဲ့အတူ အဲဒီတပ်မတော်ရဲ့ ဒရုန်းတပ်ဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီး အဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံးလက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ဇူလိုင် ၅ ရက်နေ့မှာ သတိပေး​တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီး အဖွဲ့ဝင်တွေအနေနဲ့ လွဲမှားတဲ့ ယုံကြည်ချက်ကြောင့်ပဲဖြစ်ဖြစ်၊ အဓမ္မတိုက်တွန်း စေခိုင်းခံရမှုကြောင့်ပဲဖြစ်ဖြစ် ပြည်သူ့အပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေကိုရပ်တန့်ပြီး ပြည်သူ့ရင်ခွင်ပြန်လည်ခိုလှုံဖို့က အကောင်းဆုံးနဲ့ နောက်ဆုံးအခွင့်အရေး ဖြစ်​ပါတယ်။ ပြည်သူ့ရင်ခွင်ခိုလှုံမယ့်သူတွေကိုလည်း နွေးထွေးစွာနဲ့ ကြိုဆိုသွားမှာဖြစ်ပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ခွင့်ရစေရမယ်ဆိုတာ ကတိပြုပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ နိုင်ငံတကာစစ်ဥပဒေတွေနဲ့ကျင့်ဝတ်တွေကို လေးစားလိုက်နာတဲ့တပ်ဖွဲ့ဖြစ်တယ်ဆိုတာကို အလေးအနက်သိစေအပ်​ပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပျူစောထီးအဖွဲ့ဝင်တွေအနေနဲ့ အခုတိုက်တွန်းချက်ကိုလက်မခံဘဲ စစ်ကောင်စီနဲ့ဆက်လက် ပူးပေါင်းနေမယ်ဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တန်းတူသတ်မှတ်ပြီး ပြတ်ပြတ်သားသား ချေမှုန်းသွားမယ်လို့ သတိပေးတိုက်တွန်းစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မတ္တရာမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေး (အင်ကြင်းမြိုင်) တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင်တပ်စခန်း၊ ရေစိုတောင်တပ်စခန်း၊ နေကျော်တောင်တပ်စခန်း၊ ရွှေပုထိုးတပ်စခန်း၊ ကျောက်ခလုတ် တပ်စခန်းနဲ့ Alpha ဘိလပ်မြေစက်ရုံရဲ့ စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင်တပ်စခန်း စတဲ့ တပ်စခန်း ၈ ခုနဲ့ စဉ့်ကူးမြို့နယ်အတွင်းက ဒိုးနွယ်ရွာတပ်စခန်း၊ နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီတပ်ခစန်း၊ ရွာတော်လေးတပ်စခန်းနဲ့ နွယ်ရုံရဲစခန်း စတဲ့တပ်စခန်း ၆ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013