DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ဘဏ်စနစ်ရပ်တန့်ပြီး ငွေသားပြတ်လပ်မှု မြင့်တက်လာ
DVB
·
July 5, 2024
ရခိုင်တွင် ဘဏ်စနစ်ရပ်တန့်ပြီး ငွေသားပြတ်လပ်မှု မြင့်တက်လာ
Donate to DVB

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးမှာ ဘဏ်စနစ်တွေ ရပ်တန့်သွားပြီး ငွေသားပြတ်လပ်မှုလည်း မြင့်တက်လာနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရခိုင်တိုက်ပွဲ ၇ လနီးပါးအထိ ကြာမြင့်လာပြီးနောက် မြို့နယ် ၁၇ ခုလုံးမှာ ပုဂ္ဂိုလ်ကဘဏ်တွေ လည်ပတ်မှုမရှိတော့ဘဲ စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့နယ်တွေမှာလည်း မြန်မာ့စီးပွားရေးဘဏ် တခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာလည်း မတ်လကတည်းက ပုဂ္ဂိုလ်ကဘဏ်တွေအားလုံး ရပ်တန့်နေတာဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်မှာလည်း သူတို့ရဲ့ဝန်ထမ်းတွေကို လစာထုတ်ပေးဖို့လောက်ပဲ ဖွင့်ထားတာလို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“စစ်တွေမှာက ပုဂ္ဂိုလ်ကဘဏ်တွေ မတ်လကတည်းက ပိတ်လိုက်ကြတာဖြစ်တယ်။ မြန်မာ့စီးပွားရေးဘဏ်တောင် စစ်ကောင်စီဝန်ထမ်းတွေကို လစာပေးဖို့လောက်ပဲ ဖွင့်ထားတာ။ ကျန်တာ ဘာမှလုပ်လို့မရတော့ဘူး။ စီးပွားရေးသမားတွေမှာတော့ Mobile Banking နဲ့ပဲ အလုပ်လုပ်ကြရတယ်။”

စစ်တွေမြို့မှာ Mobile Banking ငွေထုတ်ခတွေ စျေးမကြီး‌ပေမဲ့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာတော့ Mobile Banking ငွေထုတ်ခ ရာခိုင်နှုန်းတွေ များများပေးကြရတယ်လို့ သိရပါတယ်။

ရခိုင်မြောက်ပိုင်းက AA ထိန်းချုပ်မြို့နယ်တွေမှာ ဘဏ်စနစ်မရှိတော့တာကြောင့် ငွေသားပြတ်လာပြီး Mobile Banking ငွေထုတ်ခတွေဟာ အနိမ့်ဆုံး ၇ ရာခိုင်နှုန်းကနေ အမြင့်ဆုံး ၁၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ မြောက်ဦးမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

“ရခိုင်မြောက်ပိုင်းမှာက ၂၀၂၃ နိုဝင်ဘာလကတည်းက ဘဏ်စနစ်ရပ်တန့်သွားပြီ။ Mobile Banking နဲ့ အလွှဲအထုတ် လုပ်ကြရတာ။ ကုန်စည်တွေကလည်း သွင်းကုန်သာရှိပြီးတော့ ထွက်ကုန်မရှိတာကြောင့် ပြည်တွင်းကငွေတွေဟာ ပြည်ပကိုပဲ ထွက်နေတယ်။ အဲဒါကြောင့် ငွေသားပြတ်လပ်လာပြီးတော့ ငွေထုတ်ခတွေက ခေါင်ခိုက်နေကြတာ။ ငွေတသိန်းကို ထုတ်ခက အနိမ့်ဆုံး ၇ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ပေးရတော့ အခြေခံ လူတန်းစားတွေမှာ ဘာမှမကျန်တော့ဘူး။”

လက်ရှိမှာ စစ်ရေပြင်းထန်နေတဲ့ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ မောင်တောမြို့နယ်တို့မှာလည်း ဘဏ်စနစ်အားလုံး ရပ်တန့်နေသလို စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ ဂွနဲ့ မာန်အောင်တို့မှာလည်း မြန်မာ့စီးပွားရေဘဏ်ကလွဲရင် ပုဂ္ဂိုလ်လိက ဘဏ်စနစ်တွေ ရပ်တန့်နေကြတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်က ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၀ ခုမှာ ဘဏ်စနစ် လုံးဝရပ်တန့်သွားတာကြောင့် ငွေသားတွေကို ရာခိုင်နှုန်းပေးပြီး ကုန်သည်တွေဆီကနေ ဝယ်ယူနေကြရတဲ့အထိ ငွေသားပြတ်လပ်မှု ရှိနေတယ်လို့ မြေပုံမြို့နယ်က Mobile Banking ငွေလွှဲ ငွေထုတ် လုပ်ကိုင်သူတဦးက ပြောပါတယ်။

“ဘဏ်မဖွင့်တော့ ငွေသားလည်းမရှိဘူး။ ငွေသားတွေကို ကူးသန်းရောင်းဝယ်နေကြတဲ့ ကုန်သည်တွေဆီက ရာခိုင်နှုန်းပေးပြီးတော့ ဝယ်ရပြီးတော့ ငွေလွှဲငွေထုတ် လုပ်ရတာ ဖြစ်တယ်။ ဆိုတော့ အဓိက ထိခိုက်မှု အများဆုံးကတော့ အခြေခံလူတန်းစားပဲဖြစ်တယ်။ သူတို့မှာ ချွေးနှဲစာနဲ့ ငွေတသိန်းလွှဲရင်တောင် ၇ ရာခိုင်နှုန်းပေးရဦး၊ ငွေတသိန်းက ၇,၀၀၀ အဖြတ်ခံရပြီးသားဆိုတော့ နစ်နာမှုကတော့ အများဆုံးပဲ။”

ရခိုင်ပြည်နယ်ရှိ ဘဏ်စနစ်တွေ အကုန်လုံး ရပ်တန့်သွားရတာဟာ အင်တာနက်၊ လျှပ်စစ်မီးနဲ့ ဒေသမလုံခြုံမှုတွေကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်တိုက်ပွဲ ၈ လအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ မြို့နယ်အထိ သိမ်းပိုက်ထားပြီး နောက်ထပ် မြို့နယ် ၄ ခုမှာလည်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013