DVB Logo
Home
ဆောင်းပါး
ARSA၊ RSO၊ ARA နှင့် ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ လားရာ
DVB
·
July 5, 2024
ARSA၊ RSO၊ ARA နှင့် ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ လားရာ
Donate to DVB

၂၀၂၁ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင်တစုက တိုင်းပြည်ရဲ့အာဏာကို သိမ်းယူလိုက်ချိန်ကတည်းက ပြည်သူတရပ်လုံး လမ်းပေါ်ထွက် ဆန္ဒပြ၊ နောက်တော့ တောခို လက်နက်ကိုင်၊ အရင်ကတည်းက ရှိနေပြီးသား တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကူအညီယူပြီး ၃ နှစ် တော်လှန်ရေးခရီးစဥ်မှာ ဘုံရန်သူအနေနဲ့ နေရာစုံကနေ တိုက်ခိုက်လာခဲ့ကြတာ အခုဆိုရင် တိုင်းပြည်ရဲ့ နေရာတွေအများစုကို လက်နက်ကိုင် ERO နဲ့ PDF တွေက သိမ်းပိုက်လာနိုင်တဲ့အထိ ဖြစ်လာခဲ့ပါပြီ။

တကယ်လို့ မင်းအောင်လှိုင်သာ ပြုတ်ကျသွားခဲ့ရင်တောင် အရင်အာဏာရှင်တွေက ဗမာဗဟိုပြုစနစ်နဲ့ ရှုပ်ထားခဲ့တဲ့ ဇာတ်လမ်းတွေကို ဆက်လက်ရှင်းရရင်းနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေးခရီးက ရင်လေးစရာတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ပြောလို့ရတာက အခုအခြေအနေက ဘုံရန်သူ(မအလ)ကို ယာယီခရီးသွားဖော်အနေနဲ့ အတူတူ နေရာပေါင်းစုံက တိုက်ခိုက်ပြီး အောင်ပွဲတွေ ရနေခဲ့တာပါပဲ။

နေရာအစုံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနေခဲ့ပြီး သူ့စည်း ကိုယ့်စည်းနဲ့ နေနေခဲ့ပေမဲ့ ရခိုင်ပြည်နယ်မှာတော့ အာရက္ခတပ်တော် (AA) တခုပဲ ရှိနေပြီး တခြားလက်နက်ကိုင်အဖွဲ့တွေ လောက်လောက်လားလား မရှိနေခဲ့တာကလည်း ရခိုင်ပြည်နယ်ရဲ့ ထူးခြားချက်တခုလေလား။

တကယ်က ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ အတူယှဥ်တွဲနေနေကြတဲ့အထဲမှာ ဒုတိယ လူအများစုဖြစ်ကြတဲ့ ရိုဟင်ဂျာတွေကလည်း ခေတ်အဆက်ဆက် အာဏာရှင်အဆက်ဆက်က ဖိနှိပ်ခံခဲ့ရလို့ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း ရှိခဲ့ဖူးပါတယ်။

အရင်အာဏာရှင်တွေက အဆက်မပြတ် နှိပ်ကွပ်ခဲ့ကြတာကြောင့် တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုမတတ် ရှိသွားပေမဲ့ အခု (စကစ) လက်ထက်မှာတော့ ပြန်လည် အသံတွေ ထွက်လာခဲ့ပါတယ်။ အဲဒီအဖွဲ့တွေက ARSA (Arakan Rohingya Salvation Army)၊ RSO (Rohingya Solidarity Organisation) နဲ့ ARA (Arakan Rohingya Army) တို့ဖြစ်ပြီး တခြား လက်နက်ကိုင်အဖွဲ့ သေးသေးလေးတွေလည်း ရှိပါသေးတယ်။

အဲဒီ ရိုဟင်ဂျာ လက်နက်ကိုင်တွေကကော (စကစ)ကို ဘုံရန်သူအနေနဲ့ သဘောထားကြသလား၊ အဲဒီလက်နက်ကိုင်တွေကိုတော့ ရိုဟင်ဂျာပြည်သူတွေက ထောက်ခံ၊ လက်ခံကြသလား ဆိုတဲ့ မေးခွန်းတွေ လက်ရှိမှာ ဖြစ်ပေါ်လာပါပြီ။

အဲဒီမေးခွန်းနဲ့အတူ သူတို့ ရိုဟင်ဂျာလက်နက်ကိုင်တွေကိုကော လတ်တလော ရခိုင်ဒေသမှာ အားကောင်းပြီး အနိုင်ရနေတဲ့ AA က ဘယ်လိုသဘောထားလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်သလို ARSA ၊ RSO၊ ARA နဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေကကော လတ်တလော ရပ်တည်ချက်က (စကစ) နဲ့ ပူးပေါင်းနေတာလား။ သူတို့က AA နဲ့ ပူးပေါင်းချင်ရင်ကော AA က ခွင့်ပြုမှာလား စတဲ့မေးခွန်းတွေကတော့ ကာယကံရှင်တွေကပဲ သိကြမှာပါ။

စကစ နဲ့ ARA

စကစ နဲ့ ARA က ဘယ်လိုပတ်သက်မှု ရှိလဲဆိုရင်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က မောင်တောနယ်မြေ (၃) နယ်ခြားစောင့်စခန်းကို ARA (Arakan Rohingya Army) အဖွဲ့က သိမ်းပိုက်လိုက်ပြီဆိုပြီး ARA ခေါင်းဆောင် Nabi Hussain ကိုယ်တိုင်က ရုပ်သံရိုက်ပြီး လိုင်းပေါ်တင်လိုက်တဲ့ ရုပ်သံတခုကို ဘင်္ဂလားဒေ့ရှ် သတင်းဌာနတခုက ပြသခဲ့ပါတယ်။

အဲဒီရုပ်သံမှာ ARA ခေါင်းဆောင် လုပ်သူက သူတို့ ဒီစခန်းကို သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း၊ အခု စကစ တပ်တွေ ထွက်ပြေးသွားပြီဖြစ်လို့ စခန်းမှာ ကျန်နေခဲ့တဲ့ လက်နက်တွေကို အခု သိမ်းပိုက်နေတာဖြစ်ကြောင်းဆိုပြီး ဗုံးသီးတွေ၊ လောင်ချာတွေ အပါအဝင် လက်နက်ပေါင်းများစွာကို သူ့တပ်ဖွဲ့ဝင်တွေက သယ်ပြီး အံစာတုံး ကားအဖြူတစီးပေါ်ကို တင်ဆောင်နေတာတွေကို ရိုက်ပြခဲ့ပါတယ်။

နောက်တော့ ရက္ခိုင့်တပ်တော်က ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်တာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတယ်လို့ BBC Bangla သတင်းတခုကလည်း ဖော်ပြခဲ့ပါတယ်။

နောက်ထပ် ဘင်္ဂလားအခြေစိုက် သတင်းဌာနတခုမှာလည်း Nabi Hussain တို့က မြန်မာစစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ ရသွားတဲ့ လက်နက်တွေကို ကား ၂ စီးနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို သယ်သွားရာမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်တာ ကားတစီး မိသွားကြောင်းနဲ့ အဲဒီလက်နက်တွေက (စကစ) နယ်ခြားစောင့်တပ်က ထွက်ပြေးခါနီးမှာ ဒက်ကာငွေ ၁၀ သန်းနဲ့ ARA အဖွဲ့ကို ရောင်းချသွားတာလို့ ဖော်ပြထားပါတယ်။

နောက်ထပ်သတင်းတခုမှာလည်း အဲဒီရက်နောက်ပိုင်းမှာတော့ မြန်မာစစ်ကောင်စီတပ်တွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  ထွက်ပြေးလာတဲ့ စကစတပ်တွေထဲမှာ မြန်မာစစ်ကောင်စီက ထားခဲ့ရတဲ့ လက်နက်တွေနဲ့အတူ ဝင်ရောက်လာတဲ့ ARA တပ်ဖွဲ့ဝင် ၂၃ ယောက်ကို (BGP) ဘင်္ဂလားနယ်ခြားစောင့်ရဲတပ်ဖွဲ့က  ဖမ်းဆီးလိုက်ပါတယ်။

အဲဒီဖမ်းခံလိုက်ရသူတွေထဲက အများစုက ကော့ဘဇား ရိုဟင်ဂျာ ဒုက္ခသည်စခန်းက UNHCR ကတ်ပြားတွေ ရရှိထားတဲ့ ဒုက္ခသည်တွေဖြစ်ကြပြီး အခု သူတို့က (ARA) (Arakan Rohingya Army) နဲ့ RSO (Rohingya Solidarity Organization) တပ်ဖွဲ့ဝင်တွေဖြစ်ကြပြီး မနေ့က AA နဲ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ သူတို့ကို လက်နက်မှုနဲ့ အမှုဖွင့်ထားကြောင်းကို ကော့ဘဇားရဲမှူး Mahfuzul က BBC Bangla သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

RSO နဲ့ ရိုဟင်ဂျာပြည်သူများ

ပြီးခဲ့တဲ့ မေ ၂၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူတူပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် ၁ ကွက်ထဲမှာ ရိုဟင်ဂျာကလေး လူငယ် ၃၀ လောက်ကို RSO အဖွဲ့က အိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးပြီး မြန်မာနိုင်ငံကိုပို့ဖို့ လုပ်နေတာကို အမေတွေနဲ့ ဒေသခံ ရိုဟင်ဂျာတွေက မခံနိုင်တဲ့အဆုံး ဝိုင်းပြီး ရိုက်နှက်ပြီး ကလေးတွေကို ကယ်ထုတ်လိုက်ပါတယ်။

ဒေသခံတွေ ဝိုင်းဖမ်းထားတဲ့ RSO ၁၀ ယောက်ကို သူတို့ စခန်းစောင့် ဘင်္ဂလားဒေ့ရှ် ရဲတွေဆီကို မအပ်ရဲကြဘူး။ အပ်လိုက်ရင် ရဲတွေက ပြန်လွှတ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် သူတို့ဟာသူတို့ တနေရာမှာ ကြိုးတုပ်ပြီး ဖမ်းထားလိုက်ကြတယ်။ အဲဒီနေ့မှာပဲ ဒုက္ခသည်စခန်းက လူငယ်တွေ၊ ကလေးတွေက ဒုက္ခသည်စခန်းကိုပတ်ပြီး ဆန္ဒတွေပြကြတယ်။ RSO အဖွဲ့က အဲဒီလူငယ်တွေကို ဖမ်းပြီး မြန်မာစစ်ကောင်စီဆီကို ပို့ပြီး ရောင်းစားနေကြတာလို့ ဒေသခံ ရိုဟင်ဂျာတွေက ပြောကြပါတယ်။

သူတို့ အဲဒီလိုမျိုး ပို့နေတာ ကြာပါပြီ။ လူငယ် ၃၀၀ ကျော်လောက်ရှိနေပြီ။ ဘယ်သူကမှ မပြောရဲကြဘူး။ သူတို့က ဒီဒုက္ခသည်စခန်းထဲမှာ လက်နက်တွေ ကိုင်ခွင့်ရနေကြတာ။ ဘင်္ဂလားရဲတွေက သူတို့ကို မဖမ်းကြဘူး၊ ကလေးတွေဖမ်းပြီး ပို့နေတာကိုလည်း သူတို့တွေ သိတယ်။ သွားတိုင်တော့လည်း ကိုယ့်တိုင်းပြည်အစိုးရက လုပ်ခိုင်းတာမလို့ သူတို့ပြောခွင့်မရှိဘူးလို့ ပြောလွှတ်တယ်။

နောက် ရဲတွေကို လာဘ်ငွေလည်း ပေးထားပုံရတယ်၊ RSO တွေ သူတို့ဘာလုပ်လုပ် လုပ်ခွင့်ပြုထားတော့ စခန်းထဲက ဒုက္ခသည်တွေက RSO တွေကို ကြောက်နေရတာ။

နောက်တခုက သူတို့က ကလေးတွေကို AA ကို ပို့တယ်ဆိုရင်တောင် လက်ခံလို့ရသေးတယ်။ အခုက (စကစ) ဆီကို ပို့နေတာဆိုတော့ ဘယ်လိုမှ သူတို့မခံစားနိုင်တော့ဘဲ ဝိုင်းရိုက် ဖမ်းလိုက်တာ။

အဲဒီရက်မှာပဲ RSO ခေါင်းဆောင် ကိုလင်း (ခ) Mohammed Kolin က သူ့လူတွေကို ဖုန်းနဲ့ လှမ်းပြောခဲ့တဲ့ အသံဖိုင်တခု ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီအသံဖိုင်ထဲမှာ “အခုရက်ပိုင်း ခေါ်လာတာတွေက အရမ်းငယ်ရွယ်သူတွေပဲ များနေတယ်။ ဗလီဆရာတွေ၊ ပရဟိတ ကျောင်းဆရာတွေ၊ အရွယ်ရောက်သူတွေကို ရအောင် ဆွဲခေါ်လာခဲ့။ တားတဲ့သူရှိရင် တားတဲ့သူကိုပါ ခေါ်လာခဲ့၊ အတင်းဆွဲခေါ်လာခဲ့၊ ရိုက်နှက်ပြီး ဆွဲခေါ်လာခဲ့” စတဲ့ ပြောဆိုချက်တခု ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီလိုဖြစ်ပွားပြီး နောက်ရက်ကျတော့ RSO ခေါင်းဆောင် ကိုလင်း (ခ) Mohammed Kolin က ဘင်္ဂလားဒေ့ရှ်ရဲတွေနဲ့အတူ ရောက်လာပြီး သူ့လူတွေ ဖမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတချို့ကို ရဲနဲ့ ဖမ်းဆီးခိုင်းတာ၊ ဆန္ဒဆက်လက်ပြနေသူတွေကို သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲတာတွေအထိ လက်ရဲဇက်ရဲ လုပ်လာခဲ့ပါတယ်။

RSO နဲ့ နီးစပ်တဲ့သူတယောက်ကတော့ “သူတို့လေ့ကျင့်ပေးထားတဲ့ လူငယ်တွေကို သူတို့ ပြန်ခေါ်တာဖြစ်ပြီး အဲဒီလူငယ်တွေကို အရင်ကတည်းက လေ့ကျင့် သင်တန်းပေးထားပြီးသားသူတွေ ဖြစ်ကြောင်း၊ သူတို့ သင်တန်းတွေ စတက်စဉ်ကတည်းက နောင် လိုအပ်တဲ့အချိန်မှာ ခေါ်ယူရင် ချက်ချင်း စစ်မှုထမ်းဖို့ လိုက်ရမယ်ဆိုတဲ့ သဘောတူညီမှု ရှိထားကြောင်း၊ အခု သူတို့ပြန်ခေါ်နေတဲ့ လူငယ်တွေက သူတို့ စစ်ပညာသင်ပေးထားတဲ့ လူငယ်တွေ ဖြစ်ကြောင်း” ပြောပါတယ်။

ဒါပေမဲ့ အဲဒီရက်က ဖမ်းဆီးခံရတဲ့သူတွေမှာ ၁၆ နှစ်အရွယ် လူငယ်တွေပါပြီး အဲဒီထက် ငယ်ရွယ်သူတွေကို ကမ့်ထဲက ကျောင်းတွေထဲအထိ ဝင်ရောက်ဆွဲခေါ်တာတွေရှိကြောင်း ဒေသခံ ရိုဟင်ဂျာတယောက်ဆီက သိရပါတယ်။

၁၄ နှစ်သားတောင် ပြန်ပေးဆွဲတဲ့အဖွဲ့

အဲဒီလိုကိစ္စမျိုးတွေ ရှိသလို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ကော့ဘဇား ဒုက္ခသည်စခန်းကနေ မိသားစုတစု ထိုင်းနိုင်ငံကို ထွက်ပြေးရောက်ရှိလာခဲ့ပါတယ်။

သူတို့မှာ ၁၄ နှစ်အရွယ် သားတယောက် သမီးအငယ် ၂ ယောက်နဲ့ မိသားစု ၅ ယောက်ရှိပြီး ကော့ကဇား ကမ့်အမှတ် ၂၃ ထဲမှာ နေကြရင်း သားဖြစ်သူကို ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ကျောင်းအပြန်မှာ ဖမ်းဆီးသွားပါတယ်။

မိဘအမျိုးတွေက သားပြန်လည်ရရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးစားရင်းနဲ့ နောက်ဆုံးတော့ အဲဒီကလေးအတွက် ဘင်္ဂလား‌ငွေ ဒက်ကာ ၂၀၀,၀၀၀ နဲ့ ရွေးရမယ် ဆိုတာကြောင့် သူတို့ မတတ်နိုင်ကြဘူး။ ဒါကြောင့် ဒုက္ခသည်စခန်းနဲ့ နိုင်ငံခြားရောက် ရိုဟင်ဂျာ အမျိုးတွေထံ အလှူခံပြီး ၁၇၀,၀၀၀ နဲ့ တောင်းပန်ပြီး ပြန်လည်ရွေးနိုင်ခဲ့ပါတယ်။

ကလေးပြန်ရ‌ပေမဲ့ မိဘတွေက ကလေးကို ရွေးဖို့ဆိုပြီး ငွေလိုက်အလှူခံနေတာကြောင့် သူတို့အဖွဲ့အစည်း နာမည်ပျက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိသားစုကို ဆက်လက်ဒုက္ခပေးမှာ စိုးရိမ်ရတာကြောင့် ကမ့်တာဝန်ခံ လူကြီးတွေက သူတို့ကို ဒီမှာဆက်မနေဖို့ ထွက်ပြေးဖို့အတွက် စီစဉ်ပေးလိုက်ရပါတယ်။

သူတို့အစီအစဉ်က မိသားစုတစုလုံးကို ပင်လယ်ထွက်ပြီး တတိယနိုင်ငံတွေကို ခိုးပြီး ကူးနေကျအဖွဲ့တွေထံ အပ်နှံပြီး စက်လှေပေါ် တင်ပေးလိုက်ကြတာပေါ့။

သူတို့မှာ ပေးစရာငွေ မရှိတာကြောင့် အဖေလုပ်သူက စက်လှေပေါ်က အလုပ်တွေကို  ဝိုင်းကူလုပ်၊ အမေလုပ်သူက ချက်‌ပြုတ်ရေးကိစ္စနဲ့ တခြား ခိုင်းချင်ရာ ခိုင်းပါဆိုပြီး အသနားခံပြီး စက်လှေနဲ့ ပင်လယ်ထဲကို လိုက်လာခဲ့ကြပြီး နောက်ဆုံး စက်လှေက ပုသိမ်အနီးမှာ ဆီပြတ်၊ ရိက္ခာပြတ်ပြီး ရွာတရွာမှာ ကမ်းကပ်သွားခဲ့ပြီး စက်လှေပေါ်ပါလာသူ ရိုဟင်ဂျာတွေ ကမ်းပေါ်ကို ပြေးတက်ပြီး ရဲအဖမ်းမခံရအောင် ထွက်ပြေးခဲ့ကြရပါတယ်။

သူတို့မိသားစုကတော့ ဘုန်းကြီးကျောင်းတကျောင်းကို ရောက်ရှိသွားခဲ့ကာ ဘုန်းကြီးရဲ့ သနားမှုနဲ့ သူတို့မိသားစုကို ဘုန်းကြီးက ခေတ္တဝှက်ပေးထားပြီး နောက်တော့ သူ့အစီအစဉ်နဲ့ပဲ မြဝတီမြို့ကို ကားတစီးနဲ့ တင်ပေးလိုက်ပြီး မြဝတီရောက်ရင် ထိုင်းနိုင်ငံဘက်က NGO အဖွဲ့အစည်းတခုကို ဖုန်းဆက်ပြီး ဆက်လက်အကူအညီတောင်းဖို့လည်း ဘုန်းကြီးက ဖုန်းနံပါတ်တွေကအစ ပေးလိုက်ပါတယ်။

နောက်တော့ အဲဒီမိသားစု ထိုင်းနိုင်ငံကို ရောက်လာခဲ့ပြီး သူတို့အဖြစ်အပျက်ကို အခုလို သိခဲ့ရပေမဲ့ သူတို့သားကို ပြန်ပေးဆွဲတဲ့ လက်နက်ကိုင် ရိုဟင်ဂျာအဖွဲ့ရဲ့ အမည်ကို အခုထိ မပြောရဲကြပါဘူး။

ရိုဟင်ဂျာတွေက အဲဒီ လက်နက်ကိုင် ရိုဟင်ဂျာတွေကို ဘယ်လို သတ်မှတ်ကြမှာလဲ။

ရိုဟင်ဂျာ လက်နက်ကိုင်တွေကို ဘယ်သူက အသုံးချနေလဲ

AA ရဲ့ မူဝါဒကတော့ ရခိုင်ပြည်မှာ AA တပ်ကလွဲပြီး မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ ခွင့်မပြုလို့ မူချမှတ်ထားပါတယ်။

စကစ ကတော့ လတ်တလောမှာ စစ်သားမရှိတဲ့ပြဿနာကို ဖြေရှင်းရင်း သူ့ဟာသူ ပြဿနာတွေ ဖြစ်နေစေဖို့အတွက် ခဲတလုံးနဲ့ ပစ်မှတ် ၃ ခုထက်မက ထိမှန်နိုင်ဖို့ စီစဉ်နိုင်ခဲ့ပါတယ်။

ပထမ ပစ်မှတ်က တလျှောက်လုံး နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ထားခံရတဲ့ ရိုဟင်ဂျာတွေကို အတင်းစစ်မှုထမ်းခိုင်းရင်း စစ်သားလိုအပ်တဲ့ ပြဿနာ၊ ရိုဟင်ဂျာနဲ့ AA ကို အမုန်းတရားတွေ ပြန့်ပွားဖို့ကို တပြိုင်နက် လုပ်နိုင်ခဲ့ရသလို၊ ဒုတိယ ပစ်မှတ်အနေနဲ့ ARSA ၊ RSO၊  ARA အဖွဲ့တွေကို လက်နက်တပ်ဆင်ပေး၊ စကစနဲ့ ပူးပေါင်းပြီး AA ကို တိုက်ခိုင်းတာတွေ လုပ်ရင်း ရိုဟင်ဂျာပြည်သူနဲ့ ရခိုင်ပြည်သူ AA နဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တွေကြားမှာ အမုန်းတရားတခုကို စတင်နိုင်ခဲ့ပါတယ်။

တတိယ ပစ်မှတ်အနေနဲ့က ဘုံရန်သူ စကစကို ပြည်သူတရပ်လုံးက တိုက်နေချိန်မှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က အခုလို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး AA ကို တိုက်ပေးဖို့အတွက်လည်း လုပ်ပေးနိုင်ခဲ့ရင်းနဲ့ နောက်ဆုံးတော့ (စကစ) က သူတို့ ရခိုင်ပြည်နယ်ကို လက်လွှတ်ခဲ့ရပေမဲ့ ရခိုင်ပြည်နယ်မှာ စစ်မီးတခု ထပ်မွှေးခဲ့ဖို့ပါပဲ။

ဘညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013