DVB Logo
Home
မြန်မာသတင်း
တပ်ကုန်းတွင် MRTV ဝန်ထမ်း၏ မောင်ဖြစ်သူအပါအဝင် လူငယ်များ ပေါ်တာဆွဲခံရ
DVB
·
May 13, 2026
Photo: CJ
Photo: CJ
Donate to DVB

နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ စစ်အာဏာရှင်ရဲ့ ဝါဒဖြန့်မီဒီယာ MRTV ရဲ့ ဌာနခွဲ မြန်မာ့အသံ ရေဒီယိုက သတင်းနဲ့ အစီအစဉ်တင်ဆက်သူရဲ့ မောင်တယောက် အပါအဝင် လူငယ်တွေကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင် ပေါ်တာဆွဲသွားတယ်လို့ သိရပါတယ်။

မေ ၁၂ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင်(မြောက်) ကျေးရွာမှာရှိတဲ့ အရပ်သားလူငယ် ၁၀ ယောက်ထက်မနည်းကို စစ်အာဏာရှင်တပ်၊ ပြည်သူ့စစ်နဲ့ ပျူစောထီးတွေက နေ့ခင်းကြောင်တောင် ပေါ်တာဆွဲ ဖမ်းခေါ်သွားတာလို့ ပေါ်တာဆွဲခံရတဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ပေါ်တာဆွဲ ဖမ်းခေါ်ခံရတဲ့အထဲမှာ မြန်မာ့အသံ ရေဒီယိုက သတင်းနဲ့ အစီအစဉ်တွေ တင်ဆက်သူတယောက်ရဲ့ မောင်ဖြစ်တဲ့ ပြောင်ကြီး (ခ) မောင်နေမျိုးလင်း အပါအဝင် ဒေသခံ လူငယ် ၁၀ ယောက်ထက်မနည်းကို စစ်တပ်က ပေါ်တာဆွဲသွားတာလို့ ဆိုပါတယ်။

ပေါ်တာဆွဲခံရတဲ့ မိသားစုနဲ့ နီးစပ်သူတယောက်က “MRTV ရဲ့ ဌာနခွဲ ရေဒီယိုအပိုင်းက ဝန်ထမ်းရဲ့မောင် ပေါ်တာဆွဲခံရတာ ဟုတ်တယ်။ ဝန်ထမ်းကောင်မလေး အဖေရဲ့ တူလေးပါ။ ဝမ်းကွဲတော်စပ်တဲ့ မောင်လေးပေါ့။ နေ့ခင်းဘက်ကြီး ရွာထဲဝင် ပေါ်တာဆွဲခံရတာ။ ယောက်ျားလေးတွေချည်းပဲ မနည်းပါသွားတယ်” လို့ ပြောပါတယ်။

MRTV ဌာနခွဲက ဝန်ထမ်းရဲ့မောင်လေး အပါအဝင် ပေါ်တာဆွဲခံရတဲ့သူတွေကို မိသားစုတွေက စစ်အာဏာရှင်တပ်ဆီ ငွေပေးကာ လိုက်လံရွေးနေပေမဲ့ မေ ၁၃ ရက် နေ့လယ်ပိုင်းအထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

နေပြည်တော်က စစ်တပ်နဲ့ နီးစပ်သူတယောက်က “ပေါ်တာဆွဲတာကတော့ ဥပဒေနဲ့မညီဘူးပေါ့။ အခုက ကိုယ့်ဝန်ထမ်းမိသားစုပါ ပြန်အကြံအဖန်လုပ်မိတော့ ငွေနဲ့ကိစ္စပြီးဖို့က ခက်သွားပုံရတယ်” လို့ ပြောပါတယ်။

တပ်ကုန်းမြို့နယ်က ပေါ်တာဆွဲခံရတဲ့ အင်ပင်(မြောက်) ကျေးရွာ အပါအဝင် အရပ်သား အများစုဟာ စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူးတွေဆီ လစဉ် စစ်မှုထမ်းကြေး ထည့်ပေးနေရတာလို့ သိရပါတယ်။

ဒါ့အပြင် တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲကတဆင့် ပေါ်လာတဲ့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အရင် MRTV ကို အဓိက တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး လုပ်ခဲ့တဲ့ ဦးမောင်မောင်အုန်းရဲ့ မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013