DVB Logo
Home
ဆောင်းပါး
ရှမ်းနဲ့ မန်းမှာ ဂိလာနတပ် မျက်ဖြူလန်ဦးမှာလား
DVB
·
July 4, 2024
ရှမ်းနဲ့ မန်းမှာ ဂိလာနတပ် မျက်ဖြူလန်ဦးမှာလား
Donate to DVB

စစ်မျက်နှာတိုင်းမှာ ရှုံးနေတဲ့ ဂီလာနတပ် အရှုံးကို ရင်ဝယ်ပိုက်ကာ ရှမ်းမြောက်ဒေသတွင်း စစ်မျက်နှာသစ် ထပ်ဖွင့်လိုက်ခြင်းမှာ မလုပ်ရဲတာ ဘာမှမရှိတဲ့ မင်းအောင်လှိုင်ရဲ့ ရဲရဲတောက် မိုက်ရူးရဲစိတ်လို့ ဆိုနိုင်တယ်။

ရခိုင်မှာ AA နဲ့ ဖြစ်နေတဲ့စစ် သိပ်မကြာခင်မှာ ရခိုင်ပြည်နယ်တခုလုံး ထိုးအပ်ရတော့မယ့် အခြေအနေအထိ စစ်တပ်က အရှုံးကြီး ရှုံးနေတယ်။ ကချင်ပြည်နယ်မှာ ဆိုရင်လည်း ကေအိုင်အေ ပူးပေါင်းတပ်ရဲ့ အရှိန်ပြင်းလှတဲ့ ထိုးစစ်အောက်မှာ မြို့တော်မြစ်ကြီးနားတောင် နောက်ကျောမလုံတော့တဲ့ ဘဝကို ရောက်နေပြီ ဖြစ်တယ်။ လတ်လတ်ဆတ်ဆတ် ဇွန် ၂၉ ရက်မှာ ချင်းပြည်နယ်၊ မတူပီမြို့ကို တော်လှန်ရေးတပ်တွေဆီ ထိုးအပ်လိုက်ရပြီ ဖြစ်တယ်။ 

မြန်မာနိုင်ငံတောင်ဘက်က ကရင်စစ်မျက်နှာကို ကြည့်မလား။ ၄ ရက်နဲ့ မြဝတီ အရောက်ချီမယ် ဆိုတဲ့ နိုင်ငံတော်အဆင့် နာမည်ကျော် အောင်ဇေယျစစ်ကြောင်း အခု ၃ လပြည့်တော့မယ့် အချိန်မှာတောင် ဒေါနတောင်တန်းကို မကျော်နိုင်။ အောင်ဇေယျစစ်ကြောင်းရဲ့ အကြီးအမှူးဟာ မင်းအောင်လှိုင် စေလိုရာစေနေတဲ့ ချိုင်းထောက် စိုးဝင်းဖြစ်ပြီး စစ်အင်အား၊ လက်နက်ကြီးနဲ့ သံချပ်ကာတွေ အခိုင်အမာ၊ လေကြောင်းပစ်ကူတွေ နင်လား ငါလားနဲ့ ချီခဲ့တာတောင် အခုထိတိုင် ဒေါနတောင်ပေါ်မှာ ပြာခါ။ အောင်ဇေယျစစ်ကြောင်းက လုံးဝ ပွဲပြီးသွားပြီလားလို့ မေးခွန်းထုတ်ရမယ့်အချိန်မှာ မင်းအောင်လှိုင်က ရှမ်းမြောက်မှာ စစ်မျက်နှာ ထပ်ဖွင့်ခဲ့ပြန်တာပ။

ဇန်နဝါရီ ၁၁ ရက်မှာ တရုတ်ရှေ့မှောက် အတည်ပြုခဲ့တဲ့ ရှမ်းမြောက်ဒေသ အပစ်ရပ် ဟိုင်ဂင် သဘောတူညီချက်ကို ဂိလာနတပ်က ပေါ်ပေါ်ထင်ထင် ဖျက်ကာ တဖက်သတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်။ ပြောရရင် အရင့်အရင် တိုက်ပွဲအဆက်ဆက်က တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်ခဲ့တာချည်း။ အခုကျတော့ စစ်မဖြစ် ဖြစ်အောင်ကို ဂိလာနတပ်က တအောင်းတပ်မတော် TNLA တပ်ရှိရာ ဒရုန်းနဲ့ပစ်၊ လက်နက်ကြီးနဲ့ ပစ်၊ လေကြောင်းကနေ ဗုံးကြဲနဲ့။

မင်းအောင်လှိုင်က တရုတ် ကမကထပြုထားတဲ့ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်မိလို့ တရုတ် ငြိုငြင်မှာလားတွေ ဘာတွေ ခေါင်းထဲထည့်ပုံမပေါ်ဘူး။ ဂ်လာနတပ်က TNLA တပ်ကို တဖက်သတ် ပစ်ခတ်နေတဲ့အချိန်  တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း နေပြည်တော် ရောက်လာတယ်။ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ တိန့်ရှီးကျွင်းတို့ တွေ့ဆုံကြပေမဲ့ ဂိလာနတပ်ကတော့ ပစ်စရာရှိတာ အရှိန်မပျက် ဆက်ပစ်နေတာကြောင့် တရုတ်လည်း စိတ်ပျက်မိမှာ သေချာတယ်။

ဒါပေမဲ့ ဟိုင်ဂင်သဘောတူညီချက်ရဲ့ အရေးကြီး အားနည်းချက်က အပစ်ရပ်ခြင်းရဲ့ ဟိုဘက် နောက်ထပ် ခြေတလှမ်း ဆက်မလှမ်းနိုင်ခြင်းပဲ။ ဟိုင်ဂင်သဘောတူညီချက်အရ ရှမ်းမြောက်တခွင် ၅လကျော်ကြာ အပစ်အခတ်ရပ်စဲနိုင်ခဲ့ကြပြီး အပစ်ရပ်ကာလအတွင်း မတ်လနဲ့ မေလတို့မှာ ၂ ကြိမ် ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီ ထပ်မံဆွေးနွေးကြပေမဲ့ ရှေ့တလှမ်းတိုး သဘောတူညီချက်တွေ မရခဲ့ဘူး။

အထူးသဖြင့် ရှမ်းမြောက်ဒေသက စစ်ကောင်စီအတွက် ဝင်ငွေကောင်းလှတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်မဖွင့်နိုင်ခဲ့သလို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလအတွင်း ညီနောင် ၃ ဖွဲ့ သိမ်းပိုက်ခဲ့တဲ့ ရှမ်းမြောက်ဒေသ မြို့ ၁၆ မြို့အရေး၊ နယ်မြေ ပိုင်းခြားသတ်မှတ်ရေး စတဲ့အချက်တွေမှာ ဘာသဘောတူညီချက်မှမရခြင်းက စစ်ကောင်စီရဲ့ငယ်ထိပ်ဆီ မကြာခဏ သွေးဆောင့်တက်စေတယ်။

စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ရေးနဲ့ မြို့ ၁၆ မြို့ပြန်လည်ရရှိရေးကို ဟိုင်ဂင်စားပွဲဝိုင်းကနေ သွားလို့မရဘဲ ပြန်တိုက်နိုင်မှ ရမယ်ဆိုတာ ကောင်းကောင်းသဘောပေါက်လိုက်ပုံပါပဲ။ ပြီးတော့ ရှမ်းမြောက်ဒေသတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ် MNDAA တို့ အချိန်မရွေး ပြန်တိုက်နိုင်တယ်လို့လည်း စိုးရိမ်စိတ်ကြီးနေပုံရတယ်။

အဲဒါနဲ့ စိတ်မထိန်းနိုင်တဲ့ စစ်ကောင်စီက ဖြစ်ချင်ရာဖြစ် ထိုးအန်ချလိုက်ပုံရတယ်။ သတင်းတွေအရ နေပြည်တော်လို နေရာမျိုးရဲ့ လုံခြုံရေးကိုတောင် စစ်မှုထမ်းဟောင်းတွေ၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ အစားထိုးပြီး တိုက်ဖူး၊ ခိုက်ဖူးတဲ့ စစ်သားတွေနဲ့ အခုမှ သင်တန်းဆင်းတဲ့ စစ်မှုထမ်းအပတ်စဉ် ၁ စစ်သားသစ် ၅၀၀၀ ထက်မနည်းကိုလည်း ရှေ့တန်းပို့ အင်အားဖြည့်ကာ ရှမ်းမြောက်မှာ ကျည်စဖောက်လိုက်ပုံပဲ။

ဒါပေမဲ့ ဇွန် ၂၅ ရက်၊ TNLA ပူးပေါင်းတပ်က သေနတ်ချင်းဆိုင် ထိုးစစ်စလိုက်တဲ့အချိန်မှာတော့ ဂိလာနတပ်ဟာ အစဉ်အလာမပျက် တိုက်တိုင်းရှုံးဘွဲ့ကို ဆက်လက်ခံယူလိုက်ပြန်တယ်။ TNLA ထိုးစစ်စတင်တဲ့အချိန်မှာပဲ နောင်ချိုနဲ့ ကျောက်မဲမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလိုက်နိုင်ခြင်းက ၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်စိတ်ကို ဖော်ပြနေတယ်။

ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးဟာ ရက်ပိုင်းအတွင်း နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့တွင်းထဲ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်။ လက်နက်ခဲယမ်းများစွာလည်း ရရှိခဲ့တယ်။ စစ်ဆင်ရေး ၅ ရက်တာအတွင်း စစ်တပ်အရာရှိ ၅ ဦး အပါအဝင် စစ်သားနဲ့ ရဲ စုစုပေါင်း ၅၃ ဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်တယ်။

ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ထူးခြားချက်က ရှမ်းမြောက်ကိုတင် ထိုးစစ်ဆင်နေခြင်း မဟုတ်ဘဲ မန္တလေးတိုင်းထဲက မိုးကုတ်၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တို့ကိုပါ တပြိုင်နက် ထိုးစစ်ဆင်နိုင်ခြင်းပဲ ဖြစ်တယ်။ အဲဒါကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ရှမ်းမန်းစစ်ဆင်ရေးလို့ ခေါ်တွင်၊ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီကို ရူးခါစေမယ့် လားရှိုး၊ ပြင်ဦးလွင်နဲ့ မန္တလေးတို့ကိုပါ တပြိုင်တည်း ခြိမ်းခြောက်နေပြီဖြစ်ကြောင်း ပေါ်လွင်စေခဲ့တယ်။

ဇူလိုင် ၂ ရက်နေ့၊ MDY-PDF ရဲ့ ထုတ်ပြန်ချက်က မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း စစ်တပ်စခန်း ၈ ခုကို အပြီးသတ် သိမ်းပိုက်ထားပြီဖြစ်ကြောင်းနဲ့ စစ်သုံ့ပန်းနဲ့ လက်နက်ချ ၆၄ ဦး၊ တပ်မိသားစုဝင် ၁၁၇ ဦးကို ထိန်းသိမ်းထားကာ လက်နက်မျိုးစုံ ၁၂၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားတယ်။

ဇွန် ၂၅ ရက် TNLA ထိုးစစ် စတင်ချိန်မှာ ကိုးကန့်တပ် MNDAA ဘယ်ပျောက်နေသလဲလို့ မေးခွန်းထုတ်ကြတယ်။ ဟိုင်ဂင်သဘောတူညီချက်ဟာ TNLA နဲ့ စစ်တပ်ကြားသာ တစိတ်တပိုင်း ပျက်ပြီး MNDAA နဲ့ ဆက်လက်တည်မြဲနေတာလားလို့လည်း စောင့်ကြည့်ကြရတယ်။

ဒါပေမဲ့ ဇွန် ၂၉ ရက် သတင်းပေးပို့ချက်တရပ်က ကိုးကန့်တပ် MNDAA ရဲဘော် ၁၀၀၀ ကျော် လက်နက်ကြီးတွေနဲ့ သီပေါဘက် ရောက်ရှိတပ်စွဲနေပြီလို့ ဆိုတယ်။ ပြီးတော့ လားရှိုးမြို့နယ်ထဲမှာပဲ MNDAA တပ်ကို စစ်တပ်က လာရောက်တိုက်ခိုက်ကြောင်း MNDAA ထုတ်ပြန်။ ဇူလိုင် ၃ ရက်နေ့ မနက်သတင်းက လားရှိုးမြို့နယ်ထဲက စစ်တပ်စခန်းတွေကို MNDAA နဲ့ပူးပေါင်းပြီး ရှမ်းပြည်တပ်မတော် SSA ကပါ ပူးပေါင်းတိုက်ခိုက်နေပြီလို့ ဆိုတယ်။

ဆိုတော့ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးမှာ ပွဲပိုစည်လာ၊ အခု ဇူလိုင် ၃ ရက်ညအထိ မြင်ရ ကြားရသမျှတွေကို စုစည်းကြည့်လိုက်တော့ ဂိလာနတပ်ဟာ အရင်အတိုင်း သူရဲ့ အားသာချက် ဖြစ်တဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုနဲ့ ပြည်သူထိထိ၊ ဘယ်သူထိထိ ထိချင်ရာထိ ပစ်နေတာ တွေ့ရပြီး မြေပြင်တိုက်ပွဲတွေမှာတော့ စစ်တပ် နိုင်လိုက်တယ်ဆိုတာမျိုး မကြားရသေးဘူး။

လတ်တလော သတင်းတွေအရ MDY-PDF နဲ့ ပူးပေါင်းတပ်တွေက မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး။ TNLA ပူးပေါင်းတပ်က နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နဲ့ ပြင်ဦးလွင်ဘက် ဆက်ထိုးမယ့်ပုံ။ MNDAA ပူးပေါင်းတပ်က လားရှိုးကို အပြုတ်နှံမယ့်သဘော။

စစ်တပ်က တစုံတရာ ကြိုတင်ပြင်ဆင်မှုရှိထားတာကြောင့် ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးထက် ပိုခက်ခဲနိုင်တယ်။ ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးကို ဂငယ်ကွေ့ ချိုးချခဲ့နိုင်တာကြောင့် အခု ဒုတိယအကျော့မှာလည်း အရွေ့ကြီးကြီး ရွေ့ဖို့ ပြည်သူတို့ သိပ်မျှော်လင့်နေကြတာ အသေအချာပါပဲ။

ထွန်းလင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013