DVB Logo
Home
မြန်မာသတင်း
ရခိုင်၊ ကချင်၊ ရှမ်းမြောက်တို့၌ တိုက်ပွဲပြင်းထန်၊ အရပ်သားကာကွယ်စောင့်ရှောက်မှု စိုးရိမ်စရာ ဖြစ်လာဟု ကုလထုတ်ပြန်
DVB
·
July 4, 2024
ရခိုင်၊ ကချင်၊ ရှမ်းမြောက်တို့၌ တိုက်ပွဲပြင်းထန်၊ အရပ်သားကာကွယ်စောင့်ရှောက်မှု စိုးရိမ်စရာ ဖြစ်လာဟု ကုလထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံတဝန်း ပဋိပက္ခနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အရပ်သား ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေ တိုးမြင့်လာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ထုတ်ပြန်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ မကြာသေးခင် လတွေအတွင်းက တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ အမျှ လူထောင်ပေါင်းများစွာဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး မြို့တော်စစ်တွေမြို့အနီးအနား နေရာတွေမှာ အသစ်စိုက်မိုင်း၊ အဓမ္မ နှင်ထုတ်မှုနဲ့ အစုလိုက်ဖမ်းဆီးမှုတွေနဲ့အတူ အရပ်သားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်စရာတွေ တိုးမြင့်လာနေပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်က မြို့နယ် အများအပြားမှာလည်း တိုက်ပွဲတွေ ပြင်းထန်လာပြီး ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အနား ၆ မိုင်အကွာလောက်အထိ နီးကပ်လာနေတာကြောင့် လူအများအပြား နေရပ်စွန့်ခွာမှုရှိတယ်လို့ သိရပါတယ်။ 

ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ အကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားခဲ့ပြီး ဇွန်လ နောက်ဆုံးပတ်အတွင်း မြို့နယ် အများအပြားမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တယ်လို့ UNOCHA Myanmar က ပြောပါတယ်။

ဒါ့အပြင် မြေမြှုပ်မိုင်းတွေ ပျံ့နှံ့နေတာ၊ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေ အပြင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ရှိရင်းစွဲ ဆိုးရွားပြီးဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ပိုမို ဆိုးရွားလာစေတယ်လို့လည်း ဆိုပါတယ်။

တနိုင်ငံလုံးမှာလည်း လူဦးရေ ၃ သန်းလောက် ပြည်တွင်းနေရပ်စွန့်ခွာရနိုင်ကြောင်း ခန့်မှန်းထားပြီး အသစ် နေရပ်စွန့်ခွာ လူထုကတော့ မုတ်သုံရာသီရဲ့ ပြင်းထန်တဲ့ ရာသီဥတု ဒဏ်ကြားမှာ သင့်လျော်တဲ့ မှီခိုရာနေရာမရှိဘဲ နေထိုင်နေကြရတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့ ၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေး လုပ်ငန်းစီမံချက်ဟာ ၆ လကြာခဲ့ချိန်အထိ ရန်ပုံငွေရရှိမှု အလွန်နည်းပါးနေပြီး လိုအပ်ချက်ရဲ့ ၁၂ ရာခိုင်နှုန်းလောက်သာ ရရှိနေသေးတာမို့ ထိခိုက်ခံစားခဲ့ရသူတွေအတွက် တုံ့ပြန်ရေး ဆောင်ရွက်မှုတွေ ပံ့ပိုးကူညီရန်အတွက် ရန်ပုံငွေတွေ ထပ်မံလိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၃ သန်းကျော်ထိရှိလာတာက ဆိုးဝါးတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်လာတယ်လို့  ကုလသမဂ္ဂက ပြီးခဲ့တဲ့လတုန်းက ထုတ်ပြန်ထားပြီး ဒီကိန်းဂဏန်းအချက်အလက်တွေဟာ ပြီးခဲ့တဲ့ ၆ လတာ အတွင်း ၅၀ ရာခိုင်နှုန်းလောက် သိသိသာသာ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုနက်ရှိုင်းတဲ့ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့အတူ ချောက်ကမ်းပါးထိပ်မှာ ရပ်တည်နေပြီး နိုင်ငံအနှံ့အပြား ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် စံချိန်တင်နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013