
ချင်းပြည်နယ် ထန်တလန်မြို့မှာ မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုအတွက် စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်ကို တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနဆီ မှာ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ တင်ပြထားပြီး လိုအပ်ရင် အယူခံထပ်ဝင်မယ်လို့ သိရ ပါတယ်။
ဖိလစ်ပိုင်တရားရေးက နယ်နိမိတ်ကျော်လွန်မှုကို အကြောင်းပြပြီး ပယ်ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ပေးဖို့ တင်ပြထားပြီး အယူခံဝင်ဖို့ကိုလည်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဘက်က ပြင်ဆင်နေတာပါ။
CHRO အဖွဲ့ပြောခွင့်ရသူ Salai Mang Hre Lian က "ထန်တလန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရဖို့ ကြိုးစားနေတာမှာ စီမံခန့်ခွဲမှုဆိုင်ရာ အဟန့်အတားတွေ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာအခက်အခဲတွေကြောင့် လမ်းမပိတ်သွားစေဖို့ ဖိလစ်ပိုင် တရားရေးဝန်ကြီး ဌာနဆီမှာ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပေးဖို့ (Motion for Reconsideration) တင်ပြပြီး ကျနော်တို့ ရှေ့ဆက်ဆောင်ရွက်နေပါတယ်။ ခုလည်း ထပ်တင်ပြပြီး ပြီဆိုတော့ ရလဒ် ပေါ်မှာ မူတည်ပြီးတော့ လိုအပ်ရင် appeal court ကိုသွားမှာပါ။ အယူခံကိုတော့ နောက်လမှာ စီစဉ် ထားတယ်” လို့ DVB ကို ပြောပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလထဲ ထန်တလန်မြို့ကို စစ်တပ်တွေ ထိုးစစ်ဆင်ခဲ့တုန်းက သတ်ဖြတ် ခံခဲ့ရသူတွေနဲ့ နေအိမ်မီးရှို့မှုကြောင့် နစ်နာခဲ့ရသူတွေ ကိုယ်စား ၂၀၂၃ ခုနှစ်မှာ CHRO က မင်းအောင်လှိုင်အပါအဝင် ၉ ယောက်ကို ဖိလစ်ပိုင်မှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ ပြည်သူ့ဥပဒေအမှတ် ၉၈၅၁ (Republic Act No. 9851) အရ ဒီလိုတရားခံတွေကို အပြစ်ပေးအရေးယူဖို့ ဥပဒေအရတာဝန်ရှိသူကြောင်းနဲ့ မေ ၁၅ ရက်မှာ ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိတဲ့အကြောင်း CHRO ဘက်ကပြောထားပါတယ်။
တဖက်မှာလည်း စစ်အာဏာရှင် မင်းအောင်လှိုင်က အတုအယောင်ရွေးကောက်ပွဲကနေတဆင့် တရားဝင်အစိုးရဖြစ်အောင် ကြိုးစားနေပေမဲ့သူ့ရဲ့စစ်တပ်တွေဟာ ချင်းပြည်နယ်ထဲကို ပြန်ဝင်လာပြီး မြို့ရွာတွေကို ဖျက်ဆီး၊ လူပေါင်းသောင်းနဲ့ချီ ထွက်ပြေးရအောင်လုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ထပ်ခါတလဲလဲ ကျူးလွန်နေတယ်လို့ Salai Mang Hre Lian က ပြောပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှာ အမှုဖွင့်ခံထားရပြီး အရှေ့တီမောနိုင်ငံမှာ တိုင်ကြားထားတဲ့အမှုကတော့ လက်ရှိမှာ ခရိုင်တရားရုံးကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။










