DVB Logo
Home
မြန်မာသတင်း
ဘားအံပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ ဆေးကုသသူများထံမှ ငွေတောင်းခံ
DVB
·
July 3, 2024
ဘားအံပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ ဆေးကုသသူများထံမှ ငွေတောင်းခံ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ ကရင်ပြည်နယ်၊ ဘားအံ ပြည်သူ့ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေဟာ ဆေးကုမှုခံယူနေတဲ့ လူနာတွေနဲ့ ပြင်ပလူနာတွေဆီကနေ ငွေတောင်းခံတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။ 

ဒါ့အပြင် အရိုးအထူးကုသဆောင်က ကျန်းမာရေးဝန်ထမ်းတွေဟာ အရိုးထိခိုက်ဒဏ်ရာရရှိသူတွေ၊ ပြင်ပလူနာတွေအနေနဲ့ ဆေးရုံကနေ ဆေးဝယ်ယူရပြီး ပိုငွေအမ်းရာမှာလည်း အကြွေမရှိတဲ့အတွက် တခြားဆေးဝါးတွေပေးတဲ့အပြင် လူနာတွေဆီကနေ အလှူငွေလို့ပြောပြီး တယောက်ကို ကျပ် ၁၀,၀၀၀  မဖြစ်မနေ ထည့်ခိုင်းတယ်လို့ ငွေပေးခဲ့ရတဲ့လူနာတွေက ပြောပါတယ်။

ငွေပေးခဲ့ရတဲ့လူနာတဦးက “အရိုးအထူးကုကြည့်တဲ့နေရာမှာ သူတို့ဆေးရုံးမှာရှိတဲ့ တချို့ဆေးတွေ ပေးတယ်၊ ပေးပြီးရင် အလှူငွေထည့်ခိုင်းတယ်၊ အလှူငွေ ၁၀၀၀၀ လာပြတဲ့သူတွေ ထည့်ရတယ်။ လာပြန်ပြတဲ့ အတွင်းလူနာတွေ အနာတွေပြန်ချုပ်တာတို့၊ ကြိုးပြန်ဖြေတာတို့ အဲတာတွေလည်း ထည့်ရတယ်။ မရှိနွမ်းပါးတဲ့သူတွေက မရှိလို့ ဆေးရုံကိုသွားရတာ အခက်အခဲဖြစ်တာပေါ့။ ပြီးရင် သူတို့က နာမည်တပ်ပြီး အလှူငွေ ၁၀,၀၀၀ ထည့်ရမယ်ပြောတာ။ မရှိလည်း ထည့်ရမှာပဲ။ သူတို့က ထည့်ခိုင်းတာကို” လို့ ပြောပါတယ်။

ဘားအံပြည်သူ့ဆေးရုံ သွားရောက်ပြသတဲ့ လူနာတွေအနေနဲ့ လိုအပ်တဲ့ ဆေးဝယ်ယူတာ၊ ဆီး၊ သွေး၊ ဓာတ်ခွဲစစ် ဆေးတာတွေကို ကျန်းမာရေးဝန်ထမ်းတွေ လမ်းညွှန့်တဲ့ အပြင်ဆေးဆိုင်တွေမှာပဲ ဝယ်ယူလုပ်ဆောင်ရတယ်လို့ လူနာရှင်တွေက ပြောပါတယ်။ 

ဒါ့အပြင် တခြားဆေးကုသဆောင်က ကျန်းမာရေးဝန်ထမ်းတွေကပါ အလှူငွေ ကောက်ခံတာတွေကြောင့် ဆေးကုသမှုခံယူနိုင်ဖို့ ချေးငှား ပေါင်နှံ ရောင်းချပြီး ဆေးကုသနေရတယ်လို့  ငွေပေးခဲ့ရတဲ့ လူနာရှင်တွေက ‌ပြောပါတယ်။

ငွေပေးခဲ့ရတဲ့လူနာရှင်တဦးက “ဆေးရုံမှာ ငွေပေးရတာ ဟုတ်တယ်။ ငွေပေးနေရတာတွေ ရှိတာပေါ့။ ငွေမပေးရင်သူတို့မှ မကုပေးတဲ့ဟာကို။ ငွေကြေးမတတ်နိုင်တဲ့သူတွေက အခက်အခဲမျိုးစုံရှိတာပေါ့။ မရှိရင် ချေးရမယ်၊ ချေးမရရင် ရှိတာလေးတွေ ပေါင်နှံရောင်းချပြီးတော့ ဆေးကုရတယ်။ ဆေးမကုရင် ရောဂါဒဏ်ခံမှ မခံနိုင်တော့တာ။ တချို့ဆိုရင် သေမှာကြောက်လို့ မရှိရှိတာ ရောင်း ပေါင် ချေးငှား ဆေးကုရတယ်” လို့ ပြောပါတယ်။

ဘားအံပြည်သူဆေးရုံကြီး အရိုးအထူးကုသဆောင်မှ, အထူးကုဆရာဝန်ကြီးက တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနေ့တွေမှာ အရိုးအကြောပြင်ပလူနာတွေကို  ကြည့်ရှုပေးနေပြီး ပြင်ပလူနာတွေဆီကနေ ကျန်းမာရေးဝန်ထမ်းတွေက ငွေတောင်းယူတာမရှိဘူးလို့ အရိုးအထူးကုသဆောင် (တာဝန်ခံ) အရိုးအထူးကု ဆရာဝန်ကြီး ဒေါက်တာရဲကျော်သူက ပြောပါတယ်။

“ဆရာတို့အနေနဲ့ စေတနာနဲ့ကို လုပ်ပေးတယ်။ Record တွေယူထားတယ်။ ဘားအံမြို့ပေါ်က သိပ်မလာလိုဘူး။ နယ်တွေများတယ်။  တနင်္လာ၊ ကြာသာပတေး ပုံမှန်ကြည့်တယ်။ အဝေးကလူဆို အခက်အခဲဖြစ်လို့ မုန့်ဖိုးတွေပါပေးတယ်။ ဆရာတို့ဆီမှာ အဲဒါမျိုး ငွေတောင်းယူတာ မရှိဘူး။ အဆင်ပြေအောင်ကို လုပ်ပေးနေတာ။ အဲလိုစည်းကမ်းဖောက်ဖျက်ဖို့က ကုသရေးဆိုတော့ လူအသက်ကို အသေအကျေကယ်ရတာ။ မနက်မိုးလင်းကတည်းက  လုပ်နေရတာ။ ငွေတောင်းခံတာ ရှိမရှိ ဆရာ ပြန်မေးလိုက်ပါမယ်။” 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းက ဒေသခံပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးတာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဒါ့အပြင် နေထိုင်မကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ခွဲစိတ်ကုသမှုခံယူရမယ့် လူနာတွေဟာ ဘားအံပြည်သူ့ဆေးရုံက ငွေတောင်းခံတာ၊ ဆေးဖိုးကုန်ကျစရိတ် ကြီးမြင့်တာကြောင့်  ကုန်ကျစရိတ်သက်သာတဲ့ တောင်ကလေးကျေးရွာအခြေစိုက် အမှတ် ၁၀ စစ်မြေပြင်ဆေး တပ်ရင်း(ကုတင် ၁၀၀)မှာ သွားရောက်ဆေးကုသမှု ခံယူသူတွေများတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013