DVB Logo
Home
ဆောင်းပါး
တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုက ကမ္ဘာ့အစီအစဉ်သစ်ကို ဘယ်လိုပုံလောင်းနေသလဲ
DVB
·
July 3, 2024
တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုက ကမ္ဘာ့အစီအစဉ်သစ်ကို ဘယ်လိုပုံလောင်းနေသလဲ
Donate to DVB

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ ရှိနေဆဲပေမဲ့ အမေရိကန် ငွေတိုက်စိုးဝန်ကြီး ယဲနက်ယဲလန် (Janet Yellen)၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) နဲ့ တခြား ယူအက်စ်အရာရှိတွေက တရုတ်နိုင်ငံကို သွားရောက်လည်ပတ်၊ စကားပြောဆိုနေကြတုန်း ရှိပါတယ်။ ကိစ္စအများစုမှာတော့ ဘက်နှစ်ဖက် သဘောမတူညီနိုင်တာတွေ အများအပြား ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ စကားဆက်ပြောနေတာကိုက ပထဝီနိုင်ငံရေးအတွက် အရေးပါတဲ့ကိစ္စပါပဲ။ ပြီးခဲ့တဲ့နှစ်ကတော့ ဆက်ဆံရေးတွေ ပြတ်တောက်ခဲ့ရပါတယ်။ အမေရိကန်ကွန်ဂရက် လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်လည်ပတ်တဲ့ခရီးစဉ် ပြီးတဲ့နောက် ပြဿနာတွေ တက်ရပါတော့တယ်။ အမေရိကန်ဘက်ကလည်း တရုတ်ရဲ့ စပိုင်ဘောလုံးပျံ ဆိုပြီး စွပ်စွဲ ပစ်ချတာမျိုး ရှိခဲ့ပါသေးတယ်။ အန္တရာယ်များပြီး မတည်ငြိမ်စရာ အကြောင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဆန့်ကျင်ဘက်သဘော ရှိနေသူတွေက ထိတွေ့ စကားမပြောကြတော့ဘဲနေရင် အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိပ်တိုက်တွေ့မှုတွေအထိပါ ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကို ဖြတ်သန်းလာတော့ စကားပြောဆိုနေရုံနဲ့ အကွဲအပြဲတွေကို ပေါင်းကူးတံတား မထိုးနိုင်လောက်ဘူးဆိုတာ ပိုမိုပေါ်လွင်လာပါတယ်။ စူပါပါဝါ မဟာအင်အားကြီးတွေအကြား ပဋိပက္ခက ဆက်ရှိနေမှာပါ။ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လာရင်၊ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်လာရင်၊ ကုန်သွယ်ရေးတင်းမာမှု ပိုပြင်းထန်လာခဲ့ရင် ပိုပြီးဆိုးလာဖို့ပဲ ရှိပါတယ်။ ရေရှည် ထိပ်တိုက်တွေ့မှုတွေအထိ ဖြစ်လာနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု-တရုတ်အကြား ခွာပြဲမှုတွေ ဆက်လက်ဖြစ်လာရင်၊ ကမ္ဘာလုံးဆိုင်ရာ အင်စတိကျူးရှင်းတွေ၊ ဖိုရမ်တွေ၊ အဖြေရှာမှုတွေက အကြီးဆုံး ဆုံးရှုံးနစ်နာဖို့ ရှိပါတယ်။ ဒီကြားထဲမှာ ဒေသဆိုင်ရာ မဟာမိတ်ဖွဲ့မှုတွေက ရှေ့တန်းရောက်လာပြီး ပိုလို့ အရေးကြီးလာပါလိမ့်မယ်။

ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) လို အဖွဲ့အစည်းတွေမှာ အားနည်းချက်တွေ တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဝါရှင်တန် နွေဦးအစည်းအဝေးတွေမှာ ပိုထင်ရှားလာပါတယ်။ IMF ကော်မတီက အစည်းအဝေးအပြီးမှာ ထုတ်ပြန် ကြေညာချက်တောင် မထုတ်နိုင်ခဲ့ပါဘူး။ ဖြစ်ခဲ့တာက ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ဖြစ်ရတဲ့ သက်ရောက် ရိုက်ခတ်မှုအကြောင်း ဖော်ပြဖို့ ကြိုးစားရာမှာ တရုတ်နဲ့ မဟာမိတ်တွေက ကန့်ကွက်ခဲ့ကြတာပါ။ အမေရိကန်နဲ့ ဥရောပအစုရှယ်ယာဝင်တို့က သူတို့အရေးလည်း ဖြစ်နေတော့ စစ်ပွဲနဲ့ သက်ရောက်ထိခိုက်မှုတွေကို အသိအမှတ်ပြု ဖော်ပြစေလိုကြပါတယ်။ အခုလို ဒီကိစ္စကို မဖော်ပြနိုင်ဘဲ တိတ်ဆိတ်နေခဲ့ရတာက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ပူတင်တို့အတွက် အောင်ပွဲ ဖြစ်စေခဲ့ပါတယ်။

အင်အားကြီးနိုင်ငံ ၂၀ အုပ်စု (G20) အနေနဲ့လည်း ပိုလို့ ကွဲပြား၊ ပိုလို့ မထိရောက် ဖြစ်လာရပါတယ်။ ၂၀၀၈-၀၉ ကာလတုန်းကနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် G20 ခေါင်းဆောင်တွေက ကမ္ဘာ့ငွေကြေး အကျပ်အတည်း ဖြစ်လာတော့ ချက်ချင်း ပေါင်းစည်း မဟာမိတ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အခုအခါမှာတော့ အကျပ်အတည်းတွေကို ကိုင်တွယ်ဖို့၊ အားလုံး ဘုံဦးတည်ချက် ရှာဖွေဖို့အတွက် အဖွဲ့မှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပျက်လို့နေပါပြီ။ သေချာတာကတော့ G20 က အခုအချိန်အထိ ထိပ်သီးအစည်းအဝေးတွေ ကျင်းပနိုင်တုန်းပါပဲ။ တချို့သော နယ်ပယ်တွေမှာ နည်းပညာပိုင်းအရ အချို့တိုးတက်မှုတွေ လုပ်နေနိုင်တုန်းပါပဲ။ ၂၀၁၄ ခုနှစ်မှာ ရုရှားက ခရိုင်းမီးယားကို ကျူးကျော်တော့ အဖွဲ့အတွင်း အကွဲအပြဲ စတင်လာပါတယ်။ အဲဒီအချိန်ကစလို့ G20 အထဲမှာ အကွဲအပြဲက ပိုနက်ရှိုင်းလာပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ G20 အဖွဲ့ကြီးက ကမ္ဘာ့ သံတမန်ရေးရာမှာ အရေးပါတဲ့ ဆွေးနွေးပွဲစင်မြင့်တခု ဖြစ်မနေတော့တာပါပဲ။

အဲဒီအချိန်မှာ ဘရစ် ပလပ်စ် Brics+ ဖိုရမ်က ပိုကြီးထွားလာပါတယ်။ တရုတ်နိုင်ငံက စတင် ကမကထပြုပြီး အမေရိကန်ဩဇာလွှမ်းမိုးထားမှုကို တန်ပြန်ဖို့ ကြိုးစားခဲ့တာပါ။ အခုတော့ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက [လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ နိုင်ငံရေးသိပ္ပံပညာရှင်] ဂရေဟမ် အယ်လီဆန် (Graham Allison) က ပြောသလို  သူစီဒိုက် ထောင်ချောက် (Thucydides Trap) ထဲ ကျရောက်နေရပါပြီ။ သဘောက ထွန်းသစ်စ အာဏာလက်သစ်တခုက တည်ဆဲ လွှမ်းမိုးထားသူ အာဏာကို ဒေသဆိုင်ရာနဲ့ နိုင်ငံတကာ နယ်ပယ်မှာ ဆန့်ကျင်ဖယ်ရှားဖို့ ကြိုးစားလာရင် ဖွဲ့စည်းထားပုံအရ ပဋိပက္ခတွေ ရှိလာပြီး အကြမ်းဖက်ပဋိပက္ခ၊ စစ်ပွဲဆင်နွှဲရဖို့ အခြေအနေကို ဆိုက်ရောက်လာရတာမျိုးပါ။

အခုတော့ ဘရစ်အုပ်စုထဲမှာ မူလအဖွဲ့ဝင် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက မူလနိုင်ငံတွေအပြင် အီဂျစ်၊ အီသီယိုးပီးယား၊ ဆော်ဒီအာရေဗျ၊ အီရန်၊ ယူအေအီးတို့ပါ ပါဝင်လာပါတယ်။ [သတင်းတပုဒ်မှာ ထိုင်းနိုင်ငံကလည်း အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းနေပြီး အဖြေစောင့်နေပါတယ်။] နံရံကြီးမှာ (Brics) အသစ်ရှိလာတဲ့အခါ တရုတ်က အခြားရွေးချယ်စရာ ကမ္ဘာ့အစီအစဉ်သစ်ကို စတင်ကြိုးပမ်းလာပါတော့တယ်။ ဒီအခင်းအကျင်းမှာ ကမ္ဘာ့တောင်ဘက်ခြမ်း (Global South) က ပိုမိုကြီးမားတဲ့ ပထဝီနိုင်ငံရေး၊ စီးပွားရေးနဲ့ သံတမန်ရေးဝိတ် ရှိလာပါတယ်။ ၂၀၂၄ ခုနှစ်မှာ Brics+ နိုင်ငံတွေက ကမ္ဘာတခုလုံး GDP ရဲ့ ၃၆% ရှိနေပြီး ကမ္ဘာ့လူဦးရေရဲ့ ၄၅% ပိုင်ဆိုင်ထားပါတယ်။ အဖွဲ့သစ်ရဲ့ အဖွဲ့ဝင်တွေက အမြဲတစေလိုလို၊ များသောအားဖြင့် သဘောတူညီနေတတ်တာတော့ မဟုတ်ပါဘူး။ သူတို့က ယူအက်စ်နဲ့ မဟာမိတ်တွေဆီက ရွှေ့နေကြပါပြီ။ အထူးသဖြင့် IMF ၊ ကမ္ဘာ့ဘဏ်နဲ့ G20 ၊ ကုလသမဂ္ဂလို အဖွဲ့တွေဆီက ခွာနေကြပါတယ်။ တရုတ်ရဲ့ အခန်းကဏ္ဍကို ပိုလို့မြှင့်တင်နေကြပါတယ်။

တိုးချဲ့လာနေတဲ့အုပ်စုက အသစ်သော ဖွံ့ဖြိုးရေးဘဏ်ရဲ့ ကျားကန်ပေးမှုနဲ့အတူ အားကောင်း သန်မာလာနေပါတယ်။ အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) လိုမျိုး ဖြစ်ပြီး တရုတ်ရဲ့ ခါးပတ်တကွင်းလမ်းတစင်း အစီအစဉ်အောက်ကနေ ကျန်ကမ္ဘာ မိတ်ဖက်နိုင်ငံတွေကို ငွေကြေးလွှဲပြောင်းနေမှုတွေ အကြီးအကျယ် ဖြစ်လာနေပါတယ်။ တန်ဖိုးအားဖြင့် အကြမ်းဖျဉ်း အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ရှိလာပါပြီ။ ဒီကိစ္စတွေက တရုတ်နိုင်ငံအဖို့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအခြေခံ အဆောက်အဦစနစ် တခုကို တည်ဆောက်ဖို့ ကြိုးပမ်းနေချက် အစိတ်အပိုင်းတခုပါ။ သူ့ရဲ့ ဦးတည်ချက်ကို ထောက်ပံ့ပေးပြီး ဥရောပက ဦးဆောင်တဲ့ IMF နဲ့ ယူအက်စ်က ဦးဆောင်တဲ့ ကမ္ဘာ့ဘဏ်တို့ကို စင်ပြိုင်ဖြစ်စေမှာ ဖြစ်ပါတယ်။

တောင်ကမ္ဘာခြမ်းကို တရုတ်က စုစည်းပူးပေါင်းဆောင်ရွက်ဖို့ အောင်မြင်မှု ရမှာလားဆိုတာ မသေချာသေးပါဘူး။ သေချာတာက အမေရိကအနေနဲ့ အောင်မြင်ဖို့ မရှိနိုင်ပါဘူး။ ဒါပေမဲ့ တခြား Brics+ နိုင်ငံတွေက အသစ်သော စီးပွားရေးအခင်းအကျင်း (ပါရာဒိုင်း) ကို မြင်နေကြပါတယ်။ ဖြစ်ရပ်အမှန်ကတော့ ကြားထဲမှာ ဖြစ်နိုင်ပါတယ်။ ယူအက်စ်ကတော့ အခုအချိန်မှာ သူ့အပေါ် ဩဇာရှိန်ဝါ ကျလာနေပါတယ်။

ယူအက်စ်က တရုတ်ရဲ့ ကြီးထွားလာတဲ့ အင်အားကို ပြန်တုံ့ပြန်ဖို့ လုပ်တယ်။ နောက်တလှမ်း ဆုတ်တယ်၊ ပြီးတော့ G7 အင်အားကြီးနိုင်ငံ ၇ ခုအဖွဲ့ကို ပြန်အားဖြည့်ဖို့ လုပ်ပါတယ်။ ပြောရရင်တော့ G7 က သိပ်ပြီး ကိုယ်စားပြုနိုင်တဲ့အဖွဲ့ မဟုတ်တော့ပါဘူး။ တချိန်ကလိုမျိုး ထိရောက်မှု မရှိတော့သလို သိပ်တော့ အရေးမပါလှတော့ပါ။ သေချာတာက အနောက်နိုင်ငံတွေအတွက် ဆုံစည်းရာ ဖိုရမ်တခု လိုအပ်နေသေးတာပါပဲ။ ဒါပေမဲ့ G7 လို သေးငယ်တဲ့ အုပ်စုကလေးက တင်းမာမှုတွေ သိပ်မြင့်မားလွန်းနေတဲ့ကာလမှာ ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်ကို လှမ်းဖို့ နည်းလမ်းတခု ဖြစ်နိုင်ပါသေးတယ်။ သူတို့က မာမာထန်ထန် ဆိုလိုက်မယ် ဆိုတာမျိုးလည်း စိတ်ကူးယဉ်စရာပါ။ အဲဒါအပြင် G7 က သိပ်ပြီးတော့ ညီညွတ်လှတာတော့ မဟုတ်ပါဘူး။ ယူအက်စ်က ဖိအားတွေပေးနေပေမဲ့ အဲဒီအဖွဲ့ဝင်တွေကတော့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်လိုက်ဖို့ အမိန့်ပေးနေတာကိုတော့ သိပ်ပြီး နားထောင်ချင်လှတာတော့ မဟုတ်ပါဘူး။

ပထဝီနိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲကြောင့် သက်ရောက်မှုဖြစ်လာမယ့် ကိစ္စတွေကတော့ မသိနိုင်သေးပါဘူး။ သေချာတာကတော့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းကြမယ်ဆိုရင် အဟန့်အတားတခုလို ဖြစ်နေမှာပါပဲ။ ဥပမာအားဖြင့် ဥတုဖောက်ပြန်ပြောင်းလဲမှုတွေ၊ ရောဂါတွေ၊ ဒါမှမဟုတ် အခြားကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေ တွေ့လာရင်မျိုးပါ။ ကျနော်တို့က အမေရိကန်-တရုတ် ဆက်ဆံရေး ယိုယွင်းပျက်ပြားလာတဲ့ အခြေအနေမျိုးထဲကို တစစနဲ့ ဝင်ရောက်လာပါပြီ။ ဘက်အသီးသီးမှာ သူတို့နောက်က မဟာမိတ်တွေ ရှိနေကြပါတယ်။ ကျားကန်ပေးဖို့ သူတို့ကိုယ်ပိုင် နိုင်ငံတကာ စင်မြင့်ဖိုရမ်တွေ တည်ထောင်ထားကြပါတယ်။ မဟာအင်အားကြီးနိုင်ငံတွေ ထိပ်တိုက်တွေ့ဖို့ အန္တရာယ်မြင့်မားလာတာနဲ့အမျှ လူသားထုအတွက် အရေးအပါဆုံး ဖြေရှင်းရမယ့် ပြဿနာတွေအတွက် အခွင့်အလမ်းတံခါးကလည်း မြန်မြန်ဆန်ဆန်ပဲ ပိတ်လို့လာနေပါတယ်။

အောင်သူငြိမ်း

Ref: How Sino-American rivalry reshapes world order-  By William R Rhodes and Stuart PM Mackintosh © 2024 Project Syndicate

(ဝီလီယံရို့ဒ် (William R Rhodes) သည် William R Rhodes Global Advisers LLC ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ပြီး၊ ‘ကမ္ဘာကြီးအတွက် ဘဏ်လုပ်ငန်းရှင်များ- ကမ္ဘာ့ငွေကြေး ရှေ့တန်းမှ ခေါင်းဆောင်မှုအတွက် သင်ခန်းစာများ” (Banker to the World: Leadership Lessons From the Front Lines of Global Finance. McGraw Hill, 2011) စာအုပ်ကို ရေးသားခဲ့သည်။ Stuart PM Mackintosh သည် Group of Thirty ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013