DVB Logo
Home
နိုင်ငံတကာ
တရုတ်နှင့် ဖိလစ်ပိုင်တို့ တင်းမာမှုလျှော့ချရန် သဘောတူ
DVB
·
July 3, 2024
တရုတ်နှင့် ဖိလစ်ပိုင်တို့ တင်းမာမှုလျှော့ချရန် သဘောတူ
Donate to DVB

စစ်ရေးနဲ့ သံတမန်ရေး အပြန်အလှန် အင်အားပြပြီးနောက်မှာ  တောင်တရုတ်ပင်လယ်အတွင်း ကိုယ့်ကိုယ်ကိုယ်ရော တဖက်သားကိုပါ ယုံကြည်မှု ပြန်လည်တည်ဆောက်ကြဖို့ တရုတ်နဲ့ ဖိလစ်ပိုင်တို့ သဘောတူလိုက်ကြ ပါတယ်။

ဖိလစ်ပိုင်မြို့တော် မနီလာမှာ ဇူလိုင် ၂ ရက်က ကျင်းပတဲ့ တရုတ်နဲ့ ဖိလစ်ပိုင်အရာရှိတွေကြား ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေအပြီးမှာ ခုလို သဘောတူလိုက်တာပါ။ ဒီဆွေးနွေးပွဲကို တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး ချန်ရှောင်းတုံနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဒုဝန်ကြီး ထရေဇာလာဇာရိုတို့ ဦးဆောင်ခဲ့ကြပါတယ်။

ပိုင်နက်အငြင်းပွားနေတဲ့ စက်ကင်း သောမတ်စ် ရေတိမ်သောင်ခုံနားမှာ တရုတ်နဲ့ ဖိလစ်ပိုင်တို့ အပြန်အလှန် ခိုက်ရန်ဖြစ်ခဲ့အပြီး ဖိလစ်ပိုင်စစ်သားတွေ ဒဏ်ရာရခဲ့တဲ့အတွက် ပြင်းထန်တဲ့ ပဋိပက္ခဆီ ဦးတည်သွားမယ့် ဘေးအန္တရာယ်တွေ ပေါ်ထွက်ခဲ့ပါတယ်။

ဖိလစ်ပိုင်က ရေတိမ်သောင်ခုံမှာ စစ်စခန်းအဖြစ် စစ်သင်္ဘောဟောာင်း BRP ဆေးရာ မာဒရေကို တပ်ချထားပြီး ရိက္ခာဖြည့်တင်းတဲ့ စစ်ဆင်ရေးအတွင်း တရုတ် စစ်သင်္ဘောနဲ့ ထပ်ခါတလဲလဲ ထိပ်တိုက်တွေ့နေခဲ့တာပါ။

ဇွန် ၁၇ ရက်မှာတော့ တရုတ် စစ်သားတွေက ဓားတွေ လှံတွေ ကိုင်ဆောင်ရင်း ဖိလစ်ပိုင် ရေတပ်ရဲ့ ရာဘာလှေပေါ် တက်လာခဲ့ပြီး လက်နက်တွေကို သိမ်းခဲ့ပါတယ်။

ဒါ့အပြင် တန်ချိန် ၇၀၀၀၀ ရှိတဲ့ တရုတ်လေယာဉ်တင် သင်္ဘောကိုလည်း ဖိလစ်ပိုင် ရေပိုင်နက်ထဲ စေလွှတ်ခဲ့ ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အကြီးစားတိုက်ခိုက်ရေးသင်္ဘောတွေ အကြီးစားနဲ့ အလတ်စားဖျက်သင်္ဘောတွေနဲ့ ကမ်းတက်သင်္ဘောတွေကို တောင်တရုတ်ပင်လယ်ဆီ စေလွှတ်အပြီးမှာ ရှန်တုံး လေယာဉ်တင်သင်္ဘောကို စေလွှတ်ခဲ့တာပါ။

ဒါဟာ စီစဉ်ထားပြီးသား စစ်ရေးလေ့ကျင့်မှု ဖြစ်ပုံရပေမဲ့ အနောက်ပစိဖိတ်ဒေသအတွင်း အလားအလာတွေအတွက် ပြင်ဆင်ထားတာ ဖြစ်နိုင်တယ်လို့ တရုတ် ပညာရှင်တွေကို ကိုးကားပြီး ဒက်ကန်ဟားရဲဒ် သတင်းဌာနကရေးပါတယ်။

တရုတ်ရဲ့ ရန်လိုမှုဟာ အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား မဟာမိတ်ဖြစ်မှုကို စမ်းသပ်ချက်အဖြစ် ပညာရှင်တွေက သုံးသပ်ကြပါတယ်။

အမေရိကန်ကလည်း ကမ္ဘာ့အကြီးဆုံး ရေတပ်စစ်ရေးလေ့ကျင့်မှုကို မဟာမိတ် ၂၈ နိုင်ငံနဲ့အတူ ဟာဝိုင်အီမှာ အခု သီတင်းပတ်အတွင်း လေ့ကျင့်ခဲ့ပါတယ်။

ပစိဖိတ်မီးကွင်းကြီးလို့ နာမည်ပေးထားတဲ့ ဒီနှစ်စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ကို အားကောင်းတဲ့ သတင်းစကားပေးရင်း မဟာမိတ်တွေ အတူလက်တွဲ ဆောင်ရွက်ဖို့ အခွင့်အရေးလည်း ပေးတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ ဗာတီကန်နန်းတော်က ဇူလိုင် ၂ ရက်မှာ ဆော်ဩခဲ့ပါတယ်။

အားထုတ်မှုတိုင်းဟာ ဘယ်လို မတူခြားနားချက်တွေကိုမဆို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ဖြစ်ရမယ်လို့ ဗာတီကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီးပေါလ်ရစ်ချတ် ဂါလာဂါက ဖိလစ်ပိုင်ခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ တဖက်မှာ နိုင်ငံတကာ သံတမန်ရေးကို အားထုတ်နေပြီး ဒေသတွင်း  စိုးရိမ်စရာတွေကို ဆွေးနွေးဖို့၊ ဗျူဟာမြောက် ဆက်ဆံရေးအားဖြည့်ဖို့ ဂျပန်နဲ့ အမေရိကန်တို့က ကာကွယ်ရေးဝန်ကြီးတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။

ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ ဇူလိုင် ၈ ရက်မှာ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

အစည်းအဝေးအတွင်း အဓိကကာကွယ်ရေး သဘောတူညီချက်ကို အပြီးသတ်ဆုံးဖြတ်မယ်လို့ ၂ နိုင်ငံ အရာရှိတွေက အေပီ သတင်းဌာနကို ပြောပါတယ်။

ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့လည်း ဇူလိုင်နှောင်းပိုင်းမှာ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ဖိလစ်ပိုင်မြို့တော် မနီလာမှာ ကျင်းပဖို့ ညှိနှိုင်းနေတယ်လို့ ဂျပန်သတင်းဌာနမှာ ဖော်ပြပါတယ်။

ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ဟာ လျှို့ဝှက်သတင်းအချက်အလက်တွေကို ဖလှယ်ဖို့ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အထွေထွေ လုံခြုံရေး သဘောတူညီချက် (GSOMIA) ကို အပြီးသတ်ဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ဂျပန်နယူးစ်သတင်းဌာနက ကိုးကား ဖော်ပြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013