DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၈ ခုကို မန္တလေး-PDF သိမ်းပိုက်ရရှိ 
DVB
·
July 3, 2024
မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၈ ခုကို မန္တလေး-PDF သိမ်းပိုက်ရရှိ 
1 / 5
Donate to DVB

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (မန္တလေး-PDF) တပ်ဖွဲ့က ဇူလိုင် ၂ ရက်မှာ  ကြေညာပါတယ်။

မန္တလေး PDF တပ်ဖွဲ့၊ စစ်ဦးစီးအဖွဲ့ရဲ့ တာ၀န်ခံတဦးက “မတ္တရာ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေရှိသလို လက်နက်အမြောက်အမြားကိုလည်း သိမ်းဆည်း ရရှိထားပါတယ်”လို့ ပြော ပါတယ်။

မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး (အင်ကြင်းမြိုင်) တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင်တပ်စခန်း၊ ရေစိုတောင်တပ်စခန်း၊ နေကျော်တောင်တပ်စခန်း၊ ရွှေပုထိုးတပ်စခန်း၊ ကျောက်ခလုတ်တပ် စခန်းနဲ့ Alpha ဘိလပ်မြေစက်ရုံရဲ့ စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင်တပ်စခန်းစတဲ့ တပ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိထား ပါတယ်။

စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့တာမှာ စစ်သုံပန်း ၆၄ ဦးတို့ကို အရှင်ဖမ်းမိခဲ့ပြီး တပ်မိသားစုဝင်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ စုစုပေါင်းဦးရေ ၁၂၀ ၀န်းကျင်ရှိပါတယ်။ ဒါ့အပြင်  လက်နက်မျိုးစုံ ၁၂၅ လက်နဲ့ ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်အများအပြားလည်း သေဆုံးတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ နဲ့အတူ ဟန်ချက် ညီညီ တိုက်ပွဲဝင်နေပြီး နောင်ချို၊ မိုးကုတ်၊ ကျောက်မဲနဲ့ မတ္တရာမြို့နယ်တွေက စစ်မျက်နှာတွေမှာ စစ်ဆင်ရေးတွေဖော်ဆောင်နေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နောင်ချိုမြို့နဲ့ စစ်ကောင်စီရဲ့ ခမရ ၁၁၅ တပ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အပြည့်အဝထိန်းချုပ်ထားနိုင်ပြီး လက်ကျန် တပ်စခန်းတွေဖြစ်တဲ့ စစ်ကောင်စီရဲ့ ခမရ ၁၁၄ နဲ့ အမှတ် ၆၀၆ အမြောက်တပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်နေ ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013