Home
နိုင်ငံတကာ
အစ္စရေးက ဂါဇာကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက် 
DVB
·
July 2, 2024
Photo - Reuters

အစ္စရေးတပ်ဖွဲ့တွေက အရင်က ဆုတ်ခွာသွားခဲ့ဖူးတဲ့ ဒေသတွေကို တကျော့ပြန်ပြီး အမြောက်တွေ၊ လေကြောင်းပစ်ခတ်မှုတွေနဲ့ နက်နက်ရှိုင်းရှိုင်း အပြင်းအထန် တိုက်ခိုက်နေလို့ ဂါဇာကမ်းမြောင်အစွန်းမှာရှိတဲ့ ရှုဂျာအိယာ ရပ်ကွက်က ရာချီတဲ့ ပါလက်စတိုင်းမိသားစုတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဟားမတ်စ်တွေကို ဖယ်ရှားပစ်မယ့် သူ့ရပ်တည်ချက်ကို တနင်္ဂနွေနေ့မှာ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။

ဟားမတ်စ် အကြီးတန်းအရာရှိ အိုစမာဟမ်ဒန်က အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံလဲလှယ်ရေး ဆွေးနွေးတာတွေ တိုးတက်မှုမရှိဘူးလို့ ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့လတွေက အစ္စရေးစစ်တပ်က ဟားမတ်စ်တွေကို အကြမ်းဖက်သမားတွေလို့ ပြောရင်း ရှုဂျာယာခရိုင်မှာ လေကြောင်းကနေ စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဇွန် ၂၇ ရက်မှာ အစ္စရေးတပ်ဖွဲ့တွေက ဒီနေရာကို နောက်တခါ ပြန်ရောက်လာတာပါ။

အသေအပျောက်များတယ်လို့ မျက်မြင်သက်သေတွေနဲ့ ဆရာဝန်တွေက အစီရင်ခံခဲ့ပါတယ်။

ရာဖာမြို့ အနောက်ဘက်မှာလည်း အခြေအနေက ပိုကောင်းပုံမပေါ်ပါဘူး။ ဇွန် ၂၈ ရက်က တိုက်ပွဲတွေအတွင်း လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ထောင်ပေါင်းများစွာသော ပါလက်စတိုင်းတွေက မြို့ကိုစွန့်ခွာပြီး မြောက်ဘက်ဆီ ဦးတည်သွားခဲ့ကြပါတယ်။ ပါလက်စတိုင်း လခြမ်းနီအသင်းကလည်း အခြေအနေကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဂါဇာကမ်း‌မြောင်က လခြမ်းနီအသင်းရဲ့ လူနာတင်ယာဉ် စုစုပေါင်းရဲ့ သုံးပုံတပုံကျော် ဖြစ်တဲ့ ၁၈ စီးလည်း လောင်စာဆီပြတ်တောက်လို့ ပြေးဆွဲမှု ရပ်ဆိုင်းခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ လက်တုံ့ပြန်စစ်ပွဲကို အစပျိုးခဲ့တဲ့ အစ္စလာမ္မစ်အုပ်စု ဟားမတ်စ်တွေရဲ့ စစ်ရေးစွမ်းရည်တွေကို ဖယ်ရှားနေတဲ့ အစ္စရေးရဲ့ရည်မှန်းချက် ပန်းတိုင်ရောက်ခါနီးနေပြီလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇူလိုင် ၁ ရက်မှာ ပြောကြားလိုက်ပြီး ပြင်းထန်မှုမရှိတဲ့ စစ်ဆင်ရေးတွေတော့ ဆက်ရှိနေဦးမယ်လို့လည်း ဆိုပါတယ်။

ဟားမတ်စ် အကြမ်းဖက်အဖွဲ့ကို ချေမှုန်းရေးအဆင့်ရဲ့ အဆုံးအထိ အစ္စရေးက ချီတက်နေပြီး ဟားမတ်စ်ရဲ့ အကြွင်းအကျန်တွေကို ဆက်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့လည်း နေတန်ယာဟုက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ဂါဇာနယ်မြေ အစိတ်အပိုင်းတွေမှာလည်း အစ္စရေးရဲ့ တင့်ကားတွေက ပိုပြီး နက်နက်ရှိုင်းရှိုင်း တိုးဝင်လာကြတာကြောင့် တနင်္လာနေ့အစောပိုင်းမှာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ဟာ အစ္စရေးနိုင်ငံအတွင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူ ၁,၂၀၀ သေဆုံးကာ အရပ်သားအများစု ပါဝင်တဲ့ ဓားစာခံ ၂၅၀ လောက်ကို ဂါဇာကို ခေါ်ဆောင်သွားချိန်မှာ စစ်ပွဲစတင်ခဲ့ကြောင်း အစ္စရေးစာရင်းတွေအရ သိရပါတယ်။

အစ္စရေးက လက်တုံ့ပြန်တဲ့အနေနဲ့ ထိုးစစ်ဆင်မှုကြောင့် အခုချိန်ထိ လူပေါင်း ၃၈,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။ လူနေထူထပ်ခဲ့တဲ့ နယ်မြေအတွင်း အပျက်အစီးတွေ ဖြစ်ကျန်ခဲ့ပါတယ်။

အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးရရှိဖို့ အာရပ်ဖျန်ဖြေသူတွေရဲ့ ကြိုးပမ်းမှုတွေကလည်း ရပ်တန့်နေပါတယ်။

ဘယ်သဘောတူညီချက်မှာမဆို စစ်ပွဲကို အဆုံးသတ်ပြီး ဂါဇာကမ်းမြောင်ကနေ အစ္စရေးတွေက အပြည့်အဝ ဆုတ်ခွာသွားရမှာဖြစ်ကြောင်း ဟားမတ်စ်က ပြောထားပါတယ်။

အစ္စရေးကလည်း ဟားမတ်စ်တွေကို အမြစ်ပြတ် ချေမှုန်းမပြီးမချင်း တိုက်ပွဲတွေကို ယာယီခေတ္တ ရပ်ဆိုင်းထားရုံသာ လက်ခံမယ်လို့ ပြောကြားခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024