DVB Logo
Home
မြန်မာသတင်း
Aeon Orange ဒါရိုက်တာကို ပြန်လွှတ်ပေးရန် ဂျပန်အစိုးရတောင်းဆို
DVB
·
July 2, 2024
Aeon Orange ဒါရိုက်တာကို ပြန်လွှတ်ပေးရန် ဂျပန်အစိုးရတောင်းဆို
Donate to DVB

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ Aeon Orange စျေးဝယ်စင်တာ ဒါရိုက်တာ ဖြစ်သူ ဂျပန်နိုင်ငံသား မစ္စတာ ကာဆာမတ်ဆု ဟီရိုရှီကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန် အစိုးရက တောင်းဆိုလိုက်တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ သတ်မှတ်ထားတဲ့ ဆန်စျေးနှုန်းတွေထက်ပိုပြီး အမြတ်တင်ရောင်းချလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန်စပါးလုပ်ငန်းရှင် ၇ ဦးနဲ့ ဂျပန်နိုင်ငံသားကာဆာမတ်ဆု ဟီရိုရှီ အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူထားတာဖြစ်ပြီး အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) နဲ့ အရေးယူသွားမယ်လို့ ပြောထားပါတယ်။

လတ်တလောမှာတော့ မစ္စတာ ကာဆာမတ်ဆုကို ဘယ်အချိန်၊ ဘယ်နေရာမှာ ဖမ်းဆီး ချုပ်နှောင်ထားသလဲဆိုတဲ့ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာ ဟာယာရှီကတော့ “ကာဆာမတ်ဆုကို ရန်ကုန်မြို့က ရဲစခန်းတခုခုမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်နေမယ်လို့ ယူဆရပါတယ်”လို့ တိုကျိုက သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာဆာမတ်ဆုနဲ့ သွားတွေ့ခဲ့တဲ့ ရှေ့နေကတော့ သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး အမှားအယွင်း တစုံတရာမတွေ့ခဲ့ဘူးလို့ ဂျပန်သံရုံးတာဝန်ရှိသူတွေကို အသိပေးထားပါတယ်။

ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟာယာရှီကတော့ “သူ့ကို ချက်ချင်းလွှတ်ပေးဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကို မှတ်ချက်တစုံတရာပေးဖို့ AFP သတင်းဌာနက ဆက်သွယ်ခဲ့ပေမဲ့ မရရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ၃ ဆဝန်းကျင်ထိ မြင့်တက်လာတဲ့ ရွှေနဲ့ နိုင်ငံခြားငွေစျေးတွေအတွက် စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာ၊ ဆိုင်နေရာတွေကို ချိပ်ပိတ်တာတွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေသလို အခြေခံ ဆန်စျေးနှုန်းတွေကို ဆက်လက်ထိန်းချုပ်ဖို့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူတာတွေလည်း ရှိလာခဲ့တာပါ။

မြန်မာနိုင်ငံမှာ မကြာသေးခင် လတွေအတွင်း ဆန်ဈေးနှုန်းဟာ ၂ ဆကျော် ခုန်တက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာတော့ ဒါဟာ အယ်နီညိုရာသီဥတု ဖြစ်စဉ်နဲ့ ဈေးကွက်ကို ချုပ်ကိုင်ဖို့ စုဆောင်းထားကြသူတွေကြောင့်လို့ အပြစ်တင်ထား ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေဟာ ဆန်စပါးစိုက်ပျိုး၊ ရိတ်သိမ်းတာတွေနဲ့ သယ်ယူပို့ဆောင် ရေးတွေကို အခက်တွေ့စေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Source:AFP/Japan Today

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013