
ဂါဇာဒေသမှာ အစ္စရေးကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုအကြောင်း ရိုက်ကူးပုံဖော်ထားတာနဲ့ ပတ်သက်ပြီး “NAZA” အမည်ရ မှတ်တမ်းရုပ်ရှင်ရဲ့ ဖန်တီးသူတွေကို နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်သွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီး မီကီ ဇိုဟာက အတည်ပြုပါတယ်။
ဗင်းနစ် ရုပ်ရှင်ပွဲတော်အတွင်း ပထမဆုံး ပွဲထွက်ပြသခဲ့ချိန်မှာ ဒီမှတ်တမ်းရုပ်ရှင်က ဂျူရီအထူးဆုကို ပိုင်ဆိုင်နိုင်ခဲ့သလို ၂၅ မိနစ်ကြာ မတ်တတ်ရပ် လက်ခုပ်တီးရင်း ဂုဏ်ပြုခဲ့ကြတာလည်း တွေ့ရပါတယ်။
အစ္စရေးနိုင်ငံသား ဒါရိုက်တာတွေ ဖြစ်ကြတဲ့ ယူဗယ် အေဗရာဟမ်နဲ့ ရေချယ်ရှော တို့ဟာ စစ်တပ်နဲ့ ထောက်လှမ်းရေးဘက်က အတွင်းလူ ၂၄ ယောက်ကို ဘယ်သူ ဘယ်ဝါ ဆိုတာ ဖော်ပြခြင်းမရှိဘဲ တွေ့ဆုံမေးမြန်းခဲ့တာပါ။
အဲဒီနောက် မိနစ် ၈၀ ကြာ ရုပ်ရှင်ထဲမှာ AI အသိဉာဏ်ရည်တု စနစ်တွေနဲ့ပါ တွက်ချက် အသုံးချပြီး ဂါဇာဒေသခံ ပါလက်စတိုင်းတွေအပေါ် “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ဖို့အတွက်” အစ္စရေးဘက်က ဘယ်လိုမျိုးလုပ်ဆောင်ခဲ့သလဲ ဆိုတာကို မှတ်တမ်းတင်ထားပါတယ်။
အစ္စရေးယဉ်ကျေးမှုဝန်ကြီး ဇိုဟာ ကတော့ “ကမ္ဘာအနှံ့ ဂျူး ဆန့်ကျင်ရေးသမားတွေရဲ့ လက်ခုပ်သြဘာရဖို့အတွက်နဲ့ ကိုယ့်မိခင်နိုင်ငံကို ထိခိုက်နစ်နာအောင်လုပ်ဖို့ သူတို့အနေနဲ့ လိုလိုလားလား ရှိတယ်” ဆိုပြီး စွပ်စွဲထားပါတယ်။
အခုလိုမျိုး “နိုင်ငံတော်အပေါ် သစ္စာဖောက်တဲ့၊ စက်ဆုပ်ရွံရှာဖွယ်ရာ ဖန်တီးရှင်တွေရဲ့ အစ္စရေးနိုင်ငံသား ဖြစ်တည်မှုကို ပြန်ပြီးရုပ်သိမ်းနိုင်ဖို့ ချက်ချင်းအရေးယူ ဆောင်ရွက်သွားမယ်” လို့လည်း ဇိုဟာက X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
တကယ်လက်တွေ့မှာ အစ္စရေးနိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းတာမျိုးက ရှားပါးပေမဲ့လည်း နိုင်ငံရဲ့ ဥပဒေအရ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် တစုံတယောက်က သူလျှိုလုပ် ထောက်လှမ်းတာ ဒါမှမဟုတ် နိုင်ငံတော်ကို သစ္စာဖောက်တာနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ထားတဲ့အခါ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးနိုင်ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်မှာ ပါဝင်သူတွေကတော့ “ဒါဟာ မတော်တဆမဟုတ်ဘဲ စနစ်တကျ ကြိုတင်စီစဉ်ထားတဲ့ လုပ်ရပ်ဖြစ်ပြီး ပါလက်စတိုင်းတွေကို လူရယ်လို့ မမြင်တော့တဲ့ သတ်ဖြတ်မှုနဲ့ မူဝါဒတွေအပေါ် အခြေခံထားတာဖြစ်တယ်” ဆိုပြီး မှတ်ချက်ပေးပါတယ်။
အဲဒီမှတ်တမ်းရုပ်ရှင်ကြောင့်ပဲ အနောက်နိုင်ငံအစိုးရတွေဟာ အစ္စရေးအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ဖိအားပေးလာဖို့ရာ မျှော်လင့်ထားကြောင်း ဒါရိုက်တာတယောက်ဖြစ်သူ အေဘရာဟမ်က ပြောဆိုထားပါတယ်။











