DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး မြှင့်တင်ရန် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိပြော
DVB
·
July 1, 2024
တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး မြှင့်တင်ရန် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိပြော
Donate to DVB

တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို မြှင့်တင်ဖို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့အတူ ကြိုးပမ်းမှုအသစ်တွေ ဆောင်ရွက်သွားလိုတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး  ဝမ်ယိက ပြောကြားလိုက်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ညီလာခံကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဇွန် ၂၉ ရက်က ပေကျင်းမြို့မှာ တွေ့ဆုံစဉ် ပြောဆိုခဲ့တာလို့ တရုတ်သံရုံးက သတင်းထုတ်ပါတယ်။ 

ဦးသိန်းစိန်နဲ့တွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အဆွေတော်ဟာ တရုတ်ပြည်သူတွေရဲ့ မိတ်ဆွေဟောင်း ဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၇၀ က တရုတ်နိုင်ငံ ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို အဆိုပြုခဲ့ရာ မြန်မာနိုင်ငံရဲ့ တုံ့ပြန်မှုကို ဦးစွာ ရရှိပြီး အာရှမှာ ကျယ်ပြန့်လာကာ အာရှနိုင်ငံတွေအကြား ဆက်ဆံရေး တိုးတက်မှုရဲ့ အားကောင်းတဲ့ တွန်းအားဖြစ်ခဲ့သလို နိုင်ငံတကာဆက်ဆံရေးရဲ့ စံတင်ရတဲ့ အခြေခံမူနဲ့ နိုင်ငံတကာဥပဒေရဲ့ အခြေခံမူအဖြစ် တိုးတက်လာခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာစနစ် တည်ဆောက်ရာမှာ ကြီးမားတဲ့ အကျိုးဆောင်မှုရှိခဲ့သလို အရေးကြီးတဲ့ ပြည်သူ့ထုတ်ကုန်အဖြစ် ပံ့ပိုးခဲ့ကြောင်း၊ နှစ်ပေါင်း ၇၀ ကြာပြီးနောက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ဟာ ခေတ်နောက်ကျခြင်း မရှိသည့်အပြင် ပိုလို့ ရှင်သန်အားကောင်းလာကြောင်း ပြောပါတယ်။

မြန်မာသမ္မတဟောင်း ဦးသိန်းစိန်ကလည်း လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက   သမ္မတအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်တဲ့ နှစ် (၆၀) ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ အခုအကြိမ်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းအနေနဲ့ ဒုတိယအကြိမ် တက်ရောက်ရခြင်းဖြစ်ပြီး  အလွန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံဟာ ကာလကြာရှည်စွာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့တဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး နှစ်နိုင်ငံအကြား နက်ရှိုင်းတဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်ကို အရင်မျိုးဆက်ခေါင်းဆောင်တွေက ကိုယ်တိုင်ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့  ပြောခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတရှီကျင့်ဖျင်ဟာ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံက မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ဖို့ အရေးပါသဘောတူညီချက်တွေ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးတက်မှုကို အလွန်အလေးထားပြီး သမ္မတရှီကျင့်ဖျင်က အဆိုပြုတဲ့ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး အယူအဆကို အလွန်ချီးကျူးကာ ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနဲ့ အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ဆက်လက် လက်ဆင့်ကမ်းကာ ပြန့်ပွားအောင်လုပ်ဆောင်ပြီး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွကောင်းမွန်စွာ တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့တယ်လို့ တရုတ်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံရာမှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေအပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဦးသိန်းစိန်ဟာ ပေကျင်းမြို့ရှိ လင်ကွန်းကျောင်းတိုက်သို့သွားရောက်ကာ မြတ်ဗုဒ္ဓစွယ်တော်အား သွားရောက်ဖူးမြော်ခဲ့ပြီး လင်ကွန်းကျောက်တိုက် ကျောင်းတိုင်ဆရာတော် ချမ်းကျန့်အား သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ကာ နေပြည်တော်မှပင့်ဆောင်လာတဲ့ မာရဝိဇယဘုရား ရုပ်ပွားတော်ငယ်ကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂၇ ရက်ကစတင် တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ  ဇွန် ၃၀ ရက်မှာတော့ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ညီလာခံကိုတက်ရောက်ဖို့  တရုတ်အစိုးရက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားခဲ့ခြင်း မရှိဘဲ သမ္မတဟောင်း ဦးသိန်းစိန် တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာပါ။

အသက် ၇၉ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သမ္မတတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒီခရီးစဉ်ဟာ သူရာထူးကနေ အနားယူပြီးနောက် ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်ဖြစ်သလို  စစ်အာဏာသိမ်း ၃ နှစ်အလွန် သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်လည်း ဖြစ်ပါတယ်။

ဦးသိန်းစိန်နဲ့အတူ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာ ရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦးတို့လည်း အတူလိုက်ပါသွားပါတယ်၊။

Photo-  Chinese Embassy 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013