
ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်နဲ့ တော်လှန်ရေးအင်အားစု တွေကြား တိုက်ပွဲပေါင်း ၁၆၁၄ ကြိမ်ဖြစ်ပြီး စစ်တပ်က ၄,၁၇၇ ယောက် သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က သြဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
PKPF ပြန်ကြားရေး တာဝန်ရှိသူက “ခုနောက်ပိုင်း စစ်ကောင်စီက Suicide Drone တွေ ပိုပြီး အသုံးပြု တိုက်ခိုက်လာတာတွေ့ရတယ်။ လက်နက်ကြီးတွေလည်း ပစ်တာတွေ တွေ့ရတယ်။ ဒါက စစ်ကောင်စီရဲ့ စစ်ရေးပရိယာယ်တမျိုးပဲ၊ တိုက်ပွဲလည်းဖြစ်တယ်” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်က မြို့နယ်တွေမှာ စစ်တပ်က စစ်ကြောင်းထိုးလို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွား နေတဲ့အပြင် ပြည်သူတွေရှိရာကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းကနေ ဗုံးကြဲလို့ ၅ နှစ်ကျော်အတွင်း ပြည်သူ ၈၈၀ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရ ပါတယ်။
၅ နှစ်ကျော်ကာလအတွင်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပေါင်း ၁,၆၁၄ ကြိမ် ဖြစ်ပွားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂,၁၇၇ ကြိမ် ရှိခဲ့တယ်လို့ PKPF က ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ် ၄ စင်း ပျက်စီးခဲ့ပြီး တခြားယာဉ် ၇၀ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
တိုက်ခိုက်မှုတွေကြောင့် နေအိမ် ၃,၄၁၃ လုံး၊ ဘာသာရေးအဆောက်အအုံ ၆၇ ခု၊ စာသင်ကျောင်း ၃၃ ကျောင်း နဲ့ ဆေးရုံဆေးခန်း ၁၉ ခုအထိ ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုလက်ရှိမှာလည်း ဒီးမော့ဆိုနဲ့ မိုးဗြဲမြို့နယ်တို့မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံးတွေရှိနေတယ်လို့ သိရပါတယ်။










