DVB Logo
Home
မြန်မာသတင်း
မြင်းမူနှင့် ဆားလင်းကြီးက သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်
DVB
·
June 30, 2024
မြင်းမူနှင့် ဆားလင်းကြီးက သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က သံဃာတော်တွေဟာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်လိုက်ကြပြီး ဆားလင်းကြီးမြို့နယ်က ရဟန်းသံဃာတော်တွေလည်း ဒီနေ့ ဇွန် ၃၀ ရက်နေ့ မနက်ပိုင်းမှာ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ ထပ်မံပြုလုပ်ပြီး စီတန်းလှည့်လည်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆားလင်းကြီးက ဆရာတော်တပါးက “စစ်တပ်ကြောင့် တတိုင်းပြည်လုံး ဒုက္ခရောက်နေကြပြီ။ လူဝတ်ကြောင်တွေ မပြောနဲ့တော့၊ ရဟန်းသံဃာတွေကို သူတို့စစ်တပ်လက်အောက်မှာနေရတာ မလုံခြုံတော့ဘူး။ သူတို့ မတရားအာဏာသိမ်းပြီးမှ သတ်လိုက်တဲ့ပြည်သူနဲ့ သံဃာတော်တွေ နည်းတာမဟုတ်တော့ဘူး။ ဒါကို ဒို့တွေက ပြည်သူကပ်တဲ့ဆွမ်းစားပြီး မိန့်မိန့်ကြီးထိုင်ကြည့်နေလို့ မဖြစ်တော့ဘူးလေ။ အရင်ရက်ပိုင်းက ဒီမြို့နယ်မှာရှိတဲ့ ရဟန်းသံဃာတွေ ပတ္တနိက္ကုဇ္ဇန ကံဆောင်လိုက်ကြတုန်းက မပါဝင်လိုက်ရလို့ အခုလို ကံဆောင်ပွဲနဲ့ စီတန်းလှည့်လည်ဆန္ဒပြတဲ့ပွဲကို ထပ်မံပြုလုပ်တာပါ” လို့ မိန့်ဆိုပါတယ်။

ဇွန် ၂၅ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်အတွင်း လွတ်မြောက်နယ်မြေတခုက ရဟန်း သံဃာတော်တွေဟာ အာဏာသိမ်းစစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့ရဲ့ တာဝန်ခံတယောက်က “ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ခဲ့ကြတဲ့ သံဃာတော်တွေနဲ့အတူ ဒေသခံပြည်သူ ၃၀၀ နဲ့ ၅၀၀ ကြားမှာ ရှိမှာပေါ့။ ကျနော်တို့ သပိတ်အဖွဲ့နဲ့ပူးပေါင်းချီတက်ပြီး စစ်ကောင်စီကိုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြတာပါ။ အားလုံးဘေးရန်ကင်းကင်းနဲ့ပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ” လို့ ပြောပါတယ်။

“ဓမ္မန္တရာယ် စကစ ရဟန်းရှင်လူတို့ တိုက်ဖျက်ကြ၊ ဗုဒ္ဓ ဓမ္မ သံဃာ့အန္တရာယ် စကစ အလိုမရှိ” စာသားပါဆိုင်းဘုတ်တွေနဲ့ သာသနာ့အလံတွေကိုင်ဆောင်ပြီး ချီတက်လမ်းလျှောက်ပြီး စစ်ကောင်စီတပ်ကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က သံဃာတော်တွေဟာလည်း ဇွန် ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်လိုက်ကြတယ်လို့ သိရပါတယ်။

ပတ္တနိက္ကုဇ္ဇနသပိတ်မှော် ကံဆောင်ပွဲမှာပါဝင်ခဲ့တဲ့ ရဟန်းတော်တပါးက “ဦးဇင်းတို့ ရဟန်း သံဃာတော်တွေအနေနဲ့ တနိုင်ငံလုံးမှာ လက်နက်နဲ့ ရမ်းကားချင်သလိုရမ်းကားပြီး ရဟန်း သံဃာတော်တွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ စစ်တပ်ကို ဒီအတိုင်းကြည့်နေလို့တော့ မရတော့ဘူး။ ဦးဇင်းတို့ ရဟန်းသံဃာတော်တွေလုပ်နိုင်တဲ့ ဝိနည်းဥပဒေမှာအတိုင်းဆောင်ရွက်ကြဖို့ တိုင်ပင်ပြီး အခုလိုပတ္တနိက္ကုဇ္ဇနကံဆောင်လိုက်ကြတာ ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို မိန့်ကြားပါတယ်။

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်ကောင်စီတပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားခဲ့တာကြောင့် ရဟန်းသံဃာတော်တွေဟာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်နေကြတာ ဖြစ်ပါတယ်။

ဆရာတော်ကြီး ပျံတော်မူသွားပြီးတဲ့နောက် ဇွန် ၂၃ ရက်နေ့မှာ ချောင်းဦးမြို့နယ်က သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်မှုစတင်ပြီး ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မြိုင်၊ မုံရွာ၊ ပခုက္ကူ၊ ဝက်လက်၊ ဘုတလင်၊ အရာတော် နဲ့ မြင်းမူမြို့နယ်တွေက ရဟန်းသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်ခဲ့ကြတာဟာ မြို့နယ်ပေါင်း ၁၂ မြို့နယ်အထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ရဲ့သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်းက ရဟန်းသံဃာတော် ၅၀ နီးပါးပျံလွန်တော်မူခဲ့ရတယ်လို့ မှတ်တမ်းတွေအရသိရပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီနေ့အထိ NUG၊ PDF အဖွဲ့တွေရဲ့ သတ်ဖြတ်တိုက်ခိုက်မှုတွေကြောင့် ရဟန်း သံဃာ အပါး ၁၄၀ နဲ့ သီလရှင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဇွန် ၂၂ ရက်မှာ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013