DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ် ပွိုင့် ၃၀၀၀ စခန်းကို စစ်သားများ စွန့်ခွာထွက်ပြေး
DVB
·
June 30, 2024
တနင်္သာရီမြို့နယ် ပွိုင့် ၃၀၀၀ စခန်းကို စစ်သားများ စွန့်ခွာထွက်ပြေး
Donate to DVB

တနင်္သာရီမြို့နယ်က စစ်ကောင်စီရဲ့ ပွိုင့် ၃၀၀၀ စခန်းကို KTLA ထီးဆဲမဲ့ရွာတပ်ရင်းက ၁၀ ရက်ကြာ ဝန်းရံပိတ်ဆိုခဲ့ပြီးနောက် စခန်းမှာရှိနေတဲ့ စစ်ကောင်စီတပ်သားအားလုံး စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြပြီး စခန်းကိုလည်း သိမ်းပိုက်ရရှိထားတယ်လို့ KTLA ထီးဆဲမဲ့ရွာတပ်ရင်းဆီက သိရပါတယ်။

အခု ဇွန် ၁၈ ရက်နေ့ကစတင်ပြီး အင်အား ၃၀ ကျော်ရှိတဲ့စစ်ကောင်စီရဲ့ ပွိုင့် ၃၀၀၀ စခန်းပတ်လည်ကို ဝန်းရံပိတ်ဆိုခဲ့တာဖြစ်ပြီး ဇွန် ၂၇ ရက်နေ့က စခန်းရဲ့ဧရိယာအတွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာမှာ စစ်ကောင်စီတပ်သားအားလုံးမရှိတော့ပဲ စခန်းစွန့်ခွာသွားကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ စွန့်ခွာသွားတဲ့ စခန်းအတွင်း ဝင်ရောက်ရှင်းလင်းရာမှာ အသုံးအဆောင်ပစ္စည်းတွေပဲ တွေ့ရပြီး လက်နက်ခဲယမ်းတွေကိုတော့ သိမ်းဆည်းရမိခဲ့တာ မရှိခဲ့ဘူးလို့ KTLA ထီးဆဲမဲ့ရွာတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ပြောပါတယ်။

“စခန်းစွန့်ခွာသွားကြတာ ၂ဝ ရက်နေ့၊ ဒါမှမဟုတ် ၂၁ ရက် နေ့‌ ဝန်းကျင်လောက်ဖြစ်မယ်။ ဘာကြောင့်ဆို သူတို့ရဲ့ လတ်လတ်ဆတ်ဆတ် သုံးစွဲထားတဲ့ အသုံးအဆောင် ပစ္စည်းတွေရဲ့ အနေအထားကြည့်ပြီး သုံးသပ်ကြည့်တာပါ။ နောက်တခုက သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတော်တော်များတော့ ယူသွားပြီ။ ကျန်ခဲ့တာ သူတို့အသုံးအဆောင်ပစ္စည်းနဲ့ အဆောက်အဦတို့လောက်ပဲ ကျန်ခဲ့တယ်။ ဒီစခန်းက စကစအတွက် ဗျူဟာအရ အရမ်းအရေးပါတဲ့ စခန်းတော့မဟုတ်ဘူးပေါ့” လို့ ပြောပါတယ်။

လက်ရှိမှတော့ ပွိုင့် ၃၀၀၀ စခန်းကို KTLA ထီးဆဲမဲ့ရွာတပ်ရင်းက ဆက်လက်ထိန်းချုပ်ထားတယ်လို့ သိရပြီး စစ်ကောင်စီက စခန်းကို ပြန်လည်ထိုးစစ်ဆင်နိုင်မယ့် အနေအထားမျိုးတော့ မရှိနိုင်သေးဘူးလို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။

ပြီးတော့ အခုလို စခန်းစွန့်ခွာတာဟာ ရိက္ခာလမ်းကြောင်းနဲ့ လက်နက်ခဲယမ်း လမ်းကြောင်းတွေကို ရေရှည်ပိတ်ဆို့ခံမယ်ဆိုရင် စစ်ကောင်စီဘက်က အခက်တွေ့နိုင်တာလည်း ပါသလို မောတောင်နယ်စပ်လုံခြုံရေးအတွက် နယ်စပ်စခန်းမှာ အင်အားသွားရောက်ပူးပေါင်းတာလည်း ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“မောတောင်မှာ သူတို့(စကစ)အင်အား ဒီလောက်မရှိတော့ဘူး။ မော‌တောင်မြို့ရဲ့ အင်အားနဲ့လည်း ဒီလို ရေရှည်မှာ လုံခြုံရေးကို သူတို့ထိန်းနိုင်တဲ့အင်အားမရှိတော့လို့ ရှိတဲ့အင်အားတွေကို မောတောင်မြို့ဘက်ကို ပြန်ပြီးတော့ ဆွဲခေါ်တဲ့အခြေအနေရှိတယ်” လို့ ပြောပါတယ်။

တနင်္သာရီမြစ်ဘေးမှာရှိတဲ့ ကျောက်လုံးကြီးစခန်းက စစ်ကောင်စီတပ်သားတွေလည်း အခု ဇွန် ၁၅ ရက်နေ့က စခန်းစွန့်ခွာခဲ့ကြပြီး ဒီမတိုင်ခင် မေ ၁၁ ရက်နေ့က တနင်္သာရီ-ဘုတ်ပြင်းမြို့နယ်ကြားက စစ်ကောင်စီရဲ့ မဟာဗျူဟာအရအရေးပါတဲ့ ၁၀၂၀ စခန်းကုန်းကို Black Cobra Column စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ထားပါသေးတယ်။

စစ်ကောင်စီအနေနဲ့ တနင်္သာရီတိုင်းထဲက သူတို့အတွက် မဟာဗျူဟာကျတဲ့စခန်းတွေကို  ဆက်တိုက်ဆိုသလို လက်လွတ်ဆုံးရှုံးလာရပြီး အခုရက်ပိုင်းတွေမှာ စခန်း‌တချို့ ပြန်လည်ရရှိဖို့အတွက်လည်း အင်အားသုံးပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတာတွေလည်း လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013