DVB Logo
Home
ဆောင်းပါး
နိုင်ငံ့မုခ်ဦးတံခါးဝမှာ လဝက ဓားပြတိုက်နေသည်
DVB
·
June 30, 2024
နိုင်ငံ့မုခ်ဦးတံခါးဝမှာ လဝက ဓားပြတိုက်နေသည်
Donate to DVB

နိုင်ငံတနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ‌လေဆိပ်ဆိုတာ အဲဒီနိုင်ငံရဲ့ အဝင်မုဒခ်ဦးဂိတ်ဝနဲ့ တူပါတယ်။ တိုင်းသူပြည်သားတွေသာမက နိုင်ငံတကာကနေ ဝင်ထွက်သွားလာကြတဲ့ ခရီးသွားဧည့်သည်တွေ၊ နိုင်ငံခြားသံတမန်‌တွေ ဝင်ရောက်ရာ တံခါးမကြီးဖြစ်တာမို့ အဲဒီနိုင်ငံရဲ့ အဆင့်အတန်း၊ လူနေမှုစရိုက်၊ ယဉ်ကျေးမှုတွေကို ပြသမိတ်ဆက်နေတဲ့ နေရာဌာနတခု ဖြစ်ပါတယ်။

ဝင်ရောက်လာကြတဲ့ ခရီးသွားဧည့်သည်တွေ၊ နိုင်ငံခြားသံတမန်‌တွေဟာ အဲဒီနိုင်ငံရဲ့ အဝင်မုခ်ဦး ဂိတ်တံခါးမကြီးမှာ အလုပ် လုပ်ကိုင်နေကြတဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ အလေ့အထ၊ ကိုယ်ကျင့်သီလတွေနဲ့ တိုင်းပြည်ရဲ့အုပ်ချုပ်ပုံ နည်းစနစ်၊ လုပ်ထုံးလုပ်နည်းတွေ ဓနဥစ္စာ ကြွယ်ဝချမ်းသာ ဆင်းရဲကိုကြည့်ပြီး အဲဒီနိုင်ငံရဲ့ အဆင့်အတန်း၊ ယဉ်ကျေးမှုကို စတင်အကဲဖြတ်ကြပါတယ်။

စင်ကာပူနိုင်ငံက လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေ (လဝက) ဟာ နိုင်ငံအတွင်းအပြင် ဝင်ထွက်သွားလာနေကြတဲ့ ပြည်တွင်း ပြည်ပ ခရီးသည်တွေကို ပြည်ဝင် ပြည်ထွက်ခွင့် လိုအပ်ချက်တွေ ပြည့်စုံမှုရှိ၊ မရှိ ကူညီစစ်ဆေးပေးကြရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ခရီးသွား ခရီးပြန် လိုအပ်ချက်တွေကိုသာ စစ်ဆေးဆောင်ရွက်ကြရပြီး ဥပဒေဘောင်အတွင်းကနေ ကူညီနိုင်တာရှိရင် ကူညီကြရပါတယ်။ ခရီးသည်တွေဆီက ငွေတောင်းခံတာ၊ လာဘ်စားတာ လုပ်လို့မရပါဘူး။

မြန်မာနိုင်ငံက လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေ (လဝက) ကတော့ ဝင်ထွက်သွားလာကြတဲ့ ခရီးသွား အထူးသဖြင့် ပြည်ပမှာ အလုပ်လုပ်ကိုင်ကြတဲ့ နိုင်ငံသား ခရီးသွားတွေအပေါ် မလိုအပ်တဲ့ အချက်အလက်တွေ မေးမြန်း၊ နိုင်ငံကူးစာအုပ်ကို ဖင်ပြန်ခေါင်းပြန်လှန် အပြစ်ရှာပြီး ငွေကြေးတောင်းခံ လာဘ်လာဘယူကြတဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားကြပါတယ်။

ဆောင်းပါးရှင်ကိုယ်တိုင် နဝတ/နအဖ စစ်အာဏာလုဂိုဏ်း ကြီးစိုးနေတဲ့ခေတ်မှာ စင်ကာပူနိုင်ငံကနေ ခွင့်နဲ့ အိမ်ပြန်တဲ့အခါ မင်္ဂလာဒုံ နိုင်ငံတကာလေဆိပ်မှာ သူတောင်းစားလို လဝက အရာရှိတွေနဲ့ မကြာခဏ ကြုံခဲ့ရဖူးပါတယ်။ အဲဒီခေတ်ကတော့ အခု သမ္မတရူး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ခေတ်လောက် အတင့်မရဲသေးပါဘူး။ လူရိပ်လူကဲကြည့်ပြီး ကြောက်တတ်မယ်ထင်တဲ့သူ၊ ပြန်မပြောရဲဘူးထင်တဲ့သူ၊ အတွေ့အကြုံ ဗဟုသုတ အားနည်းသူတွေကိုသာ ရှာဖွေပြီး ငွေတောင်းခံ တောင်းစားတတ်ကြပါတယ်။

အဲဒီလို တောင်းစားတတ်တဲ့ လဝကတွေနဲ့ စကားများများ မပြောချင်တာမို့ နှစ်ကုန်တိုင်း ဒီဇင်ဘာလထဲ အလုပ်ကနေ ခွင့်ပြန်ရတဲ့အခါတိုင်း ပါရမယ်လို့ သူတို့သတ်မှတ်ထားတဲ့ ခွင့်စာ စတဲ့ စာရွက်စာတမ်းတွေ ပါတဲ့အပြင် ပတ်စ်ပို့ကလည်း အချက်အလက် အကုန်ပြည့်စုံအောင် ပါတဲ့ ဆောင်းပါးရှင်ကို ပခုံးပေါ်မှာ အပွင့် ၃ ပွင့်ပါတဲ့ လဝကအရာရှိက အပြစ်အနာအဆာ ရှာမတွေ့တာတောင် အစ်ကိုကြီး ညီလေးတို့ကို ခရစ္စမတ်လက်ဆောင် ပေးခဲ့ပါအုံးဆိုပြီး နိုင်ငံဝန်ထမ်းအရာရှိအဖြစ် တာဝန်ထမ်းနေသူတွေက အရှက်အကြောက်မရှိ တောင်းရမ်းပူဆာတာ မကြာခဏ ကြုံခဲ့ရပါတယ်။

အခုအခါမှာတော့ နိုင်ငံတော်ရဲ့အာဏာကို လက်နက်အားကိုးပြီး လုယက်ခဲ့တဲ့ အာဏာရူး မင်းအောင်လှိုင်တို့ စစ်ဓားပြဂိုဏ်း လက်ထက်မှာတော့ လူဝင်မှုကြီးကြပ်ရေး (လဝက) ဟာ ပိုက်ဆံ တောင်းရမ်းစားသောက်တဲ့ သူတောင်းစားအဆင့်ကနေ အများပြည်သူရှေ့မှောက် အရှက်အကြောက်မဲ့စွာ ဗြောင်အနုကြမ်းစီး ဓားပြတိုက် ငွေညှစ်တဲ့အဆင့်ကို ရောက်နေကြပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်က မြန်မာပြည်ကို ခွင့်နဲ့ အလည်ပြန်သွားခဲ့တဲ့ သန့်ရှင်းရေး အလုပ်သမားကလေး ပြောပြခဲ့တဲ့ အတွေ့အကြုံကတော့‌ အောက်ပါအတိုင်းဖြစ်ပါတယ်။ မင်္ဂလာဒုံလေဆိပ် ရောက်ပြီးတာနဲ့ ထုံးစံအတိုင်း ဆိုက်ရောက်ခန်းမထဲမှာရှိတဲ့ နိုင်ငံသားများအတွက် လူဝင်မှုကြီးကြပ်ရေး (လဝက) ကောင်တာတွေရှေ့ တန်းစီကြရပါတယ်။ ကျနော့်အလှည့်ရောက်တော့ လဝက အရာရှိက နိုင်ငံကူးပတ်စ်ပို့စာအုပ် လှန်လှောကြည့်ပြီး မင်းစာအုပ်က PV ပဲ၊ အလုပ်လုပ်လို့မရဘူး၊ ဘာညာတွေ လျှောက်ပြောပြီး နောက်ဆုံးတော့ စင်ကာပူဒေါ်လာ ၂၀ (သို့) ၃၀ ပေးခဲ့ပါဆိုပြီး ဗြောင်တောင်းပါသတဲ့။ ကျနော်က စင်ကာပူဒေါ်လာ သယ်မလာကြောင်းပြောတော့ အဲဒီ လဝကအရာရှိ ဓားပြက မြန်မာငွေ ၃၀၀၀၀ ပေးထားခဲ့လို့ ရသလောက် ညှစ်ပါသတဲ့။

အဲဒါတင်မကပါဘူး။ အဲဒီ လဝက အရာရှိဆိုးက ဓားပြတိုက်လို့ မသဒ္ဓါဘဲ ပေးတဲ့ပိုက်ဆံကို ဗြောင်ယူပြီး သူ့စားပွဲက အံဆွဲထဲ ဗြောင်ထည့်လိုက်ရုံသာမကဘဲ ပြီးရင် အပေါက်ဝက လုံခြုံရေးဓားပြတွေကို ငွေ ၁၀၀၀၀ ၊ ၂၀၀၀၀ ပေးသွားအုံးလို့ အမိန့်တော် ခြွေလိုက်ပါသေးသတဲ့။ ကိုင်း စာဖတ်ပရိသတ်ကြီးရေ၊ အစိုးရအမည်ခံ စစ်ဓားပြက အာဏာလုယူပြီး တိုင်းပြည်ကို ဇွတ်အုပ်ချုပ်နေတော့ မြန်မာပြည်သူတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံတကာလေဆိပ်မှာကို အဝင်မှာလည်း လဝက ဓားပြတိုက်ခံရ၊ အထွက်မှာလည်း လဝက ဓားပြတိုက်ခံနေကြရပါတယ်။

မိဘအိမ်မှာ တခဏတာအနားယူ ခွင့်ရက်စေ့လို့ စင်ကာပူနိုင်ငံ ပြန်ထွက်တဲ့အခါကျတော့လည်း လေဆိပ် ကတွတ်ပေါက်မှာရှိတဲ့ လဝက ဓားပြတွေက ဒေါ်လာ ၂၀ တောင်းတာမို့ သန့်ရှင်းရေးအလုပ်သမားလေးခမျာ သမ္မာအာဇီဝကျကျ ရှာဖွေထားတဲ့ သူ့ချွေးနှဲစာငွေကို ထပ်မံဓားပြတိုက်ခံရတာမို့ ဘာမှမဆိုင်ဘဲ မြန်မာငွေကျပ် ၃၀၀၀၀ ပေးခဲ့ရပြန်ပါသတဲ့။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မျက်မှောက်ခေတ် မြန်မာနိုင်ငံမှာ နိုင်ငံ့ဝန်ထမ်း၊ အစိုးရဝန်ထမ်း အားလုံးဟာ တောင်းရမ်းငွေညှစ်တဲ့ အဆင့်ကနေ လူမြင်ကွင်းမှာ ဗြောင်လုယက်ကြတဲ့ ဓားပြဝန်ထမ်းအဆင့်ကို ရောက်ရှိသွားပါပြီ။ နိုင်ငံတော်အာဏာ ၃ ရပ်ကို လက်နက်အားကိုးနဲ့ လုယက်ခဲ့ကြတဲ့ စစ်အစိုးရအမည်ခံ စစ်ဓားပြဂိုဏ်းအ‌ပေါ် သစ္စာဆက်ခံပြီး ပြည်သူလူထုအပေါ် သစ္စာ‌ဖောက်လို့ ဓားပြလက်အောက်မှာ ဆက်လက်အမှုထမ်းကြတဲ့ ဝန်ထမ်းဆိုးတွေ (Non CDM) ဟာ ခေါင်းဆောင်သူတွေ ကိုယ်တိုင်က ဓားပြဆိုတော့ သူတို့ကိုယ်တိုင်လည်း ဝန်ထမ်းဓားပြတွေအဖြစ် အသွင်ပြောင်းသွားတာ သိပ်တော့မထူးဆန်းလှပါဘူး။

သေချာတာတခုကတော့ ‌မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်ခေတ်ဘယ်အခါမှာပဲဖြစ်ဖြစ် အရပ်ထဲ ရွာထဲမှာ သူခိုး ဓားပြဆိုတာ ထင်ထင်ရှားရှား သိကြပြီဆိုရင် ကြာကြာလွှတ်မထားကြပါဘူး။ သူခိုး ဓားပြမှန်း သေချာပြီဆိုရင် ရပ်မိရပ်ဖ၊ ရွာမိရွာဖ၊ အများပြည်သူတွေရဲ့ ဝန်းဝိုင်းဖမ်းဆီး အပြစ်ပေးတာ ခံကြရပြီး ဘဝဇာတ်သိမ်းကြရတာချည်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် လဝက၊ ထွေအုပ်၊ နိုင်ငံကူးလက်မှတ်ထုတ်‌ပေး‌ရေး၊ ရဲ၊ အကျဉ်းဦးစီး၊ စသုံးလုံး၊ အကောက်ခွန်၊ အီးပီစီ၊ စည်ပင်သာယာ၊ ထောက်လှမ်းရေး၊ စစ်တပ်နဲ့ တပြည်လုံးမှာ ဆိုးသွမ်းသောင်းကျန်း‌နေဆဲ သူခိုးဂျပိုး ဝန်ထမ်းဓားပြတွေ အားလုံးဟာ တိုင်းရင်းသား ပြည်သူတရပ်လုံးက တက်ညီလက်ညီ ဝိုင်းဝန်းချေမှုန်းနေကြတာမို့ စစ်အာဏာရှင်စနစ် အဆိပ်ပင်ကြီး ပြိုလဲတာနဲ့ တပြိုင်နက်တည်းမှာ ဓားပြဘဝ မလှမပ ဇာတ်သိမ်းကြရမှာ ဖြစ်ပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013