Home
ဆောင်းပါး
မြန်မာ့သမိုင်းလမ်းဆုံ ဝင်းနိမ္မိတာရုံ
DVB
·
June 29, 2024
Photo-ဝင်းနိမ္မိတာရုံစာသင်တိုက်

စစ်အာဏာသိမ်း၊ လူသတ်ယိမ်းက

မီးရှို့ပြနေ၊ ရဟန်းတွေသတ်

မိုက်ဇာတ်ရှိန်မြှင့်၊ ဝင်းနိမ္မိတာ

ဆရာတော်ကြီး၊ ပစ်ရှင်းပြီးသော်

ကမ္ဘာပေါ်မှ၊ မြန်မာ့သမိုင်း

အရိုင်းကြမ်းပုံ၊ ဆိုးကမ်းကုန်ပြီ

လမ်းဆုံလမ်းခွ၊ ရောက်ရှိကြပေါ့

လမ်းတော့ မှန်အောင်ရွေးကြပါကုန်။ ။

အခု အခြေအနေဟာ ကမ္ဘာ့အပိုင်းမှာ မြန်မာ့သမိုင်းရဲ့ လမ်းဆုံကို ရောက်နေပါတယ်။ စစ်ရဲ့ ဆိုးကျိုး တွေကို မချိအောင်ခံစားနေကြရတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေဟာ ပန်းပန်ခွင့် မရှိတော့သလို၊ လျှပ်စစ်ဓာတ်အား မလုံလောက်တာနဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခြင်းတွေဟာ တကမ္ဘာလုံးနဲ့ အဆက်ဖြတ်တောက်ဖို့ ကြိုးစားခံနေကြရတာ ဖြစ်ပါတယ်။ ပိုက်ဆံရှိတာတောင် ဆန်ဝယ်ဖို့ ၊ ဆီဝယ်ဖို့  ခက်ခဲနေကြရတဲ့အထိ ဆိုးနေပါတယ်။ ဒါဟာ မြန်မာ့သမိုင်းမှာ ကြုံတွေ့ရတဲ့ အရက်စက်ဆုံး အကျပ်တည်းဆုံး ထွက်ပေါက်မဲ့ ကူရာကယ်ရာမဲ့ အခြေအနေပါပဲ။

ဒီအခြေအနေမှာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ သက်တော်  ၇၈ နှစ်အရွယ်မှာ သာသနာ့ တာဝန်ထမ်းဆောင်ရင်း စစ်အာဏာရှင်တွေရဲ့ သေနတ်ကျည်ကြောင့် ဘဝနတ်ထံ ပျံလွန်တော် မူခဲ့ရ ရှာပါတယ်။ “ရွှေအကြောင်း ဖယောင်းသက်သေ” ဆိုသလို ဝမ်းနည်း ကြေကွဲနေကြရတဲ့ သာမဏေ၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူ ပြည်သားတွေကို ကြည့်လိုက်ရင် ဆရာတော်ဘုရားကြီးရဲ့ ဘုန်းကံ ကြီးမားပုံတွေကို မြင်တွေ့ လာကြရမှာပါ။ စစ်အာဏာရှင်တွေရဲ့ သေနတ်ကျည်ဆန် ၇ ချက်ဟာ ဒါယကာ ဒါယိကာမ ပြည်သူ လူထုတွေရဲ့ စိတ်နှလုံး သန်းနဲ့ချီကို ပစ်သတ်ခဲ့ပါတယ်။ အမှန်က ဒီ့ထက် ဆိုးဝါးတဲ့ ယုတ်မာ ရက်စက်မှုတွေက ရှိနေကြတုန်းပါ။ ဒါကြောင့်လည်းပဲ မြန်မာပြည် ရဟန်း သံဃာတော် စစ်စစ်တွေရဲ့ သီလမှန်စွာ စောင့်သစ္စာကြောင့် နတ်များ ဗြဟ္မာတိုးလို့သာပင် စောင့်ရှောက်တော် မူလှည့်ကြပါကုန်တော့လို့သာ တလိုက်မိပါတော့တယ်။

စစ်အာဏာမှိုင်း၊ ထင်ရာစိုင်းကြောင့်

သမိုင်းတခွင်၊ အရိုင်းတွင်၏

ကျည်ဆန်ထိတာ၊ ဆရာတော်မဟုတ်

ဗုဒ္ဓသာသနာတော်ကြီးကို ဖြစ်ပါ၏။ ။

နောက်ကြောင်းကို ပြန်လှန်ကြည့်တဲ့အခါ ပျံလွန်တော်မူခဲ့ရသူ ဆရာတော်ဘုရားကြီးဟာ အဓမ္မအမှုကို အားပေးတော်မမူကြောင်း သိရပါတယ်။ အများပြည်သူ အကျိုးကိုလည်း စွမ်းစွမ်းတမံ ကိုယ်တော်တိုင် ပါဝင်ခဲ့ပါသတဲ့။ အများပြည်သူအကျိုး ပရိဟိတ ဒါနများစွာကို ရေတွက်ရ ခက်လောက်အောင် တွေ့မြင်ကြရပါတယ်။ စာပေကျမ်းပြု အစုစုကလည်း မျက်ဝါးထင်ထင် မြောက်မြားစွာ မြင်နေကြတာ ဖြစ်ပါတယ်။ ဘာအကြောင်းကြောင့် ပင်ဆိုစေ ပြည်သူ့နှလုံးကတော့ ယူကြုံးမရ အပူလုံးကြွခဲ့ပါပြီ။ အနာပေါ် အနာဆင့် ရတက်မအေးဘဲ အသက်ဘေး အနိုင်နိုင်ရုန်းရင်း တပည့်ဒါယကာ များသူငှာဟာ အပူဆုံးအချိန်ကို ရောက်ရှိနေခဲ့ရပါတယ်။ ဒီအခြေအနေကို ကျော်လွှားဖို့ မြန်မာပြည်သူတွေမှာ ခွန်အားရော ရှိပါ့မလား။ ပညာသင်ဖို့ပူရ၊ စီးပွားရှာဖို့ပူရ၊ စားဖို့ပူရ၊ နားဖို့ပူရ၊ ကုန်ကုန်ပြောရရင် အသက်ရှင်ဖို့ကိုပင် မနည်းကြိုးစားနေကြရတာပါ။ ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိဈာပနမှာ မိုးတွေရွာနေပေမယ့်လည်း များလှစွာကုန်သော တပည့်သံဃာ၊ ဒါယကာ၊ ဒါယိကာမတွေရဲ့ အပူကိုတော့ မငြိမ်းအေးနိုင်ပါဘူး။ လမ်းဘေးတလျှောက် စိုစွတ်နေတဲ့ လမ်းဘေးဝဲယာတွေမှာ ထိုင်ကာ ထိုင်ကာ နောက်ဆုံးဂါရဝ ရှိခိုးနေကြတဲ့ ပြည်သူတွေရဲ့ အပူမျိုးကိုသာ ပြုခဲ့သူ စစ်အာဏာရှင်တွေ  တဖန်ပြန်ပြီးတော့ ဝဋ်မလည်ကြပါစေနဲ့သာ ဆုတောင်းနေမိပါတော့တယ်။ တနေ့တည်း လူအယောက် ၁၀၀ ရဲ့ အသက်ဝိဉာဉ်တွေ ဆုံးရှုံး ငိုကြွေး တက်ခေါက်ခဲ့ ကြရဖူးတဲ့ ပဲခူးမြို့ကြီးကို ဘယ်အငြိုးနဲ့များ ထပ်တိုးလို့ ပိုးစိုးပက်စက် လုပ်ရက်ခဲ့တာပါလိမ့်။

"ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ"

ဆရာတော်ရဲ့ မိန့်ဆိုချက်ဟာ သမိုင်းတခွင် အရိုင်းတွင်ခဲ့ရပါပြီ။ စစ်တောင်းမြစ်ရဲ့ ရေအလျဉ်မှာ ဆရာတော်ဘုရားကြီးရဲ့ အရိုးပြာနဲ့အတူ ပြည်သူတွေရဲ့ နှလုံးသားလည်း ပါသွားခဲ့ရပါပြီ။ ကမ္ဘာတည်သရွေ့ စစ်မှန်သော သာသနာသည်သာ အဓွန့် ရှည်ပါစေ။ အခုကာလလိုမျိုး သာသနာပြုမင်းဆိုပြီး လူတွေကို ဦးရေထောင်နဲ့ချီ သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေလို့ ဘုရားမကြိုက်သူများ အမြန် ကျဆုံးပါစေ။ သာသနာ့ အာဇာနည် ဆရာတော်ကြီးကို ပစ်ခတ် သတ်ဖြတ်တဲ့ စစ်အာဏာရှင်တွေကို ခွင့်လွှတ်သည်းခံ မေ့ပစ်ဖို့ ပြောဟောတဲ့ သူတွေ နောက်ထပ် မပေါ်ပေါက်ပါစေနဲ့တော့။

ရွှေတောင်ကြီးပြို၊ သူငါငိုသည်

ရွှဲစိုမျက်ရည်၊ အံကြိတ်နေကြ

ပတ္တနိက္ကုဇ္ဇန၊ ကံဆောင်ရမည်

ကြံစည်ဆုံးဖြတ်ကြသည်တကား။ ။

နောက်ဆုံး နှုတ်ဆက်ကန်တော့ကြဖို့ ပုလ္လင်ပေါ်က ဆရာတော်က မျက်ရည်မဆည်နိုင် အသံတိမ်တိမ်နဲ့ မိန့်တော်မူချိန်မှာ ပရိတ်သတ် တပည့် ဒါယကာ ဒါယိကာမ၊ ရဟန်းတို့ရဲ့ ရှိုက်သံကို ကျယ်လောင်စွာ ကြားလိုက်ရပါတယ်။ ပဲခူးမြို့ဆီက ငိုသံ ရှိုက်သံတွေဟာ နေရာတိုင်းဆီ ပျံ့လွင့် မချိတင်ကဲ မျက်ရည်လည်ရွဲ ရွှဲရွှဲစိုနေကြပါတော့တယ်။ ကမ္ဘာတလွှားက မြန်မာပြည်သူတွေရဲ့ ရင်ဘတ်တွေကို သေနတ်ကျည်ဆန် အချက်ပေါင်းများစွာ ထိမှန်ခံနေရဆဲပါပဲ။ လောင်တိုက်တော်က မီးရှူးမီးပန်းတွေရဲ့ အသံကိုတောင်မှ နားပိတ်ထားတဲ့ တပည့်သား သံဃာတွေဟာ ဘယ်လောက်တောင် ကြားရခက်ခဲ့လို့ပါလိမ့်။ ကျမ်းပေါင်းများစွာ ပြုစုတော်မူခဲ့တဲ့ဆရာတော်ဘုရားကြီး ဘဝဆက်တိုင်း သာသနာ့အထောက်အပံ့ ဖြစ်ပါစေသား။ ပရဟိတအတွက် မတည်ပဒေသာပင် အလှူများကြောင့် ရောက်ရာဘဝမှာ ပြည့်ပြည့်စုံစုံ စံစားရပါစေသား အရှင်မြတ်ဘုရား။ မှန်သောအသိကို ဟောကြား၊ ပြသ၊ ဆုံးမ၊ လျှောက်လှမ်း ပြခဲ့သောကြောင့် ဒီကုသိုလ်အပေါင်းသည် ဆရာတော်အတွက် အေးငြိမ်းရာ နိဗ္ဗာန်ခရီးလမ်းအတွက် အထောက်အပံ့ဖြစ်ပါစေသား။

တပည့်သား ပြည်သူတွေလည်း ဆရာတော်ထားရှိတဲ့ မေတ္တာကြောင့် အေးချမ်း ပြည့်ဝကြပါစေ။ ဆရာတော်ပြသ၊  လမ်းညွှန်သင်ကြားခဲ့တဲ့အတိုင်း ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေ။ ဆရာတော်ရဲ့ ဩဝါဒမှာ ဆုံးမလွယ်သူတွေ ဖြစ်ကြပါစေ။ ဗုဒ္ဓရဲ့ ဝါဒမှာ လက်တွေ့ နားလည် ကျင့်သုံးနိုင်ကြပါစေ။ မကောင်းသောအမှုမှာ ပျော်မွေ့ခြင်း၊ အားပေး သဘောတူခြင်းမှ ရုန်းထွက်နိုင်ကြပါစေ။ ဘာသာတရားကို အပေါ်ယံမဟုတ် ခြေခြေမြစ်မြစ် နားလည်ပြီး၊ နစ်နစ်ကာကာ ယုံကြည်၊ ခိုင်ခိုင်မာမာလိုက်နာ ကျင့်သုံးတဲ့ မျိုးဆက်တွေ မွေးထုတ်နိုင်ကြပါစေ။

မကောင်းကျိုး စိတ်ဆင်းရဲမှုကို ဖြစ်စေတဲ့ လုပ်ရပ်တွေကို အမှန်တကယ်မလုပ်တဲ့ ဗုဒ္ဓဘာသာ အစစ် အမှန်များ ဖြစ်ကြပါစေ။ ဗုဒ္ဓဘာသာရဲ့ အခြေခံသီလကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံး နိုင်ကြပါစေ။ မြန်မာ့မြေမှာ ဗုဒ္ဓသာသာကို အစစ်အမှန် စောင့်ရှောက်နိုင်တဲ့ သာသနာ့ဝန်ထမ်း တပည့်ရဟန်းများစွာ ပေါ်ထွန်းနိုင်ကြပါစေ။ အင်မတန် သန့်စင်မွန်မြတ်တဲ့ ဘာသာတရားနဲ့ ဗုဒ္ဓမနှစ်မြို့တော်မူတဲ့ ရောနှော အသုံးချခံရခြင်းမှ ကင်းငြိမ်း ရုန်းထွက်နိုင်ကြပါစေ။ ကိုယ့်တာဝန်၊ ကိုယ့်ဝန်တာ ကျေပွန်တဲ့ ဘုရားသားတော်၊ နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေ။ ဆရာတော်ဘုရားကြီးအေးငြိမ်းရာကို ဧကန်အမှန် ရရှိစံစားနိုင်ပါစေ။ ဆရာတော်ဘုရားကြီး လိုလား တောင့်တ နှစ်သက်တော်မူသော အမှန်တရားကို ချစ်ခင် နှစ်သက်တဲ့ မင်းကောင်းမင်းမြတ်များ မြန်မာပြည်တွင် အုပ်ချုပ် မင်းလုပ်နိုင်ကြပါစေ။ ဒီလိုအုပ်ချုပ်နိုင်ဖို့လည်း ပြည်သူ ပြည်သား အားလုံး ညီညီညာညာ ကြိုးစားတိုက်ပွဲဝင်နိုင်ကြပါစေ။ ပြည်သူနဲ့တန်တဲ့ အစိုးရကိုသာ ပြည်သူတွေ ရရှိနိုင်ပါမည်။ ။

သန့်ကေသာ (CDM ကျောင်းဆရာမ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024