DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားများပေါ်  ခါးပိုက်နှိုက်မှု များပြားလာ 
DVB
·
June 29, 2024
YBS ဘတ်စ်ကားများပေါ်  ခါးပိုက်နှိုက်မှု များပြားလာ 
Donate to DVB

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းတွေပေါ်မှာ  အခုနှစ် ဇွန်လကစပြီး ခါးပိုက်နှိုက်မှုတွေ များပြားလာတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

ခါးပိုက်နှိုက်တဖွဲ့မှာ ၂ ဦးကနေ ၅ ဦးအထိ ပါဝင်လေ့ရှိပြီး လက်ကိုင်အိတ်နဲ့ ကျောပိုးအိတ်တွေထဲကနေ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေကို အဓိက ပစ်မှတ်ထား ခိုးယူနေကြတာ ဖြစ်ပါတယ်။

YBS လမ်းညွှန်အဖွဲ့တွေရဲ့ လူမှုကွန်ယက်က မှတ်တမ်းအရ ဇွန် ၂၄ ရက် တနေ့တည်းမှာ YBS အသီးသီးပေါ်မှာ ခါးပိုက်နှိုက်ခံရမှု ၅ ကြိမ်ထပ်မနည်း ရှိခဲ့တယ်လို့ သိရသလို ခါးပိုက်နှိုက်အုပ်စုရဲ့ ပုံစံတွေနဲ့ ဖြစ်ရပ်‌တွေကလည်း တူ‌ညီနေကြပါတယ်။

ခါးပိုက်နှိုက်ခံရသူ အမျိုးသမီးတဦးက “ ညနေ ၆ နာရီလောက် YBS 35 ကို လှည်းတန်းကနေ ထောက်ကြန့်အထိ စီးပြီးပြန်တာ။ ဖုန်းက ၂ လုံး ထည့်လာတာ။ Iphone 11 pro နဲ့ Redmi တလုံး။ အရှေ့ဘက် လွယ်ထားရင်း ကြပ်လို့ တိုးသလိုလိုနဲ့ နှိုက်သွားတာ။ ရှစ်မိုင်လောက် လူနည်းနည်းချောင်သွားတော့မှ အိတ်အခွဲခံရမှန်းသိတာ”လို့ ဆိုပါတယ်။

YBS 11 ပေါ်မှာလည်း ဇွန် ၂၃ ရက် ညနေပိုင်းက ဗဟိုလမ်းမ ရွာမကွေ့မှတ်တိုင်လောက်မှာ  ပလေကပ်ပုဆိုးအကြမ်းဝတ်ဆင်ထားတဲ့ ခါးပိုက်နှိုက် ၂ ဦးနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက အခုလို ပြောပါတယ်။

“အိတ်က အတွင်းသား ခံနေလို့ ဘာပစ္စည်းမှ မပါသွားတာပါ။ သူတို့ခွဲနေတုန်း ဆင်းမယ့်နေရာ ရောက်လို့ပါ။ နောက်တမှတ်တိုင်လောက်ဆို အကုန်ပါသွားနိုင်လောက်ပါတယ်။ ခါးပိုက်နှိုက်တွေ ကားတိုင်းမှာ ပါပါတယ်။”

YBS 130 ပေါ်မှာ ဇွန်လ ၂၄ ရက်၊  ညနေ ၅ နာရီ ၁၅ မိနစ်လောက်က အင်းစိန် ညောင်ပင်မှတ်တိုင်ကနေ လှိုင်သာယာ ၅ ထိပ်မှတ်တိုင်ကို စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တဦး အိတ်ကို ဓားနဲ့ခွဲပြီး ခါးပိုက်နှိုက်ခံခဲ့ရပါတယ်။

ရန်ကုန်က YBS တွေပေါ်မှာ  CCTV ကင်မရာ တပ်ဆင်ထားပေမဲ့ ခါးပိုက်နှိုက်ခံရတဲ့အခါ ဗီဒီယိုမှတ်တမ်းမရတာမျိုးတွေနဲ့ ကားမှာ ဖော်ပြထားတဲ့ အရေးပေါ် ဖုန်းနံပါတ်တွေကို အလွယ်တကူ ဆက်သွယ်လို့ မရကြပါဘူး။

YBS ယာဉ်မောင်းတဦးက “ သူတို့က အဖွဲ့လိုက်ပါတာ။ သူတို့ အဖွဲ့တွေမှာ တခါတလေ မိန်းကလေးတွေလည်း ပါတယ်။ အစ်ကိုတို့ တတ်နိုင်သမျှတော့ သတိပေးစာတွေ ကပ်ထားပါတယ်။ သံသယရှိတဲ့ သူတွေပါရင် လှမ်းအော်ပြီး သတိပေးတာမျိုးလောက်‌တော့ လုပ်ပါတယ်။ ကားကြီးတွေကတော့ CCTV ပါတယ်။ မီနီဘတ်စ်ကတော့ မပါဘူး။ ခရီးသည်က ဂိတ်ဘက်ကို အကူအညီတောင်းရင် ပေးလို့ရပါတယ်။ ညနေပိုင်းဆို ပိုအဖြစ်များတယ်။ နည်းနည်းနောက်ကျတာနဲ့ ထွက်တဲ့ကားက ရှားသွားရင် လူကြပ်တာပဲ။ ခရီးသည်တွေကတော့ အနှိုက်ခံရမှ သိသွားကြတာ များပါတယ်”လို့ ဆိုပါတယ်။

ခါးပိုက်အနှိုက်ခံရမှု အများဆုံး လမ်းကြောင်းတွေထဲမှာ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံ ထောက်ကြန့်၊ အလုံ- ကြည့်မြင်တိုင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်တို့ပါဝင်ပြီး ပြေးဆွဲနေတဲ့ YBS ( 35၊ 11၊ 13၊  116၊ 130၊ 19 ၊ 92၊ 57 ) စတဲ့ ယာဉ်လိုင်းတွေ ပါဝင်တာ တွေ့ရပါတယ်။

၂၀၂၃ မေလ ၂၆ ရက်က ရန်ကုန်၊ အင်းစိန်လမ်းမ YBS 99 ပေါ်မှာ ခါးပိုက်နှိုက်မှု ဖြစ်ပေါ်ခဲ့ပြီး ခါးပိုက်နှိုက် ၃ ဦးအနက် ၁ ဦးကို ယာဉ်မောင်း၊  ခရီးသည်နဲ့ ခါးပိုက်နှိုက်ခံရသူတွေက ဖမ်းဆီးခဲ့ပါတယ်။

အရပ်သားတွေ ဖမ်းမိထားတဲ့ ခါးပိုက်နှိုက်ကို မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ရဲစခန်းက လာရောက်ခေါ်ဆောင် သွားပြီး ခါးပိုက်နှိုက်ခံရတဲ့ စမတ်ဖုန်းကို ပြန်လည်ရရှိခဲ့ပါတယ်။

ခါးပိုက်နှိုက်တွေကြောင့် YBS စီးနင်းတဲ့ ခရီးသည်တွေဘေးကင်းလုံခြုံမှု မရှိတော့သလို ခါးပိုက်နှိုက်အန္တရာယ်တားဆီးရေး၊ အ‌ရေးယူဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

ခါးပိုက်နှိုက်တွေထဲက တဖွဲ့ကို စစ်ကောင်စီဘက်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်က မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ ခရေပင်လမ်းခွဲ မီးပွိုင့်မှာ တိုယိုတာ ပရိုဘောက် အဖြူရောင်တက္ကစီအပါအဝင် ရွှေလက်စွပ် ၁ ကွင်း၊ ဖုန်း ၈ လုံး၊ ကျပ်ငွေ ၈၀,၀၀၀ တို့နဲ့အတူ ဖမ်းဆီးရမိခဲ့ဖူးပေမဲ့ အကျဉ်းသားလွတ်ငြိမ်းခွင့်တွေမှာ ခိုးဆိုးလုနှိုက်အမှုတွေကိုသာ အများဆုံးပြန်လွှတ်ပေးနေတာကြောင့် ပြန်လည်ဆိုးရွားလာတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုနဲ့ ဆင်းရဲမွဲတေမှု၊ ကုန်ဈေးနှုန်းကြီးမားမှု‌ တွေကြောင့် ရန်ကုန်မှာ နေ့စဉ်ပြေးဆွဲနေတဲ့ YBS လိုင်းတွေပေါ်မှာ ခါးပိုက်နှိုက်မှုတွေ သိသိသာသာ များလာခဲ့သလို လုယက်မှုနဲ့ ဓားပြမှုတွေလည်း ဖြစ်ပွားနှုန်း မြင့်တက်လာနေခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013