Home
မြန်မာသတင်း
ကုလထုတ်ပြန်ချက်ကို စစ်ကောင်စီ ဗဟိုဘဏ် ကန့်ကွက်
DVB
·
June 28, 2024

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ ဘဏ်တွေက စစ်တပ်ကို လက်နက်ဝယ်လို့ရအောင် ကူညီပေးနေတယ်ဆိုတဲ့ အချက်အပေါ် စစ်ကောင်စီ ဗဟိုဘဏ်က ငြင်းချက်ထုတ် ကန့်ကွက်လိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာပါ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အပြည်ပြည်ဆိုင်ရာဘဏ်တွေ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်အချို့က ပါဝင်ဆောင်ရွက်နေကြောင်းနဲ့ အရေးယူပေးဖို့ တောင်းဆိုမှု‌တွေကို ရေးသားဖော်ပြချက်တွေက မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့အပြင် မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံ‌‌တွေအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေတာကြောင့် အဲဒီရေးသားချက်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှု‌တွေမှာလည်း မြန်မာနိုင်ငံသားတွေ အတွက် အဓိက မရှိမဖြစ်လိုအပ်တဲ့ အခြေခံကုန်စည်‌တွေဖြစ်တဲ့ ဆေးနဲ့ ဆေးအထောက်အကူပြုပစ္စည်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ စားသုံးဆီတွေ တင်သွင်းမှု‌တွေအတွက် ဆောင်ရွက်ခြင်း ဖြစ်‌ကြောင်းနဲ့ ဘဏ်‌တွေအနေနဲ့ အဆိုပါကုန်စည်တွေ တင်သွင်းမှုအတွက် ငွေပေးချေမှု‌ေတွ ပြုလုပ်ရာမှာ ကုန်သွယ်မှုဆိုင်ရာ သက်သေခံ စာရွက်စာတမ်း အထောက်အထား‌တွေ ရယူပြီး စိစစ်ဆောင်ရွက်ပေးနေတာဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံပိုင်ဘဏ်‌တွေ အပါအဝင် ပြည်တွင်းဘဏ်‌တွေ အားလုံးအနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ချမှတ်ထားတဲ့ ဘဏ်နဲ့ ဆက်သွယ်ဆောင်ရွက်သူတွေရဲ့ အချက်အလက်‌တွေကို သေချာစိစစ် ရယူခြင်းဆိုင်ရာ Due Diligence Procedure တွေကို တိတိကျကျ လိုက်နာဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်ဘဏ်တွေ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှုတွေကို ဆောင်ရွက်ပေးရာမှာ လိုအပ်တဲ့ အထောက်အထား‌တွေ ရယူပြီး အလေးထား စိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence - EDD) ကိုလည်း ကောင်းစွာဆောင်ရွက်နေကြောင်း ‌ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

အဲဒီလိုပဲ မြန်မာနိုင်ငံဘဏ်များအသင်းကလည်း ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်ထုတ် ငြင်းဆိုထားပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ပုဂ္ဂလိကဘဏ်တွေဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ လူအများအပြား သေကျေစေတဲ့ လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

ပစ်မှတ်ထား အရေးယူပိတ်ဆို့ခံထားရတဲ့ စာရင်းပါ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေကိုလည်း ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှုများ လုံးဝ ဆောင်ရွက်ပေးခြင်း မရှိဘူးလို့လည်း ငြင်းချက်ထုတ်ထားပါတယ်။

အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ “သေမင်းတမန်ကုန်သွယ်မှုက ဘဏ်လုပ်ငန်းတွေ” ဆိုတဲ့ အစီရင်ခံစာမှာ နိုင်ငံတကာက ဘဏ်ပေါင်း ၂၅ ဘဏ်ဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ်တွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီဘဏ်တွေထဲမှာ ထိုင်းနိုင်ငံက Siam Commercial Bank-SCB က အများဆုံးဖြစ်တယ်လို့ အစီရင်ခံစာက ဆိုထားပြီး SCB ကတော့ ငြင်းချက်ထုတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024