Home
ဆောင်းပါး
လူရာမဝင် ကြင်စိုး (သရော်စာ)
DVB
·
June 28, 2024

(က)

ရွာ့တောင်ကျောင်းကို ရောက်ရှိခဲ့ကြပြန်ပါလေ၏။ နေမကောင်းဖြစ်နေသည်ဆိုသည့် အစိမ်းဆရာတော် ဦးအစိမ်းတဘေးမှာ အစိမ်းဒကာကျော်ကြီး အဘစိမ်းမောင်ကို မြင်ကြရပါ၏။ အခုမှ သတင်းကြား၍ အဘစောမူးသာရယ် အဘလုံးတုံးရယ် ဖေကြီးရယ် ထွက်လာခဲ့ကြတာပါ ခင်ဗျ။

“ဘယ်လိုဖြစ်တာလဲ အရှင်ဘုရား . . . ဟိုဘက်ရက်ကတောင်မှ အကောင်းကြီး၊ တပည့်တော်တို့နဲ့တောင် အငြင်းအခုန်လုပ်ခဲ့သေးတာလေ”

“အိမ်း . . .”

“ပဲခူးဆရာတော်ကြီး သေနတ်နဲ့အပစ်ခံရလို့ ပျံလွန်တော်မူတဲ့နေ့ကတောင်မှ အရှင်ဘုရားနဲ့ တပည့်တော်တို့ ငြင်းခုန်ခဲ့ကြသေးတယ် မဟုတ်လား”

“ထား . . ထားလိုက်ပါတော့ မူးသာရာ”

“ဘာကို ‘ထား’ ရမှာလဲ ဘုရာ့”

“သြော် . . . အဲသည်နေ့က ငါတို့ ငြင်းခုန်ခဲ့ကြတာတွေဟာ ‘အတိတ်’ ဖြစ်သွားပြီမဟုတ်လား၊ မေ့ထားလိုက်ကြရအောင်”

“ခင်ဗျာ . . .”

အဲသည်နေ့က စိမ်းသရဖူစိမ်းဆရာတော်နှင့် စိမ်းဆိုမှစိမ်း ဒကာကျော် အဘစိမ်းမောင်တို့မှာ ကြင်စိုး သာဝ မအလ၏ မုသာဝါဒကိုယ်စားလှယ်တော်ကြီး ဇော်မဲလုံးနှင့် ေဘာမတသိုက်၏ “ပဲခူးဆရာတော်ကြီးရဲ့ကားကို အကြမ်းဖက် PDF တွေ ပစ်ခတ်လို့ ဆရာတော်ကြီး ပျံလွန်တော်မူသွားတာ ဖြစ်ပါတယ်” အပြောဟာ အမှန်ဖြစ်ကြောင်းနဲ့ အဲသည် ဘာသာ သာသနာကို ဒီလောက်စော်ကားနေတဲ့သူတွေကို ငဲ့ညှာနေစရာမလိုဘဲ အပြတ်ချေမှုန်းရမယ်ဟု ဇာတိမာန်တက်ကြွစွာ ပြောခဲ့တာပေါ့ ခင်ဗျာ။

“အဲသည်နေ့ကပဲ တပည့်တော်တို့က “ဒါဟာ ကြင်စိုး သာဝ မအလရဲ့ လက်ပါးစေ ဖက်ဆစ်တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်” လို့ အတိအကျ ပြောပြခဲ့တာလေ၊ အဲဒါကို လုံးဝ မဟုတ်ဘူးချည်း ငြင်းခဲ့တာ ဘယ်သူတွေလဲ”

“အဲ . . . အင်း . . . ပြီးခဲ့တာတွေ ထားလိုက်ပါတော့ကွာ၊ မေ့လိုက်ကြပါတော့ကွာ”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

“ဘာ . . . ဘာကို ရယ်ကြတာတုန်းဟ”

“ကိုယ်တော့်အပြောက ကိုယ်တော်တို့ သိပ်ကြည်ညိုနေတဲ့ ဟိုဆရာတော်ကြီးရဲ့ လေသံအတိုင်း ဖြစ်နေလို့ပါ ဘုရာ့”

“ဟေ . . .”

“မေ့ဖျောက်ပစ်ရမတဲ့၊ ရက်ရက်စက်စက် ပိုးစိုးပက်စက် လုပ်ရက်ခဲ့တဲ့သူတွေကိုလည်း ခွင့်လွှတ်ကြရမတဲ့”

“ဟမ် . . .”

“အရင်ကတည်းက မအလရဲ့ အတိုင်ပင်ခံ အကြံပေး မင်းဆရာတော် လုပ်နေသူဟာ အခုလိုမျိုး အမှားပေါ် အမှားဆင့်လာတဲ့အခါ ပြည်သူလူထုဟာ မခံနိုင်ကြတော့ဘူး ဘုရား”

“ဒီ . . . ဒီတော့ . . . . .”

“ဒီတော့ကာ . . . ဖွတ်ကြားမင်းကြောင် ဂျပုကောင်ကော သူ့ဆရာပါ အခြေအနေ မကောင်းတော့ဘူး ဘုရာ့”

“ဒါ . . . ဒါဆို . . . . .”

“မကြာခင်မှာ ဆရာတော်နဲ့ ဒကာကျော် လက်ချင်းချိတ် ခြေထောက်ချင်းပူးချည်ပြီး သုံးချောင်းထောက် မာရသွန်ပြေးပွဲကြီး ဆင်နွှဲကြရတော့မှာပါ ဘုရား”

“ဟား ဟား ဟား ဟား ဟား ဟား ဟား”

(ခ)

ခန့်မှန်းကြည့်ရသလောက် ဆရာတော် ဦးအစိမ်းတ ရုတ်တရက်ကြီး နေထိုင်မကောင်း ဖြစ်ခဲ့သည်မှာလည်း ထိုကိစ္စတွေနှင့် ဆက်စပ်နေမှာဟု ယူဆကြပါ၏။

“အဲသည်နေ့က ကားသမားရဲ့ အင်တာဗျူးကို သတင်းလိမ်တွေချည်း လွှင့်ထုတ်နေတဲ့ မြဝတီမှာပြလို့ ဒီကျောင်းမှာပဲ တပည့်တော်တို့ အတူတူကြည့်ခဲ့ကြတာလေ”

“အေး . . . အေး . . .”

“အဲသည်ယာဉ်မောင်းရဲ့ အမူအရာနဲ့ ေပြာပုံဆိုပေါက်တွေဟာ တခုခု လွဲချော်ေနပြီး အမှန်တရားကို ဖုံးအုပ်ထားတယ်ဆိုတာကို ကြည့်တဲ့လူတိုင်း ခန့်မှန်းမိခဲ့တယ်”

“အဲ . . . . .”

“သူ့နှုတ်က ထွက်ကျလာတဲ့ဟာတွေဟာ ကြက်တူရွေးတကောင်ကို လက်တမ်းနှုတ်တိုက် ကမန်းကတန်း သင်ပေးထားတဲ့ စကားလုံးနဲ့ ဝါကျတွေလို ဖြစ်နေတယ်”

“. . . . .”

“‘PDF တွေသတ်တာ၊ အကြမ်းဖက်သမားတွေသတ်တာ၊ လူမဆန်တဲ့ကောင်ေတွသတ်တာ’ လို့ ဒင်းတို့က တဖွဖွပြောခဲ့တာကို ကိုယ်တော်တို့ စိမ်းမောင်တို့ကလည်း အဲသည်အတိုင်းပဲ ထပ်တူထပ်မျှ လိုက်ပြောခဲ့ကြတယ်”

“တော် . . . တော်ပါတော့ လုံးတုံးရယ်”

တောင်ကျောင်းကိုယ်တော်ကား ဤအကြောင်းအရာကို ဆက်၍ပြောစေလိုဟန်မတူ။ အဘစောမူးသာတို့က ဆက်ကြပါ၏။

“အဲသည်ကားပေါ်မှာ ပါသွားသူသုံးဦးထဲက ပဲခူးဆရာတော် ပျံလွန်တော်မူပြီး ကန်သုံးဆင့်ဆရာတော် ခလုတ်မထိ ဆူးမငြိခဲ့တာ ကံအရမ်းကောင်းသွားတယ်”

“အိမ်း . . . ဟုတ်တယ်ကွ”

“အဲသည် မျက်မြင်သက်သေဆရာတော်ဟာ သီလ သမာဓိနဲ့ ပြည့်စုံပြီး ရဟန်းသံဃာတွေ လုံးဝ မကျိုးမပေါက်အောင် စောင့်ထိန်းရတဲ့ ‘မုသာဝါဒါ’ ကိုလည်း အသက်နဲ့လဲ ကာကွယ်လို့ မအလတပ်ကကောင်တွေ ဘယ်လိုပစ်တာ ဘယ်လိုသတ်တာ ဆိုတာကို အမှန်အတိုင်းပြောပြလို့ မအလကောင်တွေ ငြင်းမရတော့တာ”

“အဲ . . .”

“အမှန်တရားကို ဖွင့်အံပြောရဲတဲ့ အဲသည်ဆရာတော်ရဲ့ သတ္တိကတော့ လေးစားစရာဖြစ်ပေမဲ့ သူ့ရဲ့အသက်အန္တရာယ် လုံခြုံရေးကိုတော့ သတိကြီးကြီးထားသင့်တယ်လို့ ယူဆမိတယ် ဘုရာ့”

“အင်း . . . .”

“အဲသည်ဆရာတော်နေရာမှာ ကိုယ်ေတာ်ဆိုရင်ကော အဲသလို အမှန်အတိုင်း ချပြရဲမှာလား၊ မအလတွေစိတ်ကြိုက် လိုက်ပြောပေးမှာလား”

“ဟှူး . . . . . . . .”

တောင်ကျောင်းကိုယ်တော်ကား သက်ပြင်းမောကြီးကို ချနေပါလေပြီတကား။ ဘာပဲဖြစ်ဖြစ် ဒီတခါတော့ ကြင်စိုး သာဝ မအလ၏ အလိမ်အညာတွေနှင့် သူ၏ဆရာတဆူ ဂူဂူတို့၏ ထပ်ဆင့်အမှားများကို ဦးအစိမ်းတနှင့် အဘစိမ်းမောင်တို့ လက်တွေ့ကျကျ ငြင်းမရအောင် မျက်ဝါးထင်ထင် မြင်ခဲ့ရပြီ ဖြစ်ပါလေ၏။

“အခုလိုမျိုး ချဉ်ဖတ်အိုးထဲ လက်ချင်းတွဲပြီး ခုန်ချသွားတာကတော့ အားရစရာကြီးပါဗျား”

“ဟားဟား ဟားဟား ဟားဟား”

(ဂ)

အခုဆိုရင် မြန်ပြည်တဝန်းက သံဃာတော်တွေဟာ ကြင်စိုး သာဝ မအလရဲ့ ဖက်ဆစ်အကြမ်းဖက် တရားမဝင်အစိုးရကို အဆက်အဆံ မလုပ်တော့ဘူးဆိုတဲ့ ‘ပတ္တနိက္ကုဇ္ဇန’ ကံဆောင်သပိတ်မှောက်ခြင်းကို ပြုလုပ်တော်မူနေကြပြီဟု သိရှိရပါ၏။

“အဲဒီ ‘ပတ္တနိက္ကုဇ္ဇန’ ရဲ့ အဓိပ္ပာယ်က ဘယ်လိုပါလဲ ဘုရာ့”

“အဲ . . . ဟို . . . ဒီ . . . ဒီလိုကွာ”

“တိတိကျကျလေး သိချင်လို့ပါ ဘုရာ့”

“အဲသည် ‘ပတ္တနိက္ကုဇ္ဇန’ ဆိုတာက သာသနာတော်ကို စော်ကားတဲ့ မင်းဆိုးမင်းညစ်တွေကို အဆက်အဆံမလုပ်တော့တာကွာ”

“သဘောကတော့ အကြမ်းဖက်တဲ့၊ အကျင့်မကောင်းတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့၊ ယုတ်မာလွန်းလှတဲ့၊ လူမဆန်တဲ့၊ စိတ်ထားညစ်ထေးတဲ့၊ လူသတ်ကောင်တွေကို လူရာမသွင်းတော့တာပေါ့နော်”

“အဲ . . . ဟို . . . ဟိုကွာ”

“သံဃာတော်တွေရဲ့ အဲသည် ‘ပတ္တနိက္ကုဇ္ဇန’ ကံဆောင်တယ်ဆိုတာကို တပည့်ေတာ်တို့ နားလည်သွားပါပြီ ဘုရာ့၊ နဂိုကတည်းက အာဏာသိမ်းပြီးကတည်းက အခုအချိန်အထိ ဘယ်နိုင်ငံကမှ မအလတွေကို ‘အစိုးရ’ တရပ်အဖြစ် အသိအမှတ်မပြုခဲ့ဘူး”

“အဲ . . .”

“ကြင်စိုး သာဝ မအလနဲ့ လက်တဆုပ်စာ လူရမ်းကားအုပ်စုဟာ ခုထက်ထိ လူရာမဝင်ဘူး”

“အမ် . . .”

“အခုတခါ ထပ်ပြီး ဆရာတော် သံဃာတော်တွေရဲ့ အဆက်အဆံမလုပ် လူရာမသွင်းတာကို ထပ်ဆင့်ခံရပြန်ပြီဆိုတော့ ဒီမအေရိုးတွေ ဘာဆက်လုပ်မလဲ”

“အဲ . . . . .”

“အခုဆိုရင် အရပ်မျက်နှာအသီးသီးမှာ တော်လှန်ရေးတပ်တွေက နယ်မြေတွေကိုသိမ်းပိုက်ပြီး အထိုင်ချနေပြီ လုံးတုံးရ”

“ဟုတ်တယ်မူးသာရေ . . . ဒီမသာ ကြင်စိုး သာဝ မအလရဲ့ လက်ပါးစေ ဖက်ဆစ်တပ်သားတွေဟာလည်း များမကြာခင် ကုန်တော့မှာ ပြောင်တော့မှာဟ”

“အေးကွ . . . ပြည်သူတွေက တော်လှန်ရေးတပ်တွေကို ‘အောင်ပါစေ’ လို့ ဆုေတာင်းပေးပြီး မအလတပ်တွေကိုတော့ ‘‌ေပြာင်ပါစေ’ လို့ ပေါ်တင်ဆုတောင်းနေကြတာ”

အဘစောမူးသာ၏ မျက်နှာကြီးမှာ အားပါးတရ အပြုံးကြီးဖြင့် ပြည့်ဖောင်းလာပါ၏။ သူ၏နှုတ်ခမ်းမှာလည်း ခပ်လှုပ်လှုပ်ဖြင့် တခုခုကို ရွတ်နေသလိုပါ ခင်ဗျ။ ခဏနေတော့ “ရွှေမန်းတင်မောင်ရဲ့ ‘အောင်ပါစေ’ အလိုက်နဲ့ ‘ပြောင်ပါစေ’ ဆိုတဲ့ တေးတပုဒ်ကို ရွေးထုတ် သီဆိုလိုက်ချင်သကွာ” ဟု ဆိုလာပါလေရာ အဘလုံးတုံးက “ကြားပါရစေလား ဇာတ်ဆရာရေ့” ဟု ပို့ပေးလိုက်ပြီးနောက် ဤသို့ ကြားကြရပါလေတော့သတည်း။

“ ‌‌ပြောင် ပါ စေ . . .

လေ ဂျ ပု အခက်ဝေ

သေ လု ရတက်ပွေ

ဝေဟင် ဒရုန်းမောင်းလို့

ထောင်း ထု ကာ နေ

မြန်မာပြည် အမှီပြုတဲ့

လူထုအားလုံး တက်ညီလက်ညီလေ”

“အောင်ပါစေသား

ပြောင်စေသားဟေ့ . . .”

“မြန်မာနိုင်ငံတော်ဝယ်

ဘဏ်၊ သူဋ္ဌေး၊ ကုန်သည်၊

ဆီစက်ပိုင်၊ ဒေါ်လာသမား၊

ဆင်းရဲသား မကျန်လေ

ထိုအကောင်လေ  ဂျ ပု

ထု ကြ လေ

အောင်ပါစေ”

“ကိုမူးသာရဲ့ စေတနာမေတ္တာတွေ

ဝေဖြာလှစ်ကာ ခြွေ. . . ဟေ

မြန်ပြည်တိုင်းဘောင် 

ကြံစည်တိုင်း ပြောင်ပါစေ”

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024