
(က)
တောင်ကျောင်းရေနွေးကြမ်းဝိုင်းမှာ စကားကောင်းနေကြပါ၏။ ‘ငလျင်’ အကြောင်းကား ထိပ်ဆုံးမှပါလေရာ ငလျင်တွေ ဘာကြောင့်လှုပ်သနည်းကို ရှေးရိုးအစဉ်အလာနည်းနှင့်ကော ခေတ်ပေါ်သိပ္ပံနည်းနှင့်ပါ စိတ်ဖြာနေကြပါ၏။
“ကမ္ဘာမြေအောက်က ကျောက်လွှာချပ်ကြီးတွေ၊ ပြတ်ရွေ့ကြောကြီးတွေရဲ့ တွန်းထိုးရုန်းကန်မှုတွေဟာ ငလျင်တွေကို ဖြစ်ပေါ်လာစေတာပဲ စိမ်းမောင်ရ”
“ဒါကတော့ သိပ္ပံသဘောတရားအရပေါ့ မူးသာရာ”
“ဒါဆိုရင်လည်း မင်းရဲ့ ဝိဇ္ဇာအမြင်လေးကို မျှဝေပါဦး စိမ်းမောင်ရေ”
“အေးကွ . . . ဟိုးရှေးတုန်းကလည်း အခုလိုပဲ တော်လဲသံတွေ ငလျင်တွေ ပေါ်ပေါက်ခဲ့တာ ပဲလေကွာ”
“ဘယ်လိုအကြောင်းကြောင့် ပေါ်ပေါက်ခဲ့တာတဲ့လဲ စိမ်းမောင်”
“ခေတ်ကာလအခြေအနေအရ မြေကမ္ဘာက အချက်ပေးတဲ့သဘောပေါ့ကွာ”
“ဘယ်လို အချက်ပေးတာတုန်းဟ”
“‘မင်းလောင်း’ ပေါ်ပြီလို့ အချက်ပေးတာ၊ အသိပေးတာမျိုးပေါ့ လုံးတုံးရ”
“ဒါဆိုရင် အခု ‘ငလျင်’ ကကော ‘မင်းလောင်း’ ပေါ်ပြီလို့ အသိပေးတဲ့သဘောပဲလား”
“အဲ . . . အဲသည်လို . . . ဟို ဟို”
“‘မင်းကောင်းမင်းလောင်း’ ပေါ်နေပြီလို့ အချက်ပေးတဲ့သဘောပေါ့၊ ဟုတ်လား”
“အဲ . . .”
“‘မင်းကောင်းမင်းလောင်း’ ပေါ်တော့မယ်ဆိုတော့ အခု ‘အလောင်းစီသူမင်းတြားကြီး’ ကြင်စိုး သာဝ မအလက ‘မင်းဆိုး မင်းညစ်’ မင်းအယုတ်တမာ မင်းကလေကဝ မင်းကြောင်မင်းရူး မင်းဘီလူး မင်းမိစ္ဆာကြီးပေါ့နော်”
“ဟမ် . . .”
“ဟားဟား ဟားဟား ဟားဟား”
စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကား သူ့စကားစနှင့်သူ ချောင်ပိတ်မိနေလေကာ တင်းနေပါလေ၏။ အဘစောမူးသာက စကားဆက်လာ၏။
“ငါသုံးသပ်ကြည့်ရတာတော့ အခုငလျင်ဟာ ‘မင်းလောင်း’ မင်းကောင်း ပေါ်ထွက်တော့မယ်လို့ အချက်ပေးတာထက် ပိုတယ်ကွ”
“ရှင်းပြပါအုံး ပညာယှိ ပရောဟိတ်ဆြာ နေပြည်တော်မူးသာ ခင်ဗျား”
“အိမ်း . . . အခုငလျင်ဟာ ပလ္လင်ပေါ်ကို ခွေးတိုးပေါက်က တက်ခဲ့တဲ့ ‘မင်းဆိုးမင်းညစ်’ ခွေးလထစ် ဘုရင်ရူးကို ပြုတ်ကျအောင် ‘ခါချ’ တာလို့ တွက်ဆမိပါသဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ခ)
အဘစိမ်းမောင့် ရွှေမျက်နှာတော်ကား မည်းမှောင်လာကာ နှုတ်မှလည်း ‘ရီးပဲ’ ဟု တိုးတိုး ရွတ်နေပါလေ၏။ ပြီးတော့ ဘယ်နည်းဘယ်ပုံ ပြန်လည်ချေပရမလဲ ဆိုတာကို အပူတပြင်း စဉ်းစားနေပုံရပါ၏။ ခဏနေတော့ စကားစ၏။
“မင်းတို့ပြောသလို ‘မင်းဆိုးမင်းညစ်’ ကို ခါချတယ်ဆိုရင်လည်း သူ့တနေရာတည်း ကွက်လှုပ်ပေါ့ဟ၊ ရီးတဲ့မှပဲ”
“အဲ . . . စိမ်းမောင်ကလည်း အလာကြီးပါပဲလားဟ၊ မအလကို နတ်ရွာစံစေ့ချင်နေတာ”
“အာ . . . ငါက သဘောကို ပြောတာပါ”
“အေးပါစိမ်းမောင်ရာ၊ ဒါပေမယ်လို့ ငလျင်ရဲ့ သဘောတရားအရ မင်းညစ်မင်းဆိုး မင်းသူခိုး မင်းယုတ်မာကို ခါချပေမဲ့လည်း သူနဲ့ သူ့ဝန်းကျင် အနီးအနားကလူတွေ အဖျားခတ်ခံရတာ ဓမ္မတာပဲလေ”
“ဟေ . . .”
“အခု မဆိုင်တဲ့ပြည်သူတွေ ထိတယ်ဆိုတာ အဲသည်သဘောတရားပဲ”
“အဲ . . .”
“အခုဆို မအလတို့မိသားစုဟာ နေပြည်တော်မှာ မနေရဲတော့လို့ ရန်ကုန်က လျှို့ဝှက်အိမ်တော်မှာ ပြောင်းနေပြီး တချိန်လုံး ထိတ်လန့်တုန်လှုပ်နေကြတယ်လို့ သိရတယ် လုံးတုံးရ”
“ဟုတ်လားမူးသာ၊ အဲဒါကြောင့် သူတို့မိသားစု နင်းတဲ့မြေ နေတဲ့နေရာဒေသက ပြည်သူလူထုအတွက် အထူးစိုးရိမ်စရာ အခြေအနေပဲ”
“အဲ . . .”
“မအလနဲ့ အပေါင်းပါ ဖက်ဆစ်မိသားစုတွေကို မြေကြီးက ထမ်းမထားချင်တော့လို့ ‘မြေမျို’ ချင်နေတာ ဖြစ်တဲ့အတွက် သူတို့အစု ဘယ်သွားသွား ဘယ်နေနေ လိုက်လှုပ်နေမှာပဲဆိုတော့ကာ ပြည်သူလူထုအနေနဲ့ သတိကြီးကြီးထားဖို့ပဲ”
“အဲ . . .”
“အခုအချိန်ဟာ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဟောတဲ့ ‘ကာလဝိပတ္တိ’ ကာလပဲကွ”
“အဲသည် ‘ကာလဝိပတ္တိကာလ’ ဆိုတာ ဘယ်လိုမျိုးလဲ အဘ”
“မင်းဆိုး မင်းညစ် မင်းယုတ် ခေါင်းဆောင်အညံ့စားတွေ တိုင်းပြည်ကို ဦးဆောင်အုပ်စိုးနေတဲ့ ကာလကို ‘ကာလဝိပတ္တိ’ လို့ ခေါ်တာကွ”
“ဟုတ်ကဲ့ အဘ”
“တိုင်းပြည်ပျက်တဲ့အခါ၊ ကိုယ့်တိုင်းပြည်မှာ စစ်မက်ဖြစ်နေတဲ့အခါတွေကိုလည်း ကာလဝိပတ္တိလို့ ခေါ်သတဲ့ကွ”
“အခု ဘုရင်ရူးမအလ အုပ်စိုးနေချိန်လိုပေါ့”
“အေး၊ ဒီလို ကာလဝိပတ္တိ ကြုံရတဲ့အချိန်မျိုးမှာ ရှေးကပါလာခဲ့တဲ့ အကုသိုလ်ကံတွေဟာ အခွင့်သာလာကြတယ် တဲ့”
“ဟုတ်ကဲ့”
“လူတွေဟာ ဆင်းရဲ ပြတ်သတ်ပြီး ငတ်မွတ်ကြရတယ်။ ကုသိုလ်ကံကြီးမားသူတွေတောင်မှ ဒီကုသိုလ်ကံ အခွင့်မရဘဲ ရှိသမျှအကုသိုလ်ကံတွေရဲ့ ဒဏ်ကို ခံကြရတာကြောင့် ပြေးရလွှားရ၊ ပုန်းရရှိုးရ၊ စားချင်တာမစားရ၊ ချစ်ခင်သူတွေနဲ့ကွဲရ၊ တချို့ မသေနိုင်တဲ့ သာမန်ရောဂါကလေးအတွက် သင့်တော်တဲ့ဆေးတို့၊ ကုသပေးမယ့်ဆရာတို့ မရတဲ့အတွက်ကြောင့် ဒုက္ခရောက်ပြီး သေဆုံးတဲ့အထိ ကြုံကြရတယ် တဲ့”
“ဒါဆိုရင်တော့ စိမ်းမောင်တို့ တပ်ပြုတ်ကြီးဟာ ‘ကာလဝိပတ္တိ သွားရည်စီသူ ပီဘိလုဓားပြ ကြင်စိုး သာဝ မအလ’ အမည်တွင်သွားပြီပေါ့ဗျား”
“ဟားဟား ဟားဟား ဟားဟား”
(ဂ)
“ဂေါတမဘုရားရှင်လက်ထက်က ‘လောသက တိဿ ဇာတ်တော်’ ကို သတိရမိသကွာ”
“ပြောပြပါလားအဘ”
“ဒီလိုကွ . . .”
ဂေါတမဘုရားလက်ထက် ကောသလတိုင်းက အိမ်ခြေတထောင်ရှိတဲ့ ရွာကြီးမှာ ငရဲကပြန်တက်လာသူ တဦးဟာ လူအဖြစ် သန္ဓေပြန်ယူလာတယ်တဲ့။ သူ့ကို သူ့မိခင် ကိုယ်ဝန်စတည်တဲ့အချိန်ကစပြီး အဲဒီရွာကြီးက တံငါသည်တွေဟာ ဒုက္ခတွေ ရောက်ကြရတယ်တဲ့။ ငါးတကောင်မှကို ရှာလို့မရကြတော့ဘူး။ အဲဒီတော့ ရွာထဲမှာ ‘လူယုတ်မာ’ ရှိနေလို့ ဒီလိုဖြစ်တယ်ဆိုပြီး ရွာကို တဝက်စီပိုင်းပြီး ငါးရှာကြတယ်တဲ့။ အခြားတဘက်မှာ ငါးရှာလို့ရပြီး သူပါတဲ့ဘက်မှာတော့ ငါးတကောင်မှ မရကြဘူးတဲ့။ ဒီလိုနဲ့ မရတဲ့ဘက်ကို ထပ်ပြီးပိုင်းကာ ငါးရှာစေတဲ့အခါ နောက်ဆုံးတော့ သူ့ကို ကိုယ်ဝန်ဆောင်ထားတဲ့ မိသားစုကို သွားတွေ့တယ်တဲ့။ ဒီတော့ အဲဒီမိသားစုကို ရွာထဲကနေ မောင်းထုတ်လိုက်တော့မှ တရွာလုံး အဆင်ပြေပြီး ငါးတွေရှာလို့ရသွားတော့တယ်တဲ့။
“စိတ်ဝင်စားစရာပါပဲ အဘရာ”
မိဘလုပ်သူတွေလည်း ကလေးကို ခဲရာခဲဆစ် မွးဖွားခဲ့ကြရတယ်တဲ့။ ဒီကလေးရဲ့ အကျိုးပေးကြောင့် သူတို့လည်း စားရမဲ့ သောက်ရမဲ့ဘဝကို ရောက်ပြီး နောက်ဆုံးတော့ တောင်းစားရတဲ့ဘဝကို ရောက်ခဲ့ရတယ်။ တောင်းစားတယ်ဆိုတာတောင်မှ ကလေးကို မိခင်က ချီပြီးသွားရင် မိခင်ဟာ ဘာမှတောင်းလို့မရဘူး၊ ဖခင်လုပ်သူပဲ တောင်းလို့ရတယ်။ ဖခင်က ကလေးကိုချီသွားပြန်ရင်လည်း ဖခင်က တောင်းလို့မရဘဲ မိခင်ကပဲ ရတယ်။ ကြာလာတော့ မိဘနှစ်ပါးလည်း ကလေးရဲ့ အကုသိုလ်အရှိန်ဟပ်တာ မခံနိုင်တော့တဲ့အဆုံး ဒီကလေးကို ပစ်ထားလိုက်ရတော့တယ်တဲ့။
“ကြီးလိုက်တဲ့ ဒုက္ခ”
ဒီကလေးကို အရှင်သာရိပုတ္တရာက တွေ့ရှိပြီးတော့ ကယ်တင်တဲ့အနေနဲ့ ကိုရင်ဝတ်ပေးလိုက်ပြီး ရဟန်းဘဝတိုင်အထိ ရောက်ရှိသွားခဲ့တယ်တဲ့။
ရဟန်းအမည်က လောသကတိဿ မထေရ် တဲ့။
ဆွမ်းခံကြွတဲ့အခါ လောင်းမယ့်သူ တယောက်မှကို မရှိဘူးတဲ့။ ရှင်သာရိပုတ္တရာ အရှင်မြတ်ကြီးတောင် ဒီကိုယ်တော်နဲ့ ဆွမ်းခံကြွရင် ဆွမ်းလုံးဝမရဘူး။
‘အကုသိုလ်အရှိန်’ ဟပ်တဲ့ဒဏ် ခံရရှာတာတဲ့။
“အင်း . . .”
လောသကတိဿ မထေရ်ဟာ ကဿဖဘုရားရှင် လက်ထက်က ဝိပဿနာကျင့်ကြံဖူးခဲ့တဲ့ အကျိုးဆက်ကြောင့် ပရိနိဗ္ဗာန်ဝင်တော့မယ် ဆိုတာကို သိတဲ့ အရှင်သာရိပုတ္တရာက နောက်ဆုံးမှာ သူကိုယ်တိုင် ဆွမ်းခံပြီး ကျွေးခဲ့ရတယ်တဲ့။
“ကြောက်စရာပါလား”
လူတွေရဲ့ မနာလိုဝန်တိုစိတ်တွေဟာ အရှိန်ပြင်းလွန်းတော့ ဘေးသူတွေပါ အဟပ်ခံရပါသတဲ့။ သာမန် တံငါရွာလေးက သာမန် တံငါသည်မိသားစုကလေးမှာ လူဝင်စားအဖြစ် သန္ဓေခရုံနဲ့ အိမ်ခြေတထောင်လုံး ငါးရှာမရ ဖြစ်ရတယ်။ အဂ္ဂသာဝက ရှင်သာရိပုတ္တရာကိုယ်တော်ကြီးတောင်မှ သူနဲ့ပတ်သက်ခဲ့လို့ ဆွမ်းမရခဲ့ဘူး။
“သူက ဘယ်လိုကြောင့် ဒီလိုဖြစ်ရတာလဲ”
ကဿဖ ဘုရားရှင်လက်ထက်က ရဟန်းတပါးက နှစ်ပေါင်း နှစ်သောင်းကြာအောင် ဝိပဿနာ တရားအားထုတ်နေခဲ့တယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေတော့ မရသေးတဲ့ သာမန်ရဟန်းတပါးအဆင့်ပဲ ရှိသေးတယ်။ တနေ့မှာ သူ့ကျောင်းသင်္ခမ်းကို အာဂန္တုသံဃာတွေ ကြွလာပြီး တရက်တည သီတင်းသုံးတယ်တဲ့။ အဲဒီအချိန်မှာပဲ ဒါယကာတဦးက ကျောင်းရှိ သံဃာကုန် အရုဏ်ဆွမ်းပင့်တော့ ဆွမ်းစားကြွချိန်မှာ အာဂန္တုသံဃာတွေကို ဆွမ်းမစားစေလိုတဲ့ မနာလိုစိတ်နဲ့ ဆွမ်းစားတုံးမောင်းကို ‘သမန်းမြက်’ နဲ့ထိုးပြီး နှိုးတယ်တဲ့။ ဘာသံမှမထွက်တော့ ဘယ်ရဟန်းမှမနှိုးဘဲ အလှူအိမ်ကို တပါးတည်းကြွပြီး ဆွမ်းဘုန်းပါသတဲ့။
အိမ်ရှင်က မလိုက်ဖြစ်တဲ့ သံဃာတွေအတွက် လောင်းလှူလိုက်တဲ့ ဆွမ်းတွေကိုလည်း မကပ်လှူဘဲ သွန်ပစ်လိုက်ပြန်တယ်တဲ့။ အဲဒီလို ကြွလာတဲ့ သံဃာတော်အရှင်မြတ်တွေအပေါ် ဝန်တိုမစ္ဆရိယတွေ ထားမိခဲ့တဲ့အပြစ်ကြောင့် ငရဲမှာ နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီး ဂေါတမဘုရားရှင်လက်ထက် တံငါရွာမှာ လူပြန်ဖြစ်ပြီး ဒုက္ခတွေတသီကြီး ကြုံတွေ့ခံစားခဲ့ရတာပါတဲ့။
“မအလကြီးနဲ့ တပုံစံတည်းပါလား”
“အေးကွ၊ တထပ်တည်းပဲ”
“အခုလည်း နိုင်ငံတကာက ငလျင်ဘေးဒုက္ခသည်တွေအတွက် လှူထားတဲ့ပစ္စည်းတွေကို ဒင်းက ဒုက္ခသည်တွေကို မပေးဝေဘဲ နေပြည်တော်မှာ စုပုံသိမ်းဆည်း သော့ခတ်ထားတာကြောင့် အတော့်ကို ပျက်စီးကုန်ပြီလို့ သိရတယ်ကွ”
“အင်း . . . မအလ . . . မအလ”
“ဒီကောင်ကြီးလည်း သေရင် ငရဲကျမှာပဲ”
“ဒီ မအလကြီးက သေမှ ငရဲကျမှာ မဟုတ်ဘူး၊ အခုလည်း အရှင်လတ်လတ်ကြီး ငရဲကျနေတာပဲဟာကို”
“ဘယ်လို ဘယ်လို”
“သူ့သောက်ခွက်ကြီး ကြည့်ပါလားဟ၊ တဖြည်းဖြည်းနဲ့ ပွပွလာလိုက်တာများ ငရဲဆီနဲ့ကြော်ထားတဲ့ အတိုင်းပါပဲဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ဖေကြီး(လေရှီး)